ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူပရိသတ်ကြီးရေ မင်္ဂလာပါခင်ဗျာ … 

ဒီနေ့မှာ ဝန်ဇင်းစာချစ်သူများအတွက် ယနေ့ထွက် စာအုပ်များကဏ္ဍကနေ မိတ်ဆက် တင်ပြလိုတဲ့ စာအုပ်တွေကတော့ ဇွဲမာန် ( အင်းဝ ) ရဲ့ “မိုးရေလိုသည့်ပင်ပျိုများ” ၊ ဘိုးလှိုင် မြန်မာပြန်ဆိုတဲ့ “ဦးနှောက်မြူးသူတစ်ယောက်” ၊ ဆရာချစ်ဦးညိုရဲ့ “မငြိမ်းသာရဲ့ ရွှေနန်းတော်နှင့် ရာဇဝင်ဝတ္ထုရှည်များ” ဆိုတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်ခင်ဗျ ။

( ၁ ) 
ပထမဆုံး မိတ်ဆက်ပေးချင်တဲ့စာအုပ်ကတော့ ဆရာ ဇွဲမာန် ( အင်းဝ ) ရေးသားတဲ့ “မိုးရေလိုသည့်ပင်ပျိုများ” ဆိုတဲ့ စာအုပ်ပါပဲ။ ဒီစာအုပ်ထဲမှာ လူငယ်တွေအတွက် ရသအတွေးစု ဆောင်းပါး ( ၁၅ ) ပုဒ်ကို စုစည်းထားပါတယ်။ အရည်အချင်းပြည့်ဝတဲ့ လူငယ်တွေ ပေါ်ပေါက်ရေးကို ရည်ရွယ်ပြီး ယနေ့ခေတ်လူငယ်များ သိရှိထားသင့်တဲ့ ဘာသာရေးအသိပညာ၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ လူ့ကျင့်ဝတ်တွေနဲ့ လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေးနဲ့ဆိုင်တဲ့ ဆောင်းပါးတွေကို ဖတ်ရှုကြရမှာပါ။

[ 'ယနေ့လူငယ် နောင်ဝယ်လူကြီး' ဆိုသည့်အတိုင်း အနာဂတ်သာသနာတော်နှင့် တိုင်းပြည်တာဝန်များ ပခုံးပြောင်း ထမ်းဆောင်ကြ မည့် လူငယ်များ အရည်အသွေး မြင့်မားတိုးတက် ထက်မြက်စေလိုသော စိတ်များ ပြင်းပြထက်သန်နေတာကိုလည်း မီးမောင်းထိုးပြနေသည်။ ထို့ကြောင့် လူငယ်များနှင့်ပတ်သက်၍ ဆရာဇွဲမာန်(အင်းဝ)က - လူငယ်များနှင့် ကိုယ်ကျင့်တရား၊ လူငယ်များနှင့် အနာဂတ်ကမ္ဘာ၊ လူငယ်များနှင့် ငါးပါးသီလ၊ လူငယ်များနှင့် ဘာသာရေး၊ လူငယ်များနှင့် ယဉ်ကျေးမှု၊ လူငယ်များနှင့် လောကပါလတရားဟု ဆောင်းပါးများ အထူးပြုရေးထားခြင်းဖြစ်သည်။ ] ( တက္ကသိုလ်တေဇာလင်း၏ အမှာစာမှ … ) 
ဒါကြောင့် ယခုစာအုပ်ဟာ လူငယ်တွေအနေနဲ့ အလေးထားဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်လည်း ဖြစ်တာမို့ ဖတ်ရှုဖို့ မမေ့ကြနဲ့ဦးနော် ။

( ၂ ) 
ဒုတိယ မိတ်ဆက်ပေးချင်တာကတော့ စာဖတ်သူတွေကို စာအုပ်ပြီးဆုံးတဲ့အထိ ဆွဲဆောင်သွားမယ့် ကမ္ဘာကျော် သင်္ချာဆရာ၊ စီးပွားရေးပညာနိုဗယ်ဆုရှင် ဂျွန်နတ်(ရှ) John Forbes Nash Jr. (June 13, 1928 – May 23, 2015) ရဲ့ အတ္ထုပ္ပတ္တိစာအုပ်ပါပဲခင်ဗျ။ ဒီစာအုပ်ကို ကိုလံဘီယာတက္ကသိုလ်ရဲ့ စာနယ်ဇင်းပညာရပ်ဆိုင်ရာ ပါမောက္ခ Sylvia Nasar ရေးသားတဲ့ Best Selller စာရင်းဝင် A Beautiful Mind စာအုပ်ကို စာရေးဆရာဘိုးလှိုင်က ‘ဦးနှောက်မြူးသူတစ်ယောက်’ အဖြစ် မြန်မာပြန်ဆို ရေးသားထားတာပါ။ 

ဒီစာအုပ်ဟာ အတ္ထုပ္ပတ္တိစာပေအမျိုးအစား ဖြစ်ပေမယ့် မူရင်းရေးသားသူ Sylvia Nasar ဟာ သတင်းစာဆရာမပီပီ စာနယ်ဇင်းအရေးအသား ( New Journalism ) နဲ့ ရေးသားထားပြီး မြန်မာပြန်ဆရာ ဘိုးလှိုင်ရဲ့ မူရင်းအာဘော်မပျက်စေဘဲ မြန်မာစာဖတ်ပရိတ်အတွက် ရသမြောက်အောင် ဘာသာပြန်ဆိုမှုက စာဖတ်သူကို စာအုပ်ဆုံးသည်အထိ ဆွဲခေါ်သွားမယ်ဆိုတာ အာမခံပါရစေခင်ဗျ။ 

စကားစပ်မိလို့ဆိုရရင် ဒီစာအုပ်ပါ ဂျွန်နတ်(ရှ)ရဲ့ဘဝဇာတ်လမ်းကို Universal ရုပ်ရှင်ကုမ္ပဏီက ပင်မသရုပ်ဆောင် Rusell Crowe နဲ့ ရုပ်ရှင်ကား ရိုက်ခဲ့သလို အဲ့ဒီရုပ်ရှင်ကားဟာ အကယ်ဒမီဆု ၄ ဆုတောင် ရရှိခဲ့သေးတယ်ဗျ။

သုတ၊ ရသ စုံလင်စွာဖတ်ရှုခံစားရမယ့် အခု ဘာသာပြန်စာအုပ်ထဲမှာ သင်္ချာပညာချွန်သူ မျှော်မှန်းချက်ကြီးသူ၊  မိဘ ကျောထောက်နောက်ခံကောင်းပြီး ဆရာကောင်းတို့ရဲ့ အစောင်မခံရသူ၊ မိန်းမတစ်ယောက်ကို တရားမဝင်ပေါင်းပြီး ရလာသောကလေးနဲ့ မိန်းမကို လစ်လျူရှုခဲ့သူ၊ တခြားမိန်းမတစ်ယောက်ကို ချစ်ပြီး လက်ထပ်ယူသူ၊ အပြိုင်အဆိုင်စိတ်ဓာတ်လွန်ကဲသူ၊ စခစ်ဇိုဖရီးနီးယားအမည်ရှိ စိတ်ရောဂါ ဖိစီးခံရသူ ပညာကျော် ဂျွန်နတ်(ရှ) ဘဝနဲ့ ကသီလင်တဖြစ်ရသော သူ့မိသားစု၊ အိုင်စတိုင်း၊ ဖွန်နွိုင်းမန်း စတဲ့ ပုဂ္ဂိုလ်များစွာ ရှိကြတဲ့ ပညာချွန်သူကို တန်ဖိုးထားသော ပညာရှင်လောကတို့ကို တဝကြီး မြင်တွေ့ရမှာမို့ လုံးဝလက်မလွှတ်သင့်ကြောင်းပါဗျာ ..။ 
( ၃ ) 
နောက်ဆုံးမိတ်ဆက်ပေးလိုတာကတော့ စာရေးဆရာချစ်ဦးညိုရဲ့ “မငြိမ်းသာရဲ့ ရွှေနန်းတော်နှင့် ရာဇဝင်ဝတ္ထုရှည်များ” ဆိုတဲ့စာအုပ်ကတော့ သမိုင်းဖြစ်ရပ်တွေကို နောက်ခံထားပြီး စွန့်စားမှု၊ အချစ်၊ မေတ္တာ၊ အလွမ်း၊ အဆွေးနဲ့ စွန့်လွှတ်အနစ်နာခံမှုအကြောင်းတွေကို ပုံဖော်ရေးသားထားတဲ့ ဝတ္ထုရှည်စုစည်းမှု စာအုပ်ပါပဲခင်ဗျ။  

ရာဇဝင်ထဲက ထင်ရှားသူတွေဖြစ်တဲ့ ကျန်စစ်သား၊ စောလူးမင်း နဲ့ အနော်ရထာ ၊ ဓာတုကလျာ၊ နတ်ရှင်နောင်၊ အီနောင်မင်းသား၊ ဗညားနွဲ့၊ သမိန်ဗရမ်း၊ မင်းရဲကျော်စွာ၊ စလေဦးပုည စတဲ့ ပုဂ္ဂိုလ်တွေရဲ့ သမိုင်းနောက်ခံဖြစ်ရပ်တွေကို အမှီပြုပုံဖော်ထားတဲ့ စာရေးဆရာချစ်ဦးညိုရဲ့ အရေးအသားတင်ပြမှုထဲ စာဖတ်သူများ မျောသွားမှာ အသေအချာပဲခင်ဗျ။ 

မငြိမ်းသာရဲ့ရွှေနန်းတော်၊ မန်းကနက်မှာလ၊ တတိယမြောက်အရိန္ဒမာ၊ တောဝယ်ကကြမ်း မောတယ်လာ့ပန်း ချော့မယ်ထစမ်း၊ နတ်သျှင်သူ့ကြောင့် တရေးမှောက်ခဲ့၊ ဘုန်းတော်ကြီး ထီးတစ်ရာ စင်္ကြာစိုး မိုးဗြဟ္မာ၊ သောင်းရွှေလည်ပိုင်စိုး မိုးနတ်ဒေဝီ၊ စီးချင်းထိုးပွဲ .. စတဲ့ ဝတ္ထုရှည်တွေကို ဖတ်ရှုရမှာမို့ သမိုင်းလည်းသိရင်း ရသလည်းခံစားလိုသူတွေအတွက် မလွှတ်တမ်း ဖတ်ရှုသင့်ကြောင်းပါ ခင်ဗျာ ..။ 

ကဲ .. ဒီလိုဆိုရင် ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်လေးတွေကို ဝယ်ယူ ဖတ်ရှုလိုက်ရအောင်လားဗျ ...
ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့နဲ့ဦးနော် ... ????

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 

ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 

Related Posts