စာရေးဆရာကြီး ဒဂုန်တာရာပြောတဲ့ ကြည်အေးအကြောင်း ...


 “ကြည်အေးတွင် မည်သူမျှ တုပ၍ မရနိုင်သော စာရေးမှု အရည်အချင်းများ ရှိသည် …”

- ဒဂုန်တာရာ -
 
ကြည်အေးကို တာရာမဂ္ဂဇင်း၏ စာပေမွေ့သူ ပရိသတ်ကသာ သိရှိကြပေသည်။ သူမသည် အခြား မဂ္ဂဇင်းများတွင် မရေးပေ။ လွန်ခဲ့သော သုံးလေးလက တာရာကို နယ်အခြေအနေကြောင့် ခေတ္တဆိုင်းငံ့ထားစဉ်၊ သူမသည် ပဒေသာတွင် ကဗျာ၊ ဝတ္ထုတိုများ ရေးခဲ့သည်။ 

ပဒေသာဂျာနယ်တွင် လက်ထောက်အယ်ဒီတာအဖြစ် ကူညီသည်။ တာရာမဂ္ဂဇင်းမှာ အစောင်ရေ နည်းနည်းထုတ်သော စာပေမဂ္ဂဇင်းဖြစ်ရာ ယခုအခါ မပျက်မကွက် ထွက်ရှိလျက် ရှိပေသော စောင်ရေများသော ရှုမဝမဂ္ဂဇင်းတွင် ရေးသားရန် စီစဉ်ပေးရသည်။ 

⚫ အိပ်မက်ထဲမှ ကဗျာပန်း
ကြည်အေးနှင့် သိလာပုံမှာ အိပ်မက်ဆန်သည်။  ၁၉၄၇ ခု။ နွေဦးလောက်က တာရာမဂ္ဇဇင်း အယ်ဒီတာစားပွဲသို့ စာတိုက်မှ ကဗျာများ ရောက်လာ၏။ ရေးသူကို “ကြည်အေး” ဟု လက်မှတ် ထိုးထား၏။ လိပ်စာ၊ အမည်ရင်းကား မပါပေ၊ ဆန်း၏။ 

အများအားဖြင့် ဆောင်းပါးပို့သူတို့သည် လိပ်စာကို အပြည့်အစုံ ရေးကြ၏။ တချို့များ ပို၍သေချာအောင် လိပ်စာကို နှစ်ကြိမ်လောက်ပင် ထည့်လိုက်ကြသေး၏။ ယခု ကြည်အေးကား စာအိတ်ထဲတွင် ကဗျာပဲ ပါသည်။ အယ်ဒီတာထံသို့ စာပင်မပါ။ ကဗျာများ ဆက်ကာဆက်ကာ ရောက်လာ၏။ လိပ်စာမပါ။ 

အံ့သြစရာကောင်းသည်မှာ ကဗျာတစ်ပုဒ်နှင့် တစ်ပုဒ် သိသိသာသာ တိုးတက်လာခြင်း ဖြစ်၏။ အိပ်မက်ထဲမှာလိုလိုပင် ကဗျာပွင့်သည် မြန်သောအဟုန်ဖြင့် ကြီးရင့်ကာ သီးပွင့်လာသည်။ စကားလုံးများ သန့်လာသည်။ တိကျလာသည်။ အတွေးသည် ပြတ်သားလာသည်။ 

နောက် ဝတ္ထုများ ရောက်လာ၏။ ကဗျာတွင် စကားလုံးနိုင်သူ ဖြစ်သဖြင့် စကားပြေမှာ ကြွယ်ဝ၏။ ထူးခြားဆန်းသစ်၏။ လှ၏။ ကြည်အေး၏ ပထမဆုံး “ထိုည” အမည်ရှိ ဝတ္ထုကို တာရာအမှတ် - ၄ (၁၉၄၇ ) ဧပြီလထုတ်တွင် ပုံနှိပ်ခဲ့၏။

ထိုအတွင်း ကဗျာများလည်း ရောက်လျက်ရှိ၏။ ကြည်အေးသည် ကဗျာများစွာ ရေးနိုင်သည်။ ကဗျာကို လွယ်လွယ်ပင် ရေးနိုင်ပုံရသည်။ ဒါကို သူမက “စိတ်ထဲမှာ ရှိတာကို ကဗျာနဲ့ ပြောပြဖွင့်ထုတ်လိုက်ရရင် ပေါ့သွားတယ်၊ ဒါပါပဲ” ဟု ပြောသည်။ 

သူမသည် ကဗျာဆရာအစစ် ဖြစ်ပေသည်။ သူမသည် နာမည် မကျော်လို၊ ကဗျာကို ကုန်စည်အဖြစ် ရောင်းစားမလို။ ကဗျာဆရာမ သက်သက်ဖြစ်သည်။ 

⚫ စာပေသစ်မုခ်ဦး
“ထိုည” ဝတ္ထုနောက် ဆက်လက်၍ ကြည်အေး၏ ဝတ္ထု၊ ကဗျာများသည် တာရာမဂ္ဂဇင်းတွင် လစဉ် ပါရှိလာပေသည်။ အရိုင်းနှင့်ကဗျာ၊ ကြွေလုနှင်းဆီ၊ ကိုယ့်ချစ်ဦး၊ စောင့်သူ၊ လက်စားချေခြင်း၊ ရွှေပြည်တော်သည်၊ ယစ်ရွှေရည်၊ ဆွေ့ကိုပဲ အပြစ်ဆိုပါ၊ မေ့သားရွှေစင် စသော ဝတ္ထုများ။ 

မျက်လုံးတာရာ၊ မိခင်မျက်နှာ၊ ခရီးဝေးယံ၊ ရွှေလှိုင်း၊ အညှင်း၊ မိုးတိမ်ကိုမှာ၊ အို … လွမ်းသူရယ်၊ တသက်သက် စသော ကဗျာများ။ 

ကျွန်တော်သည် တာရာမဂ္ဂဇင်းအမှတ် - ၁ ( ၁၉၄၆ ) ကစ၍ စာပေသစ်ဟူသော အသံကို ကြွေးကြော်ကာ တာရာမဂ္ဂဇင်းကို ထုတ်ဝေလာခဲ့သည်။ တတ်အားသရွေ့ “စာပေသစ်” ၏ သဘောကို ဖော်ပြခဲ့သည်။ ကြည်အေးသည် တာရာဦးကတည်းကပင် ကျွန်တော် ရည်မှန်းထားသော စာပေသစ်မုခ်ဦးသို့ အံ့သြဖွယ် ရောက်နေသည်ကို တွေ့ရသည်။ ကျေးဇူးလည်း တင်ပါသည်။ 

⚫ အနုပညာနှင့် သတ္တဗေဒကျောင်းသူ
ကြည်အေးတွင် မည်သူမျှ တုပ၍ မရနိုင်သော စာရေးမှု အရည်အချင်းများ ရှိသည်။ အနောက်က ပရိစလေတို့၊ ဟာဗတ်ရိတို့ ပြောကြသော “သိမြင်တတ်ခြင်း” ၊ ကြည်အေး၌ ရှိ၏။ ဆိုလိုသည်မှာ အသေးစိတ် ခံစားမိခြင်း၊ မြင်ခြင်း၊ ကြားခြင်း စသည် ဖြစ်၏။ သျှမ်းသွားသည် မရှိ။ ပီဘိ အသေးစိတ် အစက်ကလေးကအစ မြင်၏။ ကြား၏။ ခံစားမိလိုက်၏။ 

ဒါကို “နုသည်” ဟု ပြောရမလား မသိပေ။ နုနယ်သေးကွေးခြင်း မဟုတ်။ အသေးစိတ်ကလေးများ ပါသော ရုပ်တု၊ ပန်းချီကားချပ်ကို “လက်ရာက တယ်နုတာပဲ” ဟု ပြောလေ့ရှိ၏။ ဒီလို အနုမျိုးလည်း ပါ၏။ အင်မတန် အသေးစိတ်၏။ အနုစိတ်၏။ 

ကြည်အေးသည် လူကိုပဲ လေ့လာလေ့လာ၊ ရှုခင်းကိုပဲ ကြည့်ကြည့်၊ စိတ်လှုပ်ရှားမှုကို ခံစားခံစား၊ အင်မတန်ပါး၏။ စေ့စပ်၏။ ထက်မြက်၏။ အကုန်လုံးကို သိမြင်လိုက်၏။ ထို သိမြင်တတ်ခြင်းဖြင့် ပေါ်လွင်အောင် ဖော်တတ်၏။

ဒါသည် စာရေးဆရာကောင်းတို့၏ အင်္ဂါတစ်ရပ် ဖြစ်၏။ ထိုအရည်အချင်း ရှိသူကား အတော်ရှား၏။ မရှိသလောက်ရှား၏။ ကြည်အေးသည် ထိုအရည်အချင်း ရှိသည်။ တု၍ မရနိုင်သော အရည်အချင်း။ သူ့စာများမှာ နုရုံတွင်မက လှပ၏။ လူ့ဘဝကို မြင်ပုံ အတွေးအခေါ်မှာ ရင့်သန်၏။ သို့သော် သူမသည် အသက် (၂၀) မျှသာ ရှိသေးသည်။

တစ်နှစ်အတွင်း အံ့သြဖွယ်ရာ တိုးတက်လာခြင်းကို မယုံနိုင်အောင်ရှိ၍ ကြည်အေးသည် ဘာစာများနှင့် ကြီးပြင်းလာခဲ့သည်ကို စုံစမ်းဖူး၏။ အင်္ဂလိပ်စာတတ်ဖြစ်၍ အင်္ဂလိပ်စာဖတ်သည်မှာ အထူးပြောဖို့မလို၊ မြန်မာဘာသာစကားကို ရှာဖွေနိုင်မှု၊ တီထွင်နိုင်မှု၊ ကြွယ်ဝမှုများအတွက် လေ့လာကြည့်ရာ တစ်ခါက သူမက “မခံချင်တာနဲ့ ကိုးခန်းပျို့ တစ်ပုဒ်လုံး အလွတ်ကျက်ဖူးတယ်၊ ခုတော့ မေ့ကုန်ပါပြီ” ဟု ဆို၏။ 

အနုပညာဘက် လိုက်သော်လည်း သူမသည် သတ္တဗေဒကျောင်းသူ ဖြစ်သည်။ တက္ကသိုလ်တွင် ရူပဗေဒ၊ ဓာတုဗေဒ၊ သတ္တဗေဒကို ယူသည်။ ကြည်အေးသည် ဖားခွဲရင်း စိတ်ထဲက ကဗျာတစ်ပုဒ်ကို စပ်ချင်စပ်နေမည်။ 

⚫ ခေတ်စမ်း
ကျွန်တော်ကဖြင့် ကြည်အေးကို “ခေတ်စမ်း” အဖြစ် မြင်နေသေး၏။ သူမသည် “စာပေသစ်” အတွက် စမ်းသပ် ရှာဖွေလျက်ရှိ၏။ မမောမပန်း စမ်းသပ်ရှာဖွေ၏။ (သူမ ရေးသော စာများကို ဖတ်ကြည့်ပါ။ စမ်းသပ်တွေ့ရှိလာသော စကားသစ်ဆန်း အမြောက်အမြားကို တွေ့ရှိရပေမည်။)

တလောက သူ စမ်းသပ်ထားသော ကဗျာတစ်ပုဒ်ကို တွေ့ရ၏။ ကျွန်တော်သည် လေးလုံးစပ်ထက် ကျယ်သော ကဗျာစပ်နည်းကို တောင့်တလျက်ရှိစဉ် သူမက စမ်းသပ်နေလေပြီ။ 

ဟော ကြည့်စမ်း၊ ပိတောက်ကိုင်းကြား
ခုနစ်ရောင်သက်တံလား
မြက်ခင်းမှာအစ ကောင်းကင်မှာအဆုံး
မိုးနဲ့မြေ သွယ်တဲ့လမ်း ခုံးခုံး
မိုးရေထဲ တံတားပေါ် လျှောက်ရအောင်
မောတော့ ခဏနားတာပေါ့မောင်
တံတားပေါင်ပေါ်ပြုံး တူတူထိုင်
ခူးပန်စို့ပိတောက်၊ တစ်ခိုင်၊ နှစ်ခိုင်။	။

ကျွန်တော်ကတော့ ဤအစပ်ကို နှစ်သက်၏။ အစဉ်အလာသမားများက နှာခေါင်းရှုံ့ကြပေမည်။ မောင်ဖြူး (ဒေါက်တာဂွမ်လျောင်) လည်း ဤသဘော ရေးဖူးသည်။

⚫ ကြည်အေး၏ “မီ” ဝတ္ထု 
အမှန်အားဖြင့် ဤ “မီ” ဝတ္ထုမှာ ၁၉၄၈ ဧပြီလလောက်ကပင် တာရာအတွက် ပေးထားသော ဝတ္ထုရှည် ဖြစ်သည်။ တစ်နှစ်ခန့် ကြာပေပြီ။ 

တာရာကို ၁ိ-၈ဲ တန်အဖြစ် တိုးချဲ့ထုတ်ဝေမည့် အပတ်တွင် ထည့်သွင်းရန် တောင်းထားသော ဝတ္ထုဖြစ်၍ ကြော်ငြာပင် ထည့်ဖူးသည်။ သို့သော် အကြောင်းမညီညွတ်သဖြင့် “မီ” သည် တာရာတွင် မပါခဲ့ပေ။ သို့နှင့် တာရာမှာ ခေတ္တဆိုင်းငံ့ထားစဉ် “မီ” ဝတ္ထုကို ရှုမဝတွင် ပုံနှိပ်ရန် စီစဉ်ရခြင်း ဖြစ်ပေသည်။ 

⚫   “မီ” ဝတ္ထု
ယခု “မီ” ကို ဖတ်ကြည့်ပါ။ 
“မီ” သည် ( Dead Reckoning အမည်ရှိ ဝတ္ထုမှ ) မှီးသည်ဟု ဆိုနိုင်ရုံပဲ ရှိ၏။ ( ကြည်အေးသည် ဒီတစ်ပုဒ်ပဲ မှီးဖူးသည်။ ) သို့သော် ရုပ်ရှင်ဝတ္ထုထက် ကောင်းတာတွေ ပါသည်ဟု ထင်၏။ မှီးသည် ဆိုသော်လည်း သူမ၏ ‘စာပေဟန်’ က လွှမ်းမိုးနေပေသည်။

“မီ” ကို ဖတ်လျှင် စေ့စေ့စပ်စပ် ဖတ်စေချင်၏။ ဒါမှ ကြည်အေး၏ အလှ၊ အနုကို အရသာတွေ့နိုင်၏။ ဖတ်ရင်း စာကို စွဲလာသလား၊ ပုံသဏ္ဌာန်ကို မြင်လာသလား၊ ရင်ထဲက လှုပ်ရှားလာမလား။ “မီ” ၏ ရုပ်ပုံလွှာကို တွေ့ရမလား၊ အသံကို ကြားလာရမလား။ မီ၏ ဘဝကို တွေးပြီးနေရစ်မလား။ ကြည်အေး ဖန်ဆင်းကာ ခေါ်ဆောင်လိုက်သော “မီ” တိုင်းပြည်ကို သင်သည် ရောက်သွားလေသလား။ 

………….

။	။ အခု ဖော်ပြခဲ့တဲ့ အကြောင်းအရာမှာ စာရေးဆရာမ ကြည်အေး၏ “မီ” ဝတ္ထုကို ရှုမဝမဂ္ဂဇင်းတွင် ဖော်ပြခဲ့စဉ်က ပါဝင်ခဲ့သော စာရေးဆရာကြီး ဒဂုန်တာရာ၏ အမှာစာမှ ကောက်နုတ်ထားတာပဲ ဖြစ်ပါတယ်။ 

စာချစ်သူများဘက်က အမြဲရှိနေမယ့်
ဝန်ဇင်း …

- မီ - ဝတ္ထုကို ဖတ်မယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်ခင်ဗျ။

Related Posts