‘စက်တင်ဘာလဖွား ကမ္ဘာကျော် စာရေးဆရာ ( ၇ ) ဦး’ [Article Entertainment-26]


‘စက်တင်ဘာလဖွား ကမ္ဘာကျော် စာရေးဆရာ ( ၇ ) ဦး’

၁။ လီယိုတော်လစတွိုင်း ( Leo Tolstoy ) - သူ့ကို ၁၈၂၈ ခုနှစ်၊ စက်တင်ဘာ ၉ ရက်နေ့မှာမွေးတယ်။ ဒီနှစ်ဆို သူ့ကို မွေးဖွားခဲ့တာ နှစ်ပေါင်း ၁၉၀ ရှိပြီလို့ ဆိုရမှာပေါ့။ ရုရှားစာရေးဆရာကြီး တော်လစတွိုင်းဆိုရင် ‘War and Peace’ ဆိုတဲ့ ကမ္ဘာ့ဂန္ထဝင်ဝတ္ထုကြီးကို ရေးခဲ့သူ ၊ ဆရာမြသန်းတင့် မြန်မာပြန်ထားတဲ့ ‘စစ်နှင့်ငြိမ်းချမ်းရေး’ ဝတ္ထုကြီးရဲ့ လက်ရာရှင်။ သူကသာ တကယ့် ဂန္ထဝင်စာရေးဆရာကြီး ဖြစ်ခဲ့တာ၊ တကယ်တမ်း သူ့မိသားစု မျိုးဆက်ထဲမှာ စာရေးဆရာသွေးပါသူ မရှိကြဘူးရယ်။ သူဟာ သားသမီးငါးယောက်မှာ အငယ်ဆုံး၊ ငယ်ငယ်ကတည်းက မိဘနှစ်ပါးစလုံး ကွယ်လွန်သွားကြတယ်။ ကျောင်းသားအဖြစ်နဲ့ကတော့ အတော်ညံ့တဲ့သူ၊ ဘွဲ့တစ်ခုမှ မယူနိုင်ခဲ့ဘူး။ ဒါပေမဲ့ စစ်နှင့်ငြိမ်းချမ်းရေးလို၊ အင်နာကာရနီနာ ( Anna Karenina ) စတဲ့ ဂန္ထဝင်လက်ရာတွေကို ဖန်တီးနိုင်ခဲ့တယ်။ 

၂။ အိုဟင်နရီ ( O. Henry ) - အိုဟင်နရီဟာ အမေရိကန်စာရေးဆရာတစ်ဦးပဲ ဖြစ်ပါတယ်။ ၁၈၆၂ ၊ စက်တင်ဘာ ၁၁ မှာ မွေးတယ်။ အမေရိကန်စာပေလောကမှာသာမက ကမ္ဘာ့စာပေနယ်မှာပါ ဝတ္ထုတို အရေးအဖွဲ့နဲ့ ပတ်သက်ပြီး ထင်ရှားကျော်ကြားခဲ့သူပေါ့။ ဝတ္ထုတို အဖွဲ့အနွဲ့မှာဆို အိုဟင်နရီဟာ အရေးအဖွဲ့၊ ဇာတ်လမ်းဇာတ်ကွက် တင်ပြပုံနဲ့ ဇာတ်လမ်းမြှုပ်ကွက် အလှည့်အပတ်တွေမှာ သိပ်ကိုထူးချွန်တယ်လို့ စာဖတ်ပရိသတ်ကရော၊ စာပေပညာရှင်တွေကပါ အသိအမှတ်ပြုထားကြရတယ်။ ဇာတ်သိမ်းကတော့ စာဖတ်သူ လုံးဝ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်မျိုးနဲ့ သိမ်းလေ့ရှိတယ်။ ဒါဟာ သူ့ရဲ့ ထူးခြားချက်ပါပဲ။ အိုဟင်နရီဟာ ဝတ္ထုတိုအရေးကောင်းသူအဖြစ် ကမ္ဘာကျော်သူဖြစ်တဲ့အလျောက် စာချစ်သူလည်း ဝတ္ထုတို သဘောကျတယ်ဆိုရင် သူ့ရဲ့ လက်ရာတွေကို ခံစားကြည့်သင့်ပါတယ်လို့ တိုက်တွန်းပါရစေ။ 

၃။ ဒီအိတ်ခ်ျလောရင့် ( D.H. Lawrence ) - အင်္ဂလိပ်လူမျိုး စာရေးဆရာ ကဗျာဆရာ လောရင့်ကို စက်တင်ဘာ ၁၁ ရက်၊ ၁၈၈၅ ခုနှစ်မှာမွေးတယ်။ အိုဟင်နရီနဲ့ ရက်အတူတူပဲ။ အိုဟင်နရီလိုပဲ ဝတ္ထုအရေးအဖွဲ့မှာ ကမ္ဘာကျော်တယ်။ သူကျော်ပုံကတစ်မျိုး။ သူရေးလိုက်တဲ့ ဝတ္ထုတွေဆိုရင် အမေရိကန်မှာရော အင်္ဂလန်မှာပါ အကြီးကျယ် ပြဿနာတွေတက် ဆင်ဆာတွေမိနဲ့ ၊ အဲ့ဒီလို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေတဲ့ စာရေးဆရာတစ်ယောက်။ အဲ့ဒီစာအုပ်ရဲ့နာမည်က ‘Lady Chatterley’s Lover’ တဲ့၊ စာရေးဆရာမင်းထွဋ်က ‘မြို့စားကတော်’ ဆိုပြီး မြန်မာပြန်ဖူးတယ်။ အခြားစာအုပ်တွေကိုတော့ ပြန်ထားတာ မတွေ့မိသေးဘူး။

၎။ အိတ်ခ်ျဂျီဝဲလ်စ်  ( H.G. Wells )  - ၁၈၆၆ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့မှာ မွေးတယ်။ သူဟာ ကမ္ဘာကျော် သိပ္ပံဝတ္ထုရေးဆရာကြီးအဖြစ်လည်း ထင်ရှားသူပေါ့။ ရုပ်မြင်သံကြားတွေ မပေါ်ခင် ၊ မိုဘိုင်းဖုန်းတွေ မပေါ်ခင်ကတည်းက သူဟာ သူ့ရဲ့ ဝတ္ထုတွေထဲမှာ အဲ့ဒီအရာတွေကို စိတ်ကူးနဲ့ ထည့်သွင်းပြီး ရေးဖွဲ့ခဲ့သူတစ်ယောက်။ TV အဖြစ် ၊ Phone အဖြစ်ရယ်လို့ တစ်ထပ်တည်း မဟုတ်ပေမဲ့ ဒီသဘောတရားကိုပဲ သူက ခေတ်ရှေ့ပြေး ကြိုမြင်ပြီး ဝတ္ထုတွေမှာ ရေးသားခဲ့တယ်။ သူက မြန်မာနိုင်ငံကိုလည်း လာဖူးတယ်။ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးရတဲ့အကြောင်းကို ဝဲလ်စ်က ‘Trouble in Burma’ ဆိုတဲ့ နာမည်နဲ့ လန်ဒန်မြို့ထုတ် ‘News Chronicle’ သတင်းစာမှာ ရေးသားဖော်ပြလိုက်တာ ၊ သူ့ရဲ့ ကလောင်စွမ်းကြောင့် ကမ္ဘာကျော်သတင်းတစ်ပုဒ် ဖြစ်သွားပြီး ဒေါက်တာဘမော်ညွန့်ပေါင်းအစိုးရ ပြုတ်ကျသွားဖို့ ဖိအားပေးနိုင်ခဲ့တဲ့ ဆောင်းပါးအဖြစ် သမိုင်းတွင်သွားတယ်။ သူ့ရဲ့ ‘The Story of the Days to Come and other stories’ ကိုတော့ စာရေးဆရာကြီး မောင်ထင်က ‘အနာဂတ္တိကျမ်းနှင့် အခြားဝတ္ထုတိုများ´ ဆိုပြီး မြန်မာပြန်ထားတယ်။ 

၅။ ဝီလျံဖော့ကနာ ( William Faulkner ) - အမေရိကန်စာရေးဆရာကြီး၊ နိုဘယ်ဆုရှင် ဖော့ကနာကို စက်တင်ဘာ ၂၅ ရက်၊ ၁၈၉၇ ခုနှစ်မှာ မွေးခဲ့တယ်။ အမေရိကန်စာရေးဆရာ အကျော်အမော်တွေထဲက ကိုယ့် မွေးရပ်မြေအကြောင်းကို စွဲစွဲလမ်းလမ်း ဖွဲ့ဆိုတတ်သူအဖြစ် ထင်ရှားတဲ့သူပေါ့။ သူ့ရဲ့ ‘The Old Man’ 	ဆိုတဲ့ ဝတ္ထုကို ဆရာ ထွန်းမြတ်အေးက ‘ဇရာအိုကြီး’ အဖြစ် ဘာသာပြန်ဖူးတယ်။ အဲ့ဒီစာအုပ်နဲ့ပဲ ဆရာဟာ ၁၉၉၈ ခုနှစ်၊ စာပေဗိမာန် ဘာသာပြန်စာမူ ပထမဆု နဲ့ ၂၀၀၀ ပြည့်နှစ်မှာ အမျိုးသားစာပေ ( ဘာသာပြန် - ရသ ) ဆုကို ရရှိခဲ့တယ်။

၆။ တီအက်စ်အဲလိယော့ ( T.S. Eliot )- အမေရိကန်ပြည်ထောင်စုမှာ မွေးဖွား၊ ပညာသင်ကြားတက်မြောက်ပြီးနောက်ပိုင်း ဗြိတိသျှနိုင်ငံသားဖြစ်လာတဲ့ ကမ္ဘာကျော် စာရေးဆရာ၊ ပြဇာတ်ရေးဆရာ၊ အက်ဆေးဆရာ အဲလိယော့ကို စက်တင်ဘာ ၂၆ ရက်၊ ၁၈၈၈ ခုနှစ်မှာ မွေးတယ်။ သူ့ကို ခေတ်စမ်းကဗျာ လှုပ်ရှားမှုကြီးရဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ကြတယ်။ အဲလိယော့ဟာ ကဗျာနည်းနည်းပဲ ပုံနှိပ်ထုတ်ဝေခဲ့ပေမဲ့ သူ့ကဗျာတွေက ခေတ်သစ်ကဗျာနည်းပညာပေါ်မှာ ကြီးမာတဲ့ သြဇာလွှမ်းမိုးမှု ရှိခဲ့တယ်လို့ ဆိုကြတယ်။ ဝေဖန်ရေးဆရာတစ်ဦးလည်းဖြစ်တဲ့ အဲလိယော့ဟာ ပထမကမ္ဘာစစ်အပြီးမှာ အနုပညာရှင်တွေ ခံစားမိလာတဲ့ ၊ သိမြင်လာတဲ့ ဘဝအခြေအနေတွေကို အကောင်းဆုံး ထင်ဟပ်ပြသနိုင်ခဲ့တဲ့ စာရေးဆရာတစ်ဦးအဖြစ်လည်း ကမ္ဘာ့စာပေမှာ နေရာအပေးခံရတဲ့သူ။ ပထမကမ္ဘာစစ်အပြီး ဥရောပရဲ့ လူ့ယဉ်ကျေးမှု ပျက်သုဉ်းတဲ့အကြောင်း  ရေးဖွဲ့ထားတဲ့ ‘The Waste Land’ ကိုတော့ ဆရာဇော်ထွန်း ( အင်္ဂလိပ်စာပါမောက္ခ ) က ‘ဝိညာဉ်မှန်ကွဲစများ လွင့်မျောရာ ကန္တာရ’ ဆိုပြီး ဘာသာပြန်ထားတာ ရှိပါတယ်။

၇။ ထရူးမင်းကပုတ် ( Truman Capote ) - အမေရိကန်ဝတ္ထုရေးဆရာ ကပုတ်ဟာ ပြဇာတ်ရေးဆရာ၊ ဇာတ်ညွှန်းရေးသူ၊ ဝတ္ထုတိုဆရာ၊ ဒါ့အပြင် မင်းသားတစ်လက်အဖြစ်လည်း သရုပ်ဆောင်တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ စက်တင်ဘာ ၃၀ ရက်နေ့၊ ၁၉၂၄ မှာ မွေးတယ်။ သူ့ရဲ့ နာမည်ကြီးလက်ရာ ‘In Cold Blood’ ကို ဆရာတင်မောင်မြင့်က ‘သွေးအေးအေးဖြင့်’ ဆိုပြီး ဘာသာပြန်ဖူးတယ်။ ပြီးတော့ ‘Children on Their Birthday’ ကို ဆရာသစ္စာနီက ‘ကလေးချစ်’ အဖြစ် မြန်မာပြန်ဆိုထားတယ်။ လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကပုတ်ရဲ့ Breakfast at Tiffany’s ဝတ္ထုထဲက ဇာတ်ဆောင်မင်းသမီး Holly Golightly ရဲ့ ခရီးဆောင်သေတ္တာကြီးကို ကြိုက်ခဲ့တယ်လို့ ပြောဖူးတယ်။ သူကြိုက်တာက ဒီဝတ္ထုထဲမှာ ဒီခရီးဆောင် သေတ္တာကြီးကပြောပြတဲ့ အခန်းကဏ္ဍကို ဆိုလိုတာပါ။ စာအုပ်ကတော့ ဘာသာပြန် မရှိသေးပါဘူး။ 

ကဲ … စက်တင်ဘာလမှာ မွေးဖွားတဲ့ စာရေးဆရာတွေကတော့ တကယ့် ကမ္ဘာကျော် ဒိတ်ဒိတ်ကြဲတွေ များတယ်ဗျ။ သူတို့ရဲ့ လက်ရာတွေကိုလည်း ဖတ်ကြည့် ခံစားကြည့်ကြပါဦး။ တော်လစတွိုင်း ၊ အိတ်ခ်ျဂျီဝဲလ်စ် ၊ အိုဟင်နရီ ၊ ဖေ့ကနာ သူတို့ရဲ့ စာအုပ်တွေကတော့ လက်လှမ်းမီပါတယ်။ ရှာရလွယ်ပါတယ်။ ကဗျာသမားကတော့ အဲလိယော့ကို လက်လွှတ်မခံသင့်ဘူး။ လောရင့်စာအုပ်တွေကတော့ ဘာသာပြန် ခပ်ရှားရှားရယ်။ ကပုတ်ကတော့ ရုပ်ရှင်တွေလည်း ရှိတယ်။ ‘Capote’ ဆိုတဲ့ ရုပ်ရှင်ကတော့ သူ့ရဲ့ ဘဝထုပ္ပတ်ကို ရိုက်ထားတာ။ ရုပ်ရှင်ကြည့်ရင်း စာရေးဆရာအကြောင်းလည်း လေ့လာရင်းဆိုရင်တော့ ကွက်တိပေါ့ဗျာ။ 

ဝန်ဇင်းမှာရှိတဲ့ ဆရာမြသန်းတင့်၊ ဆရာမောင်ထွန်းသူ၊ ဆရာကျော်အောင်တို့ရဲ့ ဘာသာပြန် စာအုပ်တွေမှာ တော်လစတွိုင်းနဲ့ အိုဟင်နရီလက်ရာတွေ ရှိပါတယ်။ ဖတ်ကြည့်ပါ။ ဖတ်သင့်တဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်။ 

ဒါဆိုရင် ဒီတစ်ပတ်အတွက် စာရေးဆရာတွေအကြောင်းကတော့ ဒီလောက်ပါပဲ။ နောက်ရက်တွေမှာလည်း အခြား စိတ်ဝင်စားဖို့ကောင်းတဲ့ Article တွေကို ဆက်လက် ဖော်ပြသွားဦးမှာပါ။ ဒါကြောင့် ဝန်ဇင်း App ထဲက ‘အခမဲ့’ ဖတ်စရာကဏ္ဍကို နေ့စဉ် ဝင်ရောက်ကြည့်ရှုဖို့ မမေ့ပါနဲ့ဦးလို့ ပြောလိုက်ပါရစေ။ 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts