ညဘက် အိပ်မပျော်ဘူးဆိုရင် ဒီစာကိုဖတ်ပါ ! [ Special Issue ]


ညဘက် အိပ်မပျော်ဘူးဆိုရင် ဒီစာကို ဖတ်ပါ !

ယနေ့လို အလုပ်တွေရှုပ် အရှုပ်တွေလုပ်ရင်း မိုဘိုင်းဖုန်းနဲ့ နှစ်ပါးသွားနေကြတဲ့ နည်းပညာခေတ်ကြီးထဲမှာ ကျနော်တို့ ခင်ဗျားတို့ရဲ့ အိပ်စက်မှုနှုန်းက ပုံမှန် မဟုတ်တော့ပါဘူး။ စိတ်ဖိစီးမှုတွေနဲ့ အိပ်မရဘူး၊ အိပ်မပျော်ဘူး။ အိပ်စက်ချိန်မမှန်ဘူး၊ အိပ်ချိန်နည်းမယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတယ် ဆိုတာကတော့ ဟိုး … အဝေးကြီးမှာ။ ဒီနေ့ လူငယ်အများစု ကြုံတွေ့နေရတဲ့ ပြဿနာကတော့ “ဘယ်လောက်အိပ်အိပ်, အိပ်ရေးမဝဘူး” ဆိုတဲ့ ကိစ္စပါပဲ။ ညညဆို အိပ်မပျော်ဘူး၊ ပြီးတော့ အလုပ်ထဲရောက်ရင် ငိုက်ပြီ ^_^

ဒီလိုနဲ့ ညဘက် အိပ်မပျော်တတ်တဲ့ အကျင့်လေးတွေကို တယုတယ သိမ်းထားရင်း အချိန်ကြာလာပြီ ဆိုရင်တော့ သင်ဟာ ညဘက်အိပ်မပျော်ခြင်း (Insomnia) အဆင့်ထဲက Chronic Insomnia လို့ခေါ်တဲ့ နာတာရှည်အိပ်မပျော်ရောဂါ စစ်စစ်ကို ခံစားသွားရပါလိမ့်မယ်။ ခုလို အိပ်မပျော်ရောဂါ (အပြင်းစား) ကို ခံစားရသူ အရေအတွက်ကတော့ အနည်းအကျဉ်းပဲ ရှိတတ်ပါတယ်။ ဒါပေမဲ့ စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းဖြစ်မှု၊ စိတ်ဖိစီးမှုနဲ့ လောကဓံတရားအမျိုးမျိုးကို ကြုံတွေ့ရမှုကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်လို့မရသူ ဦးရေဟာ ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ *သုံးပုံနှစ်ပုံ* လောက် ရှိနေတယ်လို့ Dr. Neil Stanley က တင်​ပြထားတယ်​။ ဒါ့အပြင်​ ကျား - မ ခြားနားမှုမှာလည်း အိပ်မပျော်ရောဂါ ခံစားရသူ အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေရဲ့ နှစ်ဆလောက် ရှိပါသတဲ့။

ကဲ … ဒီ အိပ်မပျော်ရောဂါကို ဘယ်လို ဖြေရှင်းကြမလဲ ?

- အိပ်ခါနီး ဖုန်းမသုံးပါနဲ့၊ တီဗီမကြည့်ပါနဲ့
- ကော်ဖီသောက်တာ ဆင်ခြင်ပါ
- ဝင်လေထွက်လေမှတ်ပါ
- တရားထိုင်​ပါ
- RS တွေ ကိုယ့် ex ကို ပြန်လွမ်းမနေကြပါနဲ့
- Single နဲ့ FA တွေလည်း crush အကြောင်းတွေးတာ ရပ်ပါ

ဒါတွေက - အိပ်မပျော်ရောဂါ / အိပ်မရတဲ့ပြဿနာ - ကို ဖြေရှင်းဖို့ နည်းလမ်းတွေအဖြစ် ကြားနေ မြင်နေကြ ဆောင်ရန် ရှောင်ရန်တွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီအတိုင်း လိုက်နာဖို့ ခက်နေကြတယ် မဟုတ်လား! ဒါကြောင့် အဲ့ဒီ နည်းလမ်းတွေထက် ပိုလွယ်ကူမယ့် ၊ သင်တို့လို စာသမားတွေနဲ့လည်း အံကိုက်ဖြစ်မယ့် နည်းလမ်းတစ်ခု ပေးချင်ပါတယ်။ အဲ့ဒါကတော့ -

> စာအုပ်ကို အနောက်ကနေ ပြန်ဖတ်ပါ <

အနားမှာ ရှိတဲ့ စာအုပ်ကို ယူလိုက်ပါ။ ဒါမှမဟုတ် ဖုန်းထဲမှာ ရှိတဲ့ စာအုပ်ကို ဖွင့်လိုက်ပါ။ နောက်ဆုံး စာမျက်နှာကို သွားပါ။ နောက်ဆုံး စာမျက်နှာရဲ့ နောက်ဆုံး စာကြောင်း နောက်ဆုံး စာလုံးကနေ ပုံမှန် စာဖတ်နေကျအတိုင်း ရှေ့ကို ပြန်ဖတ်သွားပါ။ အသံထွက် ဖတ်ပါ။ စာတွေ ကျော်မချပါနဲ့။ ဒီလိုနည်းနဲ့ သင်ဟာ ကောင်းကောင်း အိပ်ပျော်သွားပါလိမ့်မယ်။ မယုံမရှိပါနဲ့။ အဲ့ဒါ လက်တွေ့ပါ။

မတရားကို လွယ်ကူလွန်းလို့ ဟုတ်မှဟုတ်ပါ့မလားလို့ သံသယဝင်ချင် ဝင်နိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းကို သင်ကိုယ်တိုင် အကောင်အထည် ဖော်ပြီးချိန်မှာတော့ “Insomnia ဆိုတာ ဘာမုန့်လဲ၊ စားလို့ရလား” လို့ ပြန်မေးနေရပါလိမ့်မယ် ^_^

.........

။     ။ တကယ်လို့ ‘အိပ်မပျော်ခြင်း’ နဲ့ ပတ်သက်ပြီး ဆေးပညာရှုထောင့်ကနေ စနစ်တကျ သုံးသပ် ရှင်းလင်းပြထားပြီး အိပ်မပျော်ခြင်းကို ကုသဖို့ တကယ့် ဆောင်ရန် ရှောင်ရန် နည်းနာတွေကို ကျကျနန သိချင်တယ်ဆိုရင်တော့ ဒေါက်တာလှကြည် ရေးတဲ့ ‘အိပ်မပျော်ဘူးလား’ ဆိုတဲ့ စာအုပ်ကို ဖတ်စေချင်ပါတယ်။ 

ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီင်္း ဖတ်ရှုနိုင်ပါပြီ။


ဝန်ဇင်းပရိသတ်ကြီးကို 
ချစ်ခင်စွာဖြင့် ... ။

Related Posts