“ကြည်အေး၏ မီ ( သို့မဟုတ် ) မယုံကြည်ရသော ဇာတ်ပြော” ...


[ မီဝတ္ထုမှာ မိန်းမတစ်ယောက်ရဲ့ အကြောင်းကို ယောက်ျားတွေက ဝိုင်းဝန်းအနက်ပြန်ပြီး သူတို့ နားလည်ချင်သလို နားလည်လိုက်ကြတဲ့အခါ ဒါမှမဟုတ် မိန်းမတစ်ယောက်ရဲ့ ပြောစကားတွေဟာ ယောက်ျားတွေ ခင်းကျင်းထားတဲ့ အနေအထားတစ်ရပ်ထဲကို ရောက်နေတဲ့အခါမှာ ဇာတ်ကောင်အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို ကျွန်တော်တို့ဟာ ရေရေရာရာ ဆုံးဖြတ်နိုင်စွမ်း မရှိတော့ဘူးဆိုတာကို တွေ့လာစေတော့တာပါပဲ။ ]

“ကြည်အေး၏ မီ ( သို့မဟုတ် ) မယုံကြည်ရသော ဇာတ်ပြော”

̵ မင်းခက်ရဲ ̵

ကြည်အေးက ‘မီ’ ဆိုတဲ့ ဝတ္ထုရေးပါတယ်။ ‘မီ’ ဆိုတဲ့ အမျိုးသမီးဇာတ်ကောင်အကြောင်းကို အဓိက ရေးထားတာပါ။ မီဝတ္ထုဇာတ်ကြောင်းနဲ့ ပတ်သက်ပြီး ဒီလောက်ပဲ ပြောနိုင်ပါတယ်။ ဒီ့ထက်ပိုပြီး မပြောနိုင်ပါဘူး။ ဝတ္ထုတစ်ပုဒ်အကြောင်းကို တစ်စုံတစ်ယောက် ( ကျွန်တော် ) က ပြန်ပြောပြတဲ့အခါမှာ ဒီလောက်နဲ့ မပြည့်စုံမှန်းတော့ သိပါတယ်။ ခက်တာက မီဝတ္ထုဟာ မီဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ရေးထားတာဖြစ်တယ် ဆိုတာကလွဲပြီး ဒီ့ထက်ပို ပြောလို့မရ ဖြစ်နေပါတယ်။

သည်ထက်ပိုပြီး သိချင်ကြပါလိမ့်မယ်။ သဘောက ဘယ်လိုအမျိုးသမီးလဲ။ ဘယ်လိုစိတ်ဓာတ်ရှိသလဲ။ ဒီအမျိုးသမီးနဲ့ ပတ်သက်ပြီး ဘယ်လိုဇာတ်သိမ်းလဲ။ နိဂုံးက ဘာလဲ။ ဘယ်သူက အဓိကဇာတ်ကောင်လဲ။ ဇာတ်လမ်းကို ဘယ်လိုအဆုံးသတ်သွားသလဲ။ မီ ဝတ္ထုကို ဖတ်ပြီးသားသူ တစ်ယောက်အနေနဲ့ မေးရမယ်ဆိုရင် စာရေးဆရာရဲ့ ရည်ရွယ်ချက်က ဘာလဲ။ မီရဲ့ ဘဝဇာတ်ကြောင်းက ဘာလဲ။ မီကို ဘယ်လိုမြင်သလဲ စသဖြင့် မဆုံးနိုင်တဲ့ မေးခွန်းပေါင်း မြောက်မြားစွာကို မေးရပါလိမ့်မယ်။

ဒီလို မေးခွန်းပေါင်းများစွာကို ဘာကြောင့် မေးရတာလဲ။ မီနဲ့ ပတ်သက်ပြီး ဘာကြောင့် ရေရေရာရာ အဖြေမပေးနိုင်ရတာလဲ စသဖြင့် စဉ်းစားမိရပါလိမ့်မယ်။ မီဝတ္ထုရဲ့ အဖွင့်မှာ ဒီလိုစပါတယ်။ “မီ တဲ့။ မီ မီ မီ ကို မမြင်ဖူးခင်ကတည်းက သည်နာမည်ကလေးကို ဘယ်လောက်များ တရပါလိမ့်။ ပထမတော့ နာမည်ကလေး ဆန်းဆန်းမို့ ခေါ်ကောင်းကောင်းနှင့် ခေါ်မိသည်။ နောက်တော့ ယောက်ျားတစ်ယောက်ကို ပေါ့ပေါ့ကလေး သေစေနိုင်သူမို့ …” လို့ ဆိုပါတယ်။ ဒါတွေကို တွေးတောနေသူက ဝတ္ထုမှာ ဒုတိယဇာတ်ကောင်လို့ ဆိုရမယ့် ဦးသော်ဆွေပါပဲ။ ဝတ္ထုမှာ ဒိုင်ယာလော့ခ်တချို့ကလွဲရင် ဇာတ်ပြောအတော်များများကို ဦးသော်ဆွေ စိတ်ကူးနဲ့ ပြောတယ်။ တစ်ခါတစ်ရံတော့ ဇာတ်ပြောဟာ မီနဲ့ သက်ဆိုင်ရာ ယောက်ျားဇာတ်ပြောသူများရဲ့ အတွေးစိတ်ကူးဖြစ်တယ်။ တစ်ခါတစ်ရံတော့ ဝတ္ထုထဲမှာ ဒိုင်ယာလော့ခ်တွေ ရှိပါတယ်။ ဒါကြောင့် ဒီဝတ္ထုမှာ အဓိကပြောပြနေတာက ယောက်ျားဇာတ်ပြောသူ ဦးသော်ဆွေ ဖြစ်ပါတယ်။ ဝတ္ထုထဲက ဇာတ်ပြောဟာ အရာရာအားလုံးကို အလိုလိုသိနေတဲ့ ဇာတ်ပြော* ( omniscient narration ) မဟုတ်ဘူး ဆိုတာတော့ သိရပါတယ်။

ဦးသော်ဆွေ စဉ်းစားနေတဲ့ မီဟာ တကယ့်မီလား ? မသေချာပါ။ ဦးသော်ဆွေ တွေးသလိုမျိုး မီ ဟုတ်ချင်မှ ဟုတ်ပါတယ်။ အထက်က အဖွင့်စာကြောင်းမှာ ကျွန်တော်တို့ ထိတွေ့ရသမျှ မီဟာ ဦးသော်ဆွေရဲ့ သိမှတ်နားလည်မှုအရသာ သိရပါတယ်။ တကယ့်အစစ်အမှန် မဟုတ်ပါ။ ဦးသော်ဆွေဆိုတဲ့ ဇာတ်ပြောဟာ ယောက်ျားတစ်ဦးဖြစ်တယ်။ အရာရာကို မှန်ကန်စွာ နားလည်နိုင်သူ ဟုတ်ချင်မှ ဟုတ်ပါမယ်။ သူပြောသမျှကို အမှန်လို့ မယူဆနိုင်ပါ။ မီဟာ အသည်းခွဲတတ်သူ၊ ယုတ်မာသူ တကယ့် အစစ်အမှန်ဆိုလျှင်တောင်မှ ဦးသော်ဆွေဆိုတဲ့ ယောက်ျားတစ်ယောက်အနေနဲ့ ယောက်ျားတစ်ဦးရဲ့ အမြင်နဲ့သာ မြင်ပါလိမ့်မယ်။ ဒါကြောင့် ဘုသ်* ( Booth, Wayne ) ရဲ့ အသုံးအနှုန်းအရ ပြောရမယ်ဆိုရင် ဦးသော်ဆွေဆိုတဲ့ ဇာတ်ပြောဟာ မယုံကြည်နိုင်လောက်သော ဇာတ်ပြောသူ ( unreliable narrator )* သာ ဖြစ်နေပါတယ်။ ဘုသ်ရဲ့ အဆိုအရဆိုရင် ဒီလို ဇာတ်ပြောမျိုးဟာ သူ့ရဲ့ သိမှတ်မှုကိုသာ အမှန်တရားသဖွယ်ဖြစ်အောင် ဝတ္ထုတစ်လျှောက်လုံးမှာ ကြိုးပမ်းနေပါလိမ့်မယ်။

ဒုတိယစာမျက်နှာမှာတော့ မီက လေးဆိုတဲ့ လူငယ်တစ်ဦးဆီရေးတဲ့ စာကို ဖော်ပြထားတယ်။ လေးဆိုတဲ့ လူငယ်ဟာ မီ့ကို အရမ်းချစ်တယ်။ ဒါပေမဲ့ လေးရဲ့ ပြော့ပချက်တချို့အရ မီဟာ သူ့ကို ချစ်သလိုလို၊ မချစ်သလိုလို လုပ်နေတယ်။ လှည့်စားနေတယ် ဆိုတဲ့သဘောပဲ။ ဒါတွေကိုလည်း လေးရဲ့ ပြောပြချက်အရသာ သိနိုင်တယ်။ ဝတ္ထုမှာ လေးက ကြာရှည်မခံလိုက်ဘူး။ စာမျက်နှာ အနည်းငယ်လောက်အတွင်းမှာပဲ စစ်ထဲမှာ သေသွားတယ်။ တပ်ထဲမှာ လေးနဲ့တွဲပြီး လေးဆီကနေတစ်ဆင့် မီ့အကြောင်းကို သိရတာကတော့ ဦးသော်ဆွေပေါ့။ အတော်များများက သူ့အပြော၊ သူ့တွေးတောချက်တွေကနေ တစ်ဆင့် ဖော်ထုတ်ထားတာပါပဲ။

မီရဲ့စာမှာတော့ မီဟာ အိပ်မက်,မက်တဲ့အကြောင်း၊ လေးနဲ့ ဘာမျှ စကားမပြောဖြစ်ဘဲ နှစ်ယောက်တည်း ငြိမ်ထိုင်နေကြကြောင်း၊ သူဟာ ( အဆုတ်နာ ) ရောဂါကြောင့် သေရတော့မယ့်သူ ဖြစ်ကြောင်း ရေးထားတယ်။ ဝတ္ထုတစ်ပုဒ်လုံး ဦးသော်ဆွေရဲ့ အတွေးတွေ လွှမ်းမိုးနေပေမယ့် ဒီစာတစ်စောင်မှာ မီရဲ့ အတွေးတချို့ ရှိပါတယ်။ ဒါပေမဲ့ တိုက်ရိုက်အတွေးမျိုး မဟုတ်ဘဲ စာကနေတစ်ဆင့်သာ သိရတဲ့ မီရဲ့စိတ်ကူး ဖြစ်နေပြန်ပါရော။ စာရဲ့နောက်ပိုင်းမှာ မီဟာ သူ့ရဲ့ ရောဂါအခြေအနေမကောင်းကြောင်း ရေးထားတယ်။ ထူးခြားတာတစ်ခုက “လေးနဲ့ မီ စတွေ့ကတည်းက မီဟာ တစ်ခါမျှ ကောင်းကျိုး မပေးခဲ့သေးဘူး။ လေးခုလို မီ့ဆီက ထွက်ပြေးလို့တော့ .. မီ့ဘက်က လွယ်မယ်ထင်သလား … လေးဟာ မီ့ကို မုန်းလိုက်မှ အေးမှာ။ လေးဟာ ခုလို မီ့အတွက် စိတ်ညစ်ပြီး ထင်ရာတွေလုပ်နေဖို့ မကောင်းပါဘူး” လို့ ဆိုထားတယ်။

ဒီနေရာမှာ “မီဟာ တစ်ခါမျှ ကောင်းကျိုးမပေးခဲ့သေးဘူးနော်” စာသားနဲ့ “မီ့အပြစ်တွေအတွက် မီ့ကို သေသေချာချာ မုန်းလိုက်ဖို့ကောင်းတယ်” ဆိုတဲ့ စာသားတွေကြောင့် မီဟာ ဆိုးတယ်လို့ ထင်နိုင်စရာ ရှိလာတယ်။ ဒီစာသားတွေကလည်း ပထမဆုံး ဦးသော်ဆွေက မီမကောင်းကြောင်းတွေးပြီး ချက်ချင်း ဒုတိယအပိုဒ်မှာ ဆိုထားတဲ့အတွက် စာဖတ်သူဆီကို ချက်ချင်းဝင်ရောက်သွားတာက မီဟာ မကောင်းဘူးဆိုတဲ့ အသိပဲ။ စာဖတ်သူကို ချက်ချင်း အသေရိုက်နှိပ်လိုက်တာက ဝတ္ထုဟာ မီဆိုတဲ့ လှည့်စားတတ်တဲ့သူတစ်ယောက်ကို ရေးထားတယ်ဆိုတဲ့ မျှော်လင့်ချက်သာ ဖြစ်တယ်။ အဲဒီ့ မျှော်လင့်ချက်နဲ့ စာဖတ်သူက ဖတ်ရှုတဲ့အခါမှာ ဇာတ်ပြောသူ ဦးသော်ဆွေ တစ်နည်းအားဖြင့် မယုံကြည်စရာကောင်းတဲ့ ဇာတ်ပြောသူ ပြောသမျှကို နာခံသွားနိုင်တာပါပဲ။

ဝတ္ထုထဲမှာ မီဟာ မိန်းမဆိုးတစ်ယောက်လို့ ရှိသမျှ ယောက်ျားတွေက ဝိုင်းပြောနေကြတယ်။ ဒါပေမဲ့ ဒါဟာ ဇာတ်ကောင်တွေက ကိုယ်စားပြု ပြောနေတဲ့အတွက် မသေချာပါဘူး။ ခုလည်းကြည့်ပါ။ လေးဆိုတာ မီ့ကို အသည်းအသန် ကြိုက်နေတဲ့သူပါ။ ( ဒါက ဝတ္ထုနောက်ပိုင်းမှ သိရတာပါ။ အဲဒီအချိန်မှာ စာဖတ်သူဟာ ဇာတ်ပြောသူရဲ့ ခေါ်ဆောင်မှုက မခွာနိုင်တော့ပါဘူး။ ) ဒီတော့ မီက ‘လေး’ ကို သနားပုံရတဲ့အတွက် သူ့ကို စွဲလန်းလို့ ဒုက္ခရောက်ရရှာတယ်။ ဒါမှမဟုတ် သူက ဒုက္ခပေးမိသလို ဖြစ်တယ် ဆိုတာလောက်ကို ရေးထားတာပါပဲ။ အထူးသဖြင့် “မီ့ကို သေသေချာချာ မုန်းလိုက်ဖို့ကောင်းတယ်” ဆိုတဲ့အကြောင်းက မီ့ရဲ့ စိတ်ထားကောင်း၊ စေတနာကောင်းကို ဖော်ပြနေသလိုလို ရှိပါတယ်။ သဘောက စိတ်ထားကောင်းပုံရတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ပုဂ္ဂလိကဖြစ်တဲ့ ကျွန်တော့်ရဲ့ အတင်းဆုံးဖြတ်ချက်ချမှုကြောင့်သာ ဖြစ်လို့ပဲ။ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်လောက်အောင် မရှိတာကိုလည်း တွေ့ရပါတယ်။ မီဟာ စိတ်ကောင်းရှိသူလား။ တကယ် မသေချာပါဘူး။ ပထမတော့ မီ့ရဲ့ ဒီစာပိုဒ်ကပဲ မီ့ကို အပြစ်ရှိသယောင် လုပ်ပါတယ်။ အသေအချာ ညှိနှိုင်းဖတ်ရှုလိုက်တော့ ဒီစာပိုဒ်ကပဲ မီကို စိတ်ကောင်းရှိသလို ဖြစ်စေပါတယ်။ ဘယ်အရာအမှန်လဲဆိုတာ မသေချာပါ။ စာဖတ်သူအနေနဲ့လည်း ဘယ်အရာအမှန်လည်း မသေချာပါ။ ဆုံးဖြတ်ရမသေချာ ( indeterminacy )* ဖြစ်နေတာကို ဒီမှာ စတွေ့ရတာပါပဲ။ သဘောက မီဝတ္ထုထဲက စာသားတွေက မီအကြောင်းနဲ့ ပတ်သက်လို့ ဘာပြောသလဲ ? သေချာပါတယ်။ ဘာမျှမပြောပါဘူး။ 
လေးနဲ့ ပတ်သက်တဲ့ မီရဲ့ သူ့ကိုယ်သူ ဖော်ပြချက်ကလေးကပဲ ကျွန်တော်တို့ကို ဘယ်လို နားလည်ရမှန်းမသိအောင် လုပ်လိုက်ပါတယ်။ ဝတ္ထုစစချင်းမှာ ဦးသော်ဆွေ စဉ်းစားတော့ မီမကောင်းဘူးတဲ့။ အခုမီက သူ့ဘာသာသူ စဉ်းစားမိတဲ့ အရာတစ်ခုကို စေ့စေ့စပ်စပ်ဖတ်ရှုကြည့်တော့ မီက ‘လေး’ ကို အသည်းခွဲတဲ့သဘော၊ နစ်နာစေချင်တဲ့သဘော မတွေ့ရပြန်ဘူး။ မီက ဘယ်လိုမိန်းမမျိုးလဲ ထပ်မံဆန်းစစ်ကြည့်ဖို့ ကျန်တဲ့ ဝတ္ထုအဆက်အစပ်တွေကို စိစစ်ကြည့်ရအောင်ပါ။

“မီသည် မောင်ကိုလေးအား ညှင်းဆဲရသည်ကို အရသာပေါ်နေဟန်တူ၏။ မီသာမဟုတ်၊ ဘယ်မိန်းမမဆို သူတို့အတွက် လူတစ်ယောက် ဒုက္ခရောက်နေရပါသည်ဆိုလျှင် ပျော်၏။ အားရ၏။ ပြီးတော့ သူတို့အတွက် ဂုဏ်ယူလိုက်ချင်သေးသည်။ သို့သော် မီက ပို၏။” လို့ ရေးထားတာကို တွေ့ရမယ်။ ဒါက မယုံကြည်နိုင်လောက်သော ဇာတ်ပြော၊ တစ်နည်းအားဖြင့် ဦးသော်ဆွေက သူ့ဘာသာသူ မီနဲ့ပတ်သက်လို့ အနက်ပြန် ဖွင့်ဆိုထားတာသာ ဖြစ်တယ်။ ဦးသော်ဆွေရဲ့ အမြင်မှာသာ ဖြစ်တယ်။ မီက ဒါမျိုးမဟုတ်၊ မဟုတ် ဆိုတာ မသေချာဘူး။ “ဘယ်မိန်းမမဆို …” လို့ ရေးသားတဲ့အတွက် ဦးသော်ဆွေမှာက မိန်းမမုန်းတီးမှုတွေ ရှိနေတယ်။ နောက် မီကို သူနားလည်ချင်သလို နားလည်ပြီး ပိုမုန်းလိုက်တယ်။ ဝတ္ထုက ဒီနေရာမှာ ပြင်ပ အစစ်အမှန်တရားဟာ ဘာဆိုတာကို မဖော်ပြဘူး။ ၄င်းအစစ်အမှန်တရားကို ဖွင့်ဆိုနားလည်ကြတဲ့အခါ အမျိုးမျိုးကွဲသွားတယ်။ အစစ်အမှန်တရားကို ဖွင့်ဆိုနားလည်ကြတဲ့အခါ အမျိုးမျိုးကွဲသွားတယ်။ အစစ်အမှန်တစ်ခုကို အနက်ဖွင့်ဆိုဖို့ ကြိုးစားတဲ့အခါနေရာမှာ အရာရာဟာ ဝရုန်းသုန်းကား ဖြစ်သွားတယ်။ အထူးသဖြင့် ယောက်ျားတွေပေါ့။ အမျိုးသမီးတစ်ဦးကို ဘယ်လိုမှ နားလည်နိုင်စွမ်းမရှိကြဘူးလေ ဆိုတာမျိုး။

နောက်တော့ မောင်ကိုလေး ဆုံးသွားတယ်။ ဦးသော်ဆွေက မီကို ပိုမုန်းလာတယ်။ နောက် မီနဲ့ ပါတီပွဲမှာ လာတွေ့တယ်။ မီက သူဌေးတစ်ဦးရဲ့ အတွင်းရေးမှူးပဲ။ မီဟာ အန္တရာယ်ရှိတဲ့ ယောက်ျားတွေကြားထဲမှာ တစ်ယောက်တည်း ရပ်တည်နေရတယ်။ ငယ်ငယ်က ယောက်ျားတစ်ယောက်ရဲ့ လှည့်စားမှုကို ခံရဖူးတယ်။ ဒီတော့ မီက ယောက်ျားတွေရဲ့ သဘောကို သိလာမယ် ။ သူ့ဘာသာသူ ဖြစ်ချင်သလို ဖြစ်နေလိုက်မယ်။ တုံဏှိဘာဝေနေမယ်။ အန္တရာယ်ပေးနိုင်တဲ့ မောဟသမားတွေကို မီက ကစားချင်ကစားမယ်။ ဝတ္ထုထဲမှာတော့ မောင်ကိုလေးတို့လိုလူမျိုး လူအေးတွေက သူတို့ဘာသာသူတို့ တစ်ဖက်သတ်ခံစားပြီး ရှုပ်ကုန်တာပဲ။ မီက အဲဒီလို ရည်ရွယ်ချက် မရှိဘူးဆိုတာတွေကိုတော့ မီ့အပြောတွေကနေတစ်ဆင့် တွေ့ရမယ်။

ယောက်ျားတွေအားလုံးက မီ့ကို သားကောင်လို နေစေချင်တာ။ ဝတ္ထုက ယောက်ျားတွေ အတော်များများက ကျားတွေကိုး။ မီဟာ သားကောင်လို ဖြစ်မလာတော့တဲ့အခါ မီဟာ အဆိုးတွေပဲ ဖြစ်ကုန်တာပေါ့။ ဝတ္ထုထဲက ဒီလို အနေအထားတစ်ရပ် ( situation ) က မီ့ကို ဆိုးတယ်လို့ ထင်ယောင်ထင်မှား ဖြစ်စေခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ မီ့ရဲ့ အပြောအဆိုတချို့နဲ့ အတွေးတချို့အရ မီဟာ ဆိုးသယောင်ရှိပြီး တချို့အတွေးတွေကတော့ မီဟာ ကောင်းနေပြန်ရော။

မီဟာ သူ့ကိုယ်သူ ဆိုးတယ်လို့ ဖော်ပြခဲ့တဲ့ ဒိုင်ယာလော့ခ်တွေ ရှိပါတယ်။ ဒါပေမဲ့ ဒီစကားပြောတွေက သူ့ချည်းသက်သက် ရှိနေမယ်ဆိုရင်တော့ မီဟာ ဆိုးတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါပေမဲ့ မီ့ရဲ့ ပြောစကားတွေက ဝတ္ထုထဲက ပတ်ဝန်းကျင် အဆက်အစပ်အရသာ ဖြစ်တည်လာတာ။ ဖြစ်တည်နေတာ။ မီရဲ့ ပြောစကားတွေကို အဓိပ္ပာယ်ဖွင့်ပေးနေတာက သူပြောနေတဲ့ အချိန်ကာလနဲ့ အနေအထားတစ်ရပ်သာ ဖြစ်တယ်။

“အို .. မီဘာဖြစ်နေတယ် မသိဘူး။ ထင်ရာရမ်းချင်တဲ့ရောဂါ မီ့မှာရှိတယ် ကိုဆွေ၊ မီသေခါနီးမို့ ကယောင်ကတမ်း ဖြစ်နေတာလား မသိဘူး။” လို့ ဆိုတယ်။ မီဟာ အဆုတ်နာရောဂါကြောင့် သိပ်မကြာခင် သေရမယ့်သူပဲ။ ဒါပေမဲ့ ယောက်ျားတွေကတော့ သူ့အနားမှာ အုံခဲနေတယ်။ ပန်းတစ်ပွင့်ရဲ့ နောက်ဆုံး အချိုရည်တွေကို စုပ်ယူတော့မယ့် ပျားပိတုန်းတွေ အုံခဲနေတယ်ပေါ့။ ဒါပေမဲ့ မီက မတုန်လှုပ်ဘူး။ သာမန်ပဲ။ နဂိုကတည်းက မီဟာ ယောက်ျားတွေကို ကြောက်တယ်။ ခု သေခြင်းတရားက ဝင်စွက်ဖက်တယ်။ မီက သာမန်ပဲ။ 
နောက်တော့ မီဟာ ဆေးရုံတက်ရတယ်။ မောင်ကိုလေးကိုတော့ သံယောဇဉ်ဖြစ်နေတဲ့ အနေအထားမှာ ရှိတယ်။ မီရဲ့နှလုံးသားမှာ ဦးသော်ဆွေက ဝင်ရောက်လာတယ်လို့ ဆိုရမယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို ချဖို့က မသေချာပြန်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဝတ္ထုထဲမှာ ‘မီဟာ မကောင်းဘူး’ ဆိုတဲ့ ယောက်ျားတွေရဲ့ အတွေးတွေက စိုးမိုးလွန်းအားကြီးတော့ ဒီလို ဆုံးဖြတ်ရမှာလည်း မလွယ်ပြန်ဘူး။ မီကို ချစ်ပါတယ်ဆိုတဲ့ ဦးသော်ဆွေလို လူမျိုးကတောင် ‘မီသည် ကျားနာမှ တကယ့်ကျားနာ၊ ဘယ်သူ့ကိုမဆို သူ့ကိုယ်သူပင် ကောင်းကျိုးမပေး’ လို့ မြင်တယ်။ ဒါမျိုးက တစ်ခါတည်း မဟုတ်ဘူး။ ထပ်ခါတလဲလဲ စာဖတ်သူခေါင်းထဲ ဦးသော်ဆွေရဲ့ အတွေးတွေက ရိုက်ထည့်နေပါတယ်။

တစ်ခါတလေ ‘မီကမူ အတိုင်းအထက်အလွန် မတုန်မလှုပ် ပမာမခန့်နိုင်လာ၏။’ ဆိုတဲ့ စာကြောင်းက ဦးသော်ဆွေရဲ့ အတွေးတွေကို တကယ့်အမှန်တရားလိုလို ညင်ညင်သာသာလေး ဖော်ထုတ်ထားတာမျိုး ဖြစ်တယ်။ မီက ဦးသော်ဆွေကို နှစ်လိုတယ်။ ဦးသော်ဆွေက သူ့ကို နားမလည်ဘူး။ ဒါကို “အော် … ကိုဆွေကအစ မီ့ဘက်မှာ မရှိဘူးနော်။ ကိုက လေးဘက်က သိပ်နာနေတာကိုး” လို့ ပြောတာမှာ ကြည့်နိုင်တယ်။ ဒီမှာ စာဖတ်သူအတွက် ပြဿနာ ဖြစ်လာတာပဲ။ မီဟာ တကယ့်မကောင်းဆိုးဝါးလို့ ပြောပြောနေတဲ့ ယောက်ျားဇာတ်ပြောတွေက တစ်ဖက်၊ မီ့ရဲ့ဇာတ်ပြောက ထုတ်ဖော်ပြောလိုက်တဲ့ မီ့စိတ်ထားက တစ်ဖက် စသဖြင့် ဆုံတွေ့ကြတဲ့အခါ မီဟာ ဘယ်လိုအမျိုးသမီးလဲဆိုတာကို ဆုံးဖြတ်ရ မရေမရာ ဖြစ်လာစေတော့တာပါပဲ။

အထူးသဖြင့် ဝတ္ထုရဲ့ နောက်ဆုံးမှာ စာဖတ်သူ လုံးဝ မျှော်လင့်မထားတဲ့ ရှော့ခ်ကို ပေးခဲ့တယ်။ မီက ဘယ်လိုလူလည်းလို့ ဆုံးဖြတ်ရ ခက်သွားစေတယ်။ မီက နောက်ဆုံးမှာ ဝတ္ထုတစ်ပုဒ်လုံးမှာ လုံးဝမကြားဖူးတဲ့ နာမည်တစ်လုံးကို ရွတ်ပြီး ဦးသော်ဆွေလက်ထဲ ဆုံးသွားတယ်။ ‘ဘလှဝင်း’ တဲ့။ ကဲ … မီကို ကျွန်တော်တို့ ဘယ်လောက်ထိ နားလည်သလဲ။ မီကို ကျွန်တော်တို့ ဘယ်လို ဆုံးဖြတ်မလဲ။

သဘောကတော့ မီဝတ္ထုမှာ မိန်းမတစ်ယောက်ရဲ့ အကြောင်းကို ယောက်ျားတွေက ဝိုင်းဝန်းအနက်ပြန်ပြီး သူတို့ နားလည်ချင်သလို နားလည်လိုက်ကြတဲ့အခါ ဒါမှမဟုတ် မိန်းမတစ်ယောက်ရဲ့ ပြောစကားတွေဟာ ယောက်ျားတွေ ခင်းကျင်းထားတဲ့ အနေအထားတစ်ရပ်ထဲကို ရောက်နေတဲ့အခါမှာ ဇာတ်ကောင်အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို ကျွန်တော်တို့ဟာ ရေရေရာရာ ဆုံးဖြတ်နိုင်စွမ်း မရှိတော့ဘူးဆိုတာကို တွေ့လာစေတော့တာပါပဲ။ 
………….

[ End Notes ]

၁။ omniscient narration - အရာရာသိဇာတ်ပြောမှာ unintrusive narrator နဲ့ intrusive narrator ဆိုပြီး ခွဲတယ်။ ပထမတစ်ခုက ဇာတ်ပြောသူက ဇာတ်ကောင်တွေရဲ့ အတွေးအပြုအမူကို အားလုံးသိတယ်။ ဒါပေမယ့် ဇာတ်ကောင်တွေရဲ့ အပြုအမူစရိုက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေး ဖော်ပြတာမျိုး မဟုတ်ဘူး။ ဝင်ရောက်စွက်ဖက်မှုမရှိတဲ့ ဇာတ်ပြောလို့ ဆိုရမယ်။ ဒုတိယတစ်ခုကတော့ ဇာတ်ကောင်တွေရဲ့ အပြုအမူတွေကို သိသိသာသာ ဝင်ရောက်မှတ်ချက်ပေးတယ်။

၂။ Booth, Wayne ( 1921 - ) - အမေရိကန် ဝေဖန်ရေးသစ်ပညာရှင်။

၃။ မယုံကြည်နိုင်လောက်သော ဇာတ်ပြောသူ ( unreliable narrator ) – See Peck, John and Coyle Martin: Literary Terms and Criticism. New York; Palgrave, 2002 third edition.

၎။ indeterminacy - ဆုံးဖြတ်ရ မရေရာမှုဆိုတာ စာဖတ်သူသီအိုရီအမြင်ပါ။ စာဖတ်သူရဲ့ စာဖတ်ခြင်းဖြစ်စဉ်ထဲမှာ ဖြစ်နေတာပါ။

………….
။	။ အခုဖော်ပြခဲ့တဲ့ ‘မီ’ အကြောင်း သုံးသပ်ချက်စာကို ဆရာမင်းခက်ရဲရေးတဲ့ ‘ကြည်အေးလေ့လာချက်’ စာအုပ်ထဲမှ ဆရာ့၏ ခွင့်ပြုချက်ဖြင့် ကောက်နုတ် ဖော်ပြခဲ့ခြင်းပဲ ဖြစ်ပါတယ်။


Related Posts