ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …

အတာသင်္ကြန်ကာလလည်း ပြီးဆုံးပြီဆိုတော့ ဝန်ဇင်းစာချစ်သူတွေ စာဖတ်ဖို့ အချိန်ပြန်ပေးကြတော့မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဝန်ဇင်းစာချစ်သူ ပရိသတ်ကြီးအတွက် ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ ထွက်ရှိလာတဲ့ စာအုပ် ( ၃ ) အုပ်ကို မိတ်ဆက်ပေးပါရစေ။ အဲ့ဒီစာအုပ်တွေကတော့ မောင်ကျေးဇူး ရေးသားပြုစုတဲ့ “အင်္ဂလိပ်စကားပုံများကပြောသည့် ဘဝလမ်းညွှန်”၊ လှိုင်းကြာဖြူ ( လားရှိုး ) ရဲ့ “ကြယ်ကြွေကောက်သူ” နဲ့ စာရေးဆရာကျော်အောင်ရဲ့ “ဝတ္ထုတို” ဆိုတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်ခင်ဗျ။

( ၁ ) 
ဦးစွာ မောင်ကျေးဇူး ရေးသားပြုစုတဲ့ “အင်္ဂလိပ်စကားပုံများကပြောသည့် ဘဝလမ်းညွှန်” ဆိုတဲ့ စာအုပ်နဲ့ မိတ်ဆက်ပေးပါရစေ။ ဒီစာအုပ်ပါ အကြောင်းအရာတွေဟာ စာရေးသူ မောင်ကျေးဇူးအနေနဲ့ ၂၀၁၄ ခုနှစ်ကနေစပြီး ၂၀၁၇ ခုနှစ်အထိ The Light မဂ္ဂဇင်းမှာ စိတ်တိုင်းကျ ပြင်ဆင်ဖြည့်စွက်ပြီး လစဉ်ရေးသားခဲ့တဲ့ စာစုတွေပဲ ဖြစ်ပါတယ်။ အခုတော့ ဒီစာစုတွေကို ဒုတိယအကြိမ် ပြင်ဆင်ဖြည့်စွက်ချက်တွေနဲ့အတူ ထုတ်ဝေလိုက်တာပါ။

အင်္ဂလိပ်စကားပုံများလာ ပညာရှိစကား၊ အမူအကျင့်၊ အကြံဉာဏ်၊ နေအိမ်မိသားစုနှင့် မိတ်ဆွေများ၊ တိရစ္ဆာန်လောက၊ ဓနဥစ္စာ၊ သေခြင်းတရား၊ ထွေထွေရာရာ … စတဲ့ကဏ္ဍအလိုက် မူရင်းအင်္ဂလိပ်စကားပုံတစ်ခုလျှင် မြန်မာပြန်ဆိုချက်တစ်ခု၊ ရှင်းလင်းချက်နဲ့ ဆင်တူရာ အခြားမြန်မာစကားပုံတွေကိုပါ ထည့်သွင်းဖော်ပြပေးထားလို့ ဖတ်ရှုရသူအဖို့ စိတ်ကျေနပ်စရာပါပဲ။ ပြည်တွင်းပြည်ပ နယ်ပယ်အသီးသီးက အကြောင်းအရာတွေကို ခံစားတင်ပြထားတဲ့အတွက် အင်္ဂလိပ်စာ စိတ်ဝင်စားသူများပါမက ဘဝအောင်မြင်ရေး အသိအမြင် လိုလားသူတွေအတွက်ပါ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်တယ်လို့ ညွှန်းဆိုပါရစေ။

( ၂ ) 
ဒုတိယ တင်ပြမှာကတော့ စာရေးဆရာမ လှိုင်းကြာဖြူ ( လားရှိုး ) ရဲ့စာအုပ်ဖြစ်တဲ့ “ကြယ်ကြွေကောက်သူ” ဝတ္ထုပါပဲ။ [ လူတွေ မြတ်မြတ်နိုးနိုး ကိုးကွယ်ကြတဲ့ ‘အချစ်’ ကို ကျွန်တော် ဟားတိုက်ပစ်လိုက်တယ်။ ပြောတော့သာ အချစ်ဆိုတာ တန်ဖိုးအနဂ္ဃထိုက်တန်တဲ့ ရတနာလေး ဘာလေးနဲ့ နောက်ဆုံးကျတော့လည်း အဲဒီအချစ်ထက် တန်ဖိုးအနဂ္ဃထိုက်တန်တဲ့ ဂုဏ်၊ ငွေ၊ ဓန ပေါကြွယ်ဝတဲ့ လူတွေကိုပဲ ရွေးချယ်သွားခဲ့ကြတယ်လေ ….. အချစ်နဲ့ အိမ်ထောင်ရေးဟာ ထပ်တူထပ်မျှဖြစ်တယ်ဆိုရင်တော့ သေချာတယ်။ ကျွန်တော့်အတွက် အိမ်ထောင်ပြုခြင်းဆိုတာ ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး ] … ( ညီလင်းညို ) 

ဝတ္ထုရဲ့အဖွင့်မှာကတည်းက မိန်းမတွေကို စိတ်ကုန်နေတဲ့ လူတစ်ယောက်အဖြစ် ညီလင်းညိုရဲ့ အမြင်တွေဟာ ပြတ်သားစူးရှလှတယ်။ ဘာကြောင့် ဒီလိုဖြစ်သွားတာလဲ … သာမန်ထင်ရမယ်ဆိုရင်တော့ မိန်းမတစ်ယောက်ရဲ့ ဖယ်ကျဉ်သွားမှုကို ခံရလို့ပေါ့ .. ဒါပေမယ့် ဒီဝတ္ထုထဲမှာ  အဲ့ဒီထက်ပိုတဲ့ ဇာတ်လမ်းတွေ ပါဝင်နေတယ်။ အနုတ်လက္ခဏာဆောင်တဲ့ အမြင်ရှိသူ ညီလင်းညိုရဲ့ အဖြစ်ဟာ …. ဘာတွေဆက်ဖြစ်နိုင်မလဲ၊ စိတ်ဝင်စားဖို့ ကောင်းတဲ့အတွက် စာချစ်သူတွေလည်း ဖတ်ရှုခံစားကြပါဦးလို့ မိတ်ဆက်လိုက်ရပါတယ်။

( ၃ ) နောက်ဆုံးမိတ်ဆက် တင်ပြချင်တဲ့ စာအုပ်ကတော့ ဘာသာပြန်နဲ့ ပင်ကိုရေး စာရေးဆရာကြီး ( ဆရာ ) ကျော်အောင်ဘာသာပြန်ဆို ရေးသားတဲ့ “ဝတ္ထုတို” ဆိုတဲ့ စာအုပ်ပါပဲ။ ဒီစာအုပ်ဟာ ကမ္ဘာကျော် စာရေးဆရာကြီး ဝီလျံဆမ်းမားဆက်မွမ် ( W.Somerset Maugham ) ရေးသားတဲ့ “Short Story” ဆိုတဲ့ စာအုပ်ကို ဘာသာပြန်ထားတာပဲ ဖြစ်ပါတယ်။ ဆမ်းမားဆက်မွန်ဆိုရင် စာချစ်သူများ ရင်းနှီးပြီးဖြစ်တဲ့အတိုင်း ကမ္ဘာကျော်စာရေးဆရာကြီးတစ်ဦးဖြစ်တဲ့အပြင် ဝတ္ထုတိုဆရာကြီးလို့ခေါ်ရလောက်အောင် ဝတ္ထုတိုပေါင်းများစွာကို ရေးသားခဲ့သူ ဖြစ်ပါတယ်။ အခုစာအုပ်ကတော့ သူပြုစုရေးသားတဲ့ ဝတ္ထုတိုအကြောင်းပြုစုချက်စာတမ်း တစ်စောင်ဆိုရင်လည်း မမှားပါဘူး။

[ လူတွေ ဘာကြောင့် ဝတ္ထုဖတ်ကြသလဲ ဟူသော အမေးကို မွမ်က “လူတစ်ယောက်အဖို့ အခြား လုပ်စရာမရှိ၍ ဝတ္ထုဖတ်ကြသည်။ ပျော်ရွှင်ကြည်နူးစရာ၊ ကျေနပ်နှစ်သက်စရာ တစ်ခုခုကို လိုချင်၍ စာဖတ်ကြခြင်းဖြစ်သည်။ ဝတ္ထုထဲတွင် သူတို့ လိုချင်သည်ကို ရှာသည်။ ယင်းတို့အနက် ကျေနပ်မှု တစ်ခုမှာ ဝတ္ထုထဲမှ ငါ့အကြောင်း၊ ငါတို့လို လူမျိုးတွေအကြောင်း ရေးထားတာပဲ ဟူသော အချက်ပင် ဖြစ်သည်”ဟူ၍ တင်ပြထားသည်မှာ နှစ်သက်စရာ ကောင်းသည်။ ] .. ဟု ဆရာကျော်အောင်က အမှာစာမှာ ရေးသားဖော်ပြထားပါတယ်။
ဝတ္ထုတိုဖတ်ရသည်မှာ နမ်းတာနှင့်တူသည်။ ချစ်သူနှစ်ဦး နမ်းကြသည့်အခါ နှစ်ဖက်စလုံး အပေးအယူလုပ်ရသည်။ သို့မှ အနမ်း၏အရသာကို ပြည့်ပြည့်ဝဝ ခံစားနိုင်မည်ဖြစ်လေသည်။ အချစ်စိတ်က ပိုပြီး သိမ်မွေ့လေလေ အပေးအယူကလည်း ပိုပြီးသိမ်မွေ့လေလေ ဖြစ်သည်ဟု အင်္ဂလိပ်ဝတ္ထုတိုရေး ဆရာ ဗိတ် ( H.E. Bates ) က ဆိုခဲ့တဲ့အတိုင်း ဝတ္ထုတိုရဲ့ အလွန်သိမ်မွေ့နူးညံ့တဲ့ သဘောတရား​တွေကို ဒီစာအုပ်ထဲမှာ လေ့လာဖတ်ရှုခွင့်ရမှာပါ။ 

“ဝတ္ထုတိုသဘောတရား” ဆိုတာကို တရားသေသတ်မှတ်လို့မရဘူးလို့ မွမ်ယုံကြည်တဲ့အတိုင်း ဒီစာအုပ်ထဲမှာ သဘောတရားပိုင်းကို ယေဘုယျ ဖွင့်ဆိုရှင်းလင်းထားတယ်။ ခေတ်သစ်ဝတ္ထုတို ဘယ်လိုစတင်ပေါ်ပေါက်လာသလဲ၊ ဝတ္ထုရှည်ခေတ်မှာ ဘယ်လိုရပ်တည်ခဲ့သလဲ .. စတဲ့ ဝတ္ထုတိုဆိုင်ရာ အကြောင်းအချက်တွေကို လေ့လာခွင့်ရမှာဖြစ်တဲ့အတွက် စာချစ်သူတိုင်း ဖတ်ရှုထားသင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်လို့ ပြောပါရစေခင်ဗျ … ။ 

ကဲ … ဒါဆိုရင် အခု မိတ်ဆက်တင်ပြလိုက်တဲ့ စာအုပ်ကောင်းတွေကို ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားဗျာ။ 

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့ပါနဲ့ဦးခင်ဗျ ... ????
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 



Related Posts