"အာဇာနည်နေ့" [ Special Issue ]


“မမေ့သင့်တဲ့ အာဇာနည်နေ့” [ ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် အာဇာနည်နေ့ကို အောက်မေ့သတိရသောအားဖြင့် ]

အာဇာနည်နေ့၊ အာဇာနည်စိတ်ဓာတ်

၁၉ ဇူလိုင်၊ ၁၉၄၇။ မြန်မာသက္ကရာဇ် ၁၃၀၉ ခု၊ ဝါခေါင်လဆန်း ၂ ရက်၊ စနေနေ့။ 

မိုးရာသီဖြစ်သည့် အားလျော်စွာ ထိုနေ့နံနက်ပိုင်းက ရန်ကုန်မြို့မှာ မိုးရွာနေသည်။ ဖွဲဖွဲရွာလိုက်၊ ဖြိုင်ဖြိုင်ရွာလိုက်နှင့် ကောင်းကင်တစ်ခုလုံး အုံ့မှိုင်း ညိုမှုန်နေ၏။ မနက်ခင်းတစ်ခုလုံး မိုးလုံးဝစဲသွားသည်ဟူ၍  မရှိပါ။ မြန်မာနိုင်ငံ၏ ကံကြမ္မာက ထိုနေ့ကစ၍ အဆိုပါ အုံ့ပျညို့ညို့ မိုးကောင်းကင်ကဲ့သို့ မှုန်မှိုင်းသွားခဲ့ရလေသည်။ 

ထိုနေ့ နံနက်ခင်း နေအိမ်မှ ထွက်လာသော ဗိုလ်ချုပ်အောင်ဆန်းမှာ ရွှင်ရွှင်ပျပျ လန်းလန်းဆန်းဆန်း။ မကြာခင်ကျရောက်လာမည့် မိမိကိုယ်တိုင်၏ ကြမ္မာဆိုးကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ ကြမ္မာဆိုးကိုလည်းကောင်း မသိရှာ။ အမြဲတမ်းမြင်နေကျ ကာကီယူနီဖောင်းနှင့် မဟုတ်ဘဲ ဘန်ကောက်လုံချည် သနပ်ခါးရောင်၊ မန္တလေး ပိုးတိုက်ပုံ၊ သဲကြိုးအဖြူရောင် လေယာဉ်ပျံဖိနပ်တို့ကို ဝတ်ဆင်ပြီး သပ်ရပ်တင့်တယ်နေသော ဗိုလ်ချုပ်အောင်ဆန်းဖြစ်နေ၏။ အိမ်မှအထွက် ပြုံးရွှင်လန်းဆန်းစွာဖြင့် သမီးငယ်ကို ယုယနမ်းရှုပ်နှုတ်ဆက်ကာ အတွင်းဝန်ရုံးဆီသို့ ထွက်လာသည်။ 

ထိုအချိန်က အထွေထွေနိုင်ငံရေးအခြေအနေမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေးခေါင်းဆောင်များ၏ ကြိုးပမ်းမှုဖြင့် မြန်မာနိုင်ငံသည် ကိုယ့်မင်းကိုယ့်ချင်း လွတ်လပ်သောနိုင်ငံဖြစ်ရန် သေချာသလောက်ရှိနေပြီး မြန်မာပြည်သူလူထုတို့၏ အနာဂတ်အလင်းရောင်ခြည်များ ပေါ်ထွက်နေချိန်လည်း ဖြစ်သည်။ 

ဗြိတိသျှအစိုးရကလည်း ယင်းကာလတွင်းမှာ မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ အဓိကပါဝင်သော အင်္ဂလိပ်ဘုရင်ခံ၏ အမှုကောင်စီ ( အစိုးရဝန်ကြီးအဖွဲ့ ) ဖွဲ့စည်းထားပေးဖြစ်၏။ မြန်မာနိုင်ငံဘုရင်ခံ ဆာဟူးဘတ်ရန့်စ်၏ ၂၇ စက်တင်ဘာ ၁၉၄၆ ၌ ဖွဲ့စည်းလိုက်သော အမှုဆောင်ကောင်စီတွင် ဗိုလ်ချုပ်အောင်ဆန်းက ဒုတိယသဘာပတိအဖြစ် တာဝန်ယူထားသည်။ ဒုတိယသဘာပတိဆိုသော်လည်း အစိုးရအဖွဲ့ဝန်ကြီးများ အစည်းအဝေးတို့တွင် သဘာပတိဖြစ်သူ အင်္ဂလိပ်ဘုရင်ခံက တက်ရောက်ခြင်း မပြုတော့သည့်အတွက်  ဗိုလ်ချုပ်အောင်ဆန်းက သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်နေပြီဖြစ်၏။ ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်တော့မည့် မြန်မာနိုင်ငံ၏ တိုင်းရေးပြည်ရာများကို ဗြိတိသျှအစိုးရက ပါဝင်စွက်ဖက်ခြင်း မပြုတော့ဟူသည့်သဘော ဖြစ်ပါသည်။ 

ပုံမှန်အားဖြင့် ဝန်ကြီးအစည်းအဝေးများကို ဘုရင်ခံအိမ်တော်တွင် ကျင်းပလေ့ရှိသော်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှနန်းရင်းဝန် ( ဝန်ကြီးချုပ် ) ကလီမင့်အက်တလီတို့ လွတ်လပ်ရေးအတွက် သဘောတူသည့် အောင်ဆန်း - အက်တလီစာချုပ် ချုပ်ဆိုသည့် ဇန်နဝါရီ ၁၉၄၇ မှစ၍ အတွင်းဝန်ရုံး ( ဝန်ကြီးများရုံး ) ရှိ ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းမှာသာ ကျင်းပလေ့ရှိ၏။ ဝန်ကြီးများ အစည်းအဝေးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းကျင်းပနေကျ ဖြစ်သော်လည်း လွှတ်တော်ကော်မတီ အစည်းအဝေးနှင့် တိုက်ဆိုင်နေသဖြင့် ဝန်ကြီးများအစည်းအဝေးကို ၁၉ ဇူလိုင် ၁၉၄၇ စနေနေ့သို့ ရွှေ့လိုက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ အကျည်းတန်ဆုံး ကံကြမ္မာ အလှည့်အပြောင်း တစ်ခုဖြစ်လာခဲ့သည်။
 
အတွင်းဝန်ရုံးသို့ ဗိုလ်ချုပ်ရောက်သည့်အချိန်အတွင် အစည်းအဝေးတက်ရောက်မည့် ဝန်ကြီးများစုံလင်စွာ စောင့်ဆိုင်းနေကြပြီဖြစ်၏။ အစည်းအဝေးခန်းအကျယ်မှာ ဝင်ပေါက်သုံးပေါက်ရှိ၏။ ဂငယ်ပုံ ခင်းကျင်းထားသည့် စားပွဲရှည်သုံးခုရှိ ထိပ်ဆုံးစားပွဲ၏ အလယ်တည့်တည့်တွင် ဗိုလ်ချုပ်အောင်ဆန်းထိုင်သည်။ ကပ်လျက်ရှိ လက်ဝဲဘက် စားပွဲတွင် ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြ နှင့် မိုင်းပွန်စော်ဘွား စဝ်စံထွန်းတို့ ထိုင်နေကြ၏။ အဝင်လမ်းကို ကျောပေးထားသော လက်ယာဘက် စားပွဲတွင် သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်းနှင့် မန်းဘခိုင်တို့ အစဉ်လိုက် ထိုင်နေကြ၏ ။ ဦးကျော်ငြိမ်း၊ ဦးဝမ်ကိုဟော၊ စောစံဘိုးသင်၊ ဆမားဒူးဝါးဆင်ဝါးနောင်တို့ကား နိုင်ငံခြားရောက်နေကြသောကြောင့် အစည်းအဝေးတွင် မပါဝင်နိုင်ကြ။

လမ်းပန်းအဆောက်အအုံနှင့် ပြန်လည်ထူထောင်ရေးဌာနဆိုင်ရာ ဝန်ကြီးဦးဘဂျမ်းနှင့် စက်မှုလက်မှုနှင့် အလုပ်သမားဌာနဝန်ကြီးမန်းဘခိုင်တို့မှာ နေမကောင်းဖြစ်နေကြသော်လည်း အရေးကြီးနေသည့် အချိန်အခါဖြစ်နေသည့်အလျောက် အစည်းအဝေးကို မဖြစ်မနေတက်ရောက်နေကြ၏။ လမ်းပန်းဆက်သွယ်ရေးဌာနဆိုင်ရာကိစ္စများ ပြောဆိုရန် အတွင်းဝန်ဦးအုန်းမောင်လည်း အစည်းအဝေးခန်းတွင်းသို့ ရောက်ကာ သခင်မြ၏ အနီး၌ ဝင်ရောက်နေရာယူထားသည်။ 

ယင်းအခိုက်၊ စွေရွာနေသည့် စနေနေ့ မိုးဖွဲဖွဲအောက်တွင် AC 1814 နံပါတ်ပြားတပ်ထားသော ဂျစ်ကားတစ်စီး အတွင်းဝန်ရုံး အနောက်တောင်ထောင့်အဆောင်သို့ ဆိုက်ရောက်လာ၏။ ထိုကားပေါ်မှ ၁၂ နံပါတ် တပ်မတော်တံဆိပ်များ တပ်ထားသည့် စစ်ယူနီဖောင်းများကို ဝတ်ဆင်ပြီး ကင်းဘတ်ဖိနပ် အဖြူများ စီးထားသည့် လူလေးဦး ကားပေါ်ကဆင်းကာ ဘေးလှေကားမှ ပတ်၍ အပေါ်ထပ်သို့ လျင်မြန်စွာတက်လာကြ၏။ အမှတ်တမဲ့ဆိုလျှင် စစ်ဘက်မှ အရေးတကြီး ရောက်လာသည့် ရဲဘော်များဟုထင်မြင်နိုင်၏။ 

ထို့နောက် ရုတ်ခြည်းဆိုသလို ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများ ကျင်းပနေသည့် အစည်းအဝေးခန်းတွင်းသို့ အခန်းစောင့်ကို ဖယ်ရှားဝင်ရောက်လာကာ တော်မီဂန်းသုံးလက်၊ စတင်းဂန်းတစ်လက် သေနတ်များဖြင့် ပစ်ခတ်တော့သည်။ သေနတ်ကျည်ကတ်များကုန်သည်ထိ ပစ်ခတ်ပြီးနောက် ချက်ချင်းဆိုသလို ပြန်လည် ထွက်ခွာသွားကြလေ၏။ အစည်းအဝေးခန်းမှအထွက် အပြင်စင်္ကြံတွင် ပက်ပင်းတိုးတွေ့သော ဦးရာဇတ် သက်တော်စောင့် ရဲဘော်ကိုထွေးကို ပစ်ခတ်ရင်း ဗိုလ်အောင်ကျော်လမ်းဘက်ရှိ လှေကားကြီးမှ အောက်ထပ်သို့ ဆင်းပြေးပြီး ဂျစ်ကားပေါ်တက်ကာ မောင်းထွက်သွားကြတော့၏။

ထိုပစ်ခတ် လုပ်ကြံမှုကြောင့် အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေး ဗိသုကာ ဗမာ့တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သေနတ်ကျည်ဆန် ၁၃ ချက် ထိမှန်ကာ ထိုနေ့ နံနက် ၁၀:၄၅ မိနစ်တွင် နေရာ၌ပင် ကျဆုံးခဲ့ရရှာသည်။ ဗိုလ်ချုပ်နှင့်အတူ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ အတွင်းဝန် ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့သည်လည်း ထိုနေ့မှာပင် ကျဆုံးခဲ့ရသည်။ ဒဏ်ရာရရှိထားသော မိုင်းပွန်စော်ဘွား စဝ်စံထွန်းသည်ကား နောက်တစ်နေ့ ၂၀ ဇူလိုင် ၁၉၄၇ တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ရရှာသည်။ ဝန်ကြီးများဖြစ်ကြသော ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ နှင့် ပျော်ဘွယ်ဦးမြတို့ ကံကြီးစွာဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြပါသည်။

ထိုနေ့ နေ့တွင်းချင်းပင် အင်းလျားကန်စောင်းရှိ ဂဠုန်ဦးစောအိမ်သို့ သောင်းကျန်းမှုနှိမ်နင်းရေးတပ် အမှတ် ( ၁ ) တပ်မှူး ဗိုလ်သိန်းဟန်နှင့်အဖွဲ့တို့ မသင်္ကာမှုဖြင့် သွားရောက်ရှာဖွေရာ ဦးစော၏ တပည့်များက ကာကွယ်ပစ်ခတ် ခုခံကြသေးသော်လည်း ဦးစောအပါအဝင် သူ၏ အဖွဲ့သား ၂၀ ဦးကို ဖမ်းဆီးရမိခဲ့သည်။ 

စစ်ဆေးမေးမြန်းချက်များနှင့် တရားရုံးထွက်ဆိုချက်များအရ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို လုပ်ကြံသည့် အဓိက ကြိုးကိုင်ခေါင်းဆောင် ဂဠုန်ဦးစောနှင့်အတူ မောင်စိုး၊ သက်နှင်း၊ မောင်စိန်၊ ရန်ကြီးအောင်၊ သုခ၊ ခင်မောင်ရင်၊ မောင်နီ၊ မှုံကြီး၊ ဘညွန့် တို့ကို တရားစွဲဆိုခဲ့ကာ ဘညွန့်က အစိုးရသက်သေအဖြစ် ထွက်ဆိုခဲ့ပြီး အမှုမှ လွတ်မြောက်ခဲ့သည်။ ကျန်သူအားလုံး သေဒဏ်အမိန့် ချမှတ်ခံရသော်လည်း နောင်တွင် သုခ၊ ခင်မောင်ရင်၊ မောင်နီတို့ သေဒဏ်မှ တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲ ကျခံခဲ့ရသည်။ 

တရားရုံး၏ ဆုံးဖြတ်ချက်အရ ဦးစော၊ မှုန်ကြီး၊ မောင်စိုး၊ သက်နှင်းတို့ကို အင်းစိန်ထောင်တွင် လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့အား ရန်ကုန်ထောင်တွင်လည်းကောင်း ၈ မေ ၁၉၄၈ တွင် ကြိုးဒဏ်ပေးလိုက်ပါသည်။ 

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရခြင်းအတွက် မြန်မာပြည်သူ တစ်ရပ်လုံးသာမက နိုင်ငံတကာကပါ ယူကျုံးမရ ဖြစ်ခဲ့ကြသည်။ 

မြန်မာ့သမိုင်းတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရခြင်းသည် အရုပ်ဆိုးအကျည်းတန်ဆုံး ဖြစ်ရပ်ဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုအတွက် အကြီးမားဆုံးသော ဆုံးရှုံးရမှုကြီးလည်း ဖြစ်ခဲ့ပါသည်။ 

ဒုလ္လာဘော ပုရိသဇညော၊ န သော သဗ္ဗတ္ထဇာယတိ
ယတ္ထ သော ဇာယတိ ဓီရော၊ တံ ကုလံ သုခ မေဓတိ။
(ဓမ္မပဒ ပါဠိ၊ ဗုဒ္ဓဝဂ်)

လူယောက်ျားမြတ် အာဇာနည် ဟူသည် လွန်စွာ ဖြစ်ခဲ ရခဲလှ၏ ။
အမြော်အမြင်ဉာဏ်နှင့် ပြည့်စုံသော ထိုအာဇာနည် ယောက်ျားမျိုးသည် အကြင်သို့သော တိုင်းနိုင်ငံ၊ အကြင်သို့သော အရပ်ဒေသ၊ အကြင်သို့သော လူမျိုး၌ တစ်ရံတစ်ဆစ် ဖြစ်ထွန်းလာသည် ဖြစ်လေအံ့။ ထိုတိုင်းနိုင်ငံ၊ အရပ်ဒေသ၊ ထိုလူမျိုးသည် ချမ်းသာခြင်းရှိသည်ဖြစ်၍ ကြီးပွားလေ၏။ 

ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်ကြီးများကား မြန်မာနိုင်ငံက အာဇာနည်များဖြစ်ပါ၏ ။ ဤသို့သော အာဇာနည်များ မြန်မာနိုင်ငံ၌ ပေါ်ပေါက်ခဲ့ပါ၏။ သို့သော်လည်း နိုင်ငံရေးအာဏာကို ပြည်သူ့ ထောက်ခံမှုဖြင့်ရယူနိုင်ရန် မကြိုးပမ်းဘဲ လက်နက်အားကိုး အချောင်ရယူလိုသည့် အကြမ်းဖက်လူသတ်ဝါဒ၏ အဖျက်အဆီးကြောင့် မြန်မာ့အာဇာနည်များ ဆုံးရှုံးခဲ့ရခြင်းသည်ကား ဝမ်းနည်းယူကျုံးရဖွယ်ရာတည်း။

အာဇာနည်စိတ်ဓါတ်ဆိုသည်ကား လက်ရုံးရည်၊ နှလုံးရည် ( သတ္တိဗျတ္တိ ) ပြည့်စုံပြီး အမြော်အမြင်ကြီးကြီး ကိုယ်ကျင့်ဖြူစင်စွာဖြင့် အများအကျိုးအတွက် မိမိ၏အသက်ကိုပင် စွန့်လွှတ်ရန် ပိုင်းဖြတ်ထားသည့် စိတ်ဓာတ်ဖြစ်ပါ၏ ။

မြန်မာနိုင်ငံတွင်း၌ အာဇာနည်စိတ်ဓါတ်ရှိသူ အများအပြား ပေါ်ထွန်းလာရန် အားထုတ်ကြိုးပမ်းကြပါစို့။
………….
[ ယခုဖော်ပြခဲ့သည့် အကြောင်းအရာနှင့် ပုံများကို ပြီးခဲ့သည့်နှစ် ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက် ( အာဇာနည်နေ့ ) တွင် ပြည်သူများသို့ အခမဲ့ဖြန့်ဝေသော ပြန်ကြားရေးဝန်ကြီးဌာနထုတ် ‘အာဇာနည်နေ့အမှတ်တရ’ စာအုပ်မှ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။ ] 

Related Posts