ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …

ဝန်ဇင်းစာချစ်သူတွေ ဖတ်ရှုနိုင်ဖို့ ကျွန်တော်တို့ ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ ထွက်ရှိလာတဲ့ စာအုပ် ( ၃ ) အုပ်နဲ့ မိတ်ဆက်ပေးပါရစေခင်ဗျ။ အဲ့ဒီစာအုပ်တွေကတော့ စာရေးဆရာ မြတ်ငြိမ်း ဘာသာပြန်ဆိုရေးသားတဲ့ “ကိုယ့်ကိုယ်ကိုယ်ကိုးကွယ်” ၊ လွတ်လပ်စိုး ပြုစုရေးသားတဲ့ “ကျန်းမာစေကြောင်း နည်းလမ်းကောင်း ၁၀၀” ၊ မိုးစက်ပွင့် ရေးတဲ့ “နွေဆင့်ကဲ” ဝတ္ထု … စတဲ့ စာအုပ်တွေပဲဖြစ်ပါတယ်ခင်ဗျ။
( ၁ ) 
ဦးစွာမိတ်ဆက်ပေးချင်တဲ့စာအုပ်ကတော့ စာရေးဆရာမြတ်ငြိမ်းရဲ့ “ကိုယ့်ကိုယ်ကိုယ်ကိုးကွယ်” ဆိုတဲ့ စာအုပ်ပါပဲခင်ဗျ။ စာရေးဆရာ Robin Sieger ရဲ့ “Natural Born Winners” ဆိုတဲ့ စာအုပ်ကို မြန်မာပြန်ဆိုထားတာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ကတော့ အောင်မြင်တိုးတက်လိုတဲ့ လူငယ်တိုင်းအတွက် လက်စွဲကိုင်ထားရမယ့် စာအုပ်ဆိုလည်း မမှားပါဘူး။ မိမိရဲ့ ဘဝရည်မှန်းချက်တွေ အောင်မြင်ရေးအတွက် အကြံဉာဏ်ကောင်းတွေကို စုစည်းတင်ပြထားတာကို ဖတ်ရှုရမှာပါ။
“တစ်နေ့တွင် သင်ဘာဖြစ်လာရမည်ဆိုသည်ကို သင့်ကိုယ်သင် ဦးစွာပြောပါ။ ပြီးမှ လုပ်စရာရှိတာတွေကို လုပ်ပါ။” ( စာအုပ်မှ … ) 
အောင်မြင်မှု၊ သင့်ဦးနှောက်၊ သူရဲကောင်း သင်၊ ကြီးမားသော လျှို့ဝှက်ချက်၊ ပီပြင်သော ရည်မှန်းချက်ပန်းတိုင်များ၊ စီမံ စီမံ စီမံ၊ ယုံကြည်စိတ်ချမှု၊ ရှုံးနိမ့်မှာ ကြောက်စိတ်မရှိခြင်း၊ ရင်ထဲကသူရဲကောင်း၊ အသစ်တဖန် ပြန်စခြင်းများ … စတဲ့ခေါင်းစဉ်တွေအောက်မှာ ဘဝတိုးတက်ရေးနဲ့ ပတ်သက်ပြီး စာချစ်သူတွေ သိထားသလိုလိုနဲ့ တကယ် အပြည့်အဝ မသိသေးတဲ့အကြောင်းအရာတွေကို ဖော်ထုတ်တင်ပြထားတယ်။ နိုင်ငံရေးခေါင်းဆောင်တွေ၊ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေနဲ့ အောင်မြင်ကျော်ကြားသူတွေရဲ့  ကောက်နုတ်စကားတွေနဲ့အတူ စာရေးသူ ကြုံတွေ့ဖူတဲ့ ဖြစ်ရပ်တွေနဲ့ပါ တွဲပြီး ရေးသားထားတာမို့ ဖတ်ရှုရတဲ့ ဝန်ဇင်းစာချစ်သူတွေအဖို့ ပျင်းရမှာမဟုတ်ဘူးဆိုတာကို အာမခံပြောပါရစေ။

( ၂ ) 
‘ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး’ ဆိုသလိုပဲ စာချစ်သူတွေအတွက် တစ်သက်လုံး စိတ်ချမ်းသာစေမယ့် လာဘ်လာဘ ပေါကြွယ်ဝမှုကို ပေးစွမ်းနိုင်မယ့် စာအုပ်ကတော့ အခု မိတ်ဆက်တင်ပြမယ့် “ကျန်းမာစေကြောင်း နည်းလမ်းကောင်း ၁၀၀” ဆိုတဲ့ စာအုပ်ပါပဲ။ Raj Pandiraj ရဲ့ “ALL About 100 Health Tips” ဆိုတဲ့စာအုပ်ကို ‘လွတ်လပ်စိုး’ က ဘာသာပြန်ရေးသားထားတာပါ။ စာချစ်သူတို့ကျန်းမာရေးအတွက် အထောက်အကူပေးမယ့် နည်းလမ်းကောင်း ၁၀၀ ကို ကျန်းမာရေးဗဟုသုတတွေနဲ့ ယှဉ်တွဲဖော်ပြထားကို အားရကျေနပ်ဖွယ် ဖတ်ရှုရမှာပါ။
ချောင်းဆိုးအအေးမိခြင်း၊ ဆံပင်ကျွတ်သက်သာစေနည်း၊ တစ်စုံတစ်ခု စူးရှမိခြင်း၊ ပိုးမွှားကောင်အကိုက်ခံရခြင်း၊ လည်ချောင်းနာခြင်း၊ အိပ်နေစဉ်ဟောက်ခြင်း၊ ကားမူးခြင်းဒုက္ခမှ ကင်းဝေးအောင် … စတဲ့ သေးသေးမွှားမွှား ကျန်းမာရေးပြဿနာလေးများကစလို့ ကင်ဆာရောဂါကာကွယ်စေဖို့၊ ဦးနှောက် ထိခိုက်ဒဏ်ရာရမှု၊ သတိမေ့လျော့ခြင်းကို လျော့ချဖို့၊ နမိုးနီးယားရောဂါ၊ နှာခေါင်းသွေးယိုခြင်း၊ သွေးတိုး ကာကွယ်ခြင်းဆိုင်ရာ၊ အိပ်မပျော်နိုင်ခြင်း၊ စိုးရိမ်ကြောင့်ကြ သောကများ လျှော့ချစေဖို့ … စတဲ့ ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေအထိ ဆောင်ရန်ရှောင်ရန် နည်းလမ်းတွေကို တင်ပြထားပါတယ်။ 

( ၃ ) 
နောက်ဆုံးမိတ်ဆက်မယ့် စာအုပ်ကတော့ မိုးစက်ပွင့် ရေးတဲ့ “နွေဆင့်ကဲ” ဆိုတဲ့ဝတ္ထုပါပဲ။ ဝတ္ထုကို စတင်ဖတ်ရှုလိုက်တယ်ဆိုရင်ပဲ စိတ်ဝင်စားဖို့ကောင်းတဲ့ အဖြစ်အပျက်တစ်ခုနဲ့ ရင်ဆိုင်တိုးမိမှာပါ။ ဆေးရုံမှာ ကလေးမွေးတော့မယ့်ဆဲဆဲ … မွေးလူနာခွဲစိတ်ခန်းထဲဝင်ရောက်နေပြီဖြစ်တဲ့ ကေသီ၊ သူမ မွေးမယ့်ကလေးကို အဲ့ဒီနေ့မှာ မမွေးစေချင်သူက အမေဖြစ်သူ ဒေါ်မြနှစ်၊ ဖခင်လောင်း စစ်နိုင်ပင် ကန့်ကွက်မပြောဆိုနိုင်အောင် အယူအစွဲကြီးလှသူ ဒေါ်မြနှစ်၊ သူမရဲ့ စိုးရိမ်စိတ်တွေက မွေးလာမယ့်ကလေးအပေါ် များစွာပဲ သက်ရောက်နေတယ်။
[ “သမီးလေးကိုကြည့်ပါဦး မေမေရဲ့ … ချစ်စရာမကောင်းဘူးလား”
“ကောင်း … ကောင်းပါတယ်ကွယ်”
မျက်နှာမကောင်းဖြစ်နေတဲ့ ဇနီးဖြစ်သူကို ဦးထွန်းထွန်းတံတောင်နှင့် တို့လိုက်၏။ သူ အစွဲအလမ်းကြီးတာကို ကလေးတွေသိရင် စိတ်မကောင်းဖြစ်ကြဦးမည်။ ထို့ကြောင့် တိုးတိုးကျိတ်ကျိတ်ပြောဖို့ အပြင်သို့ ဆွဲခေါ်လာခဲ့ပြီး … “မင်း ဘယ်လိုဖြစ်နေတာလဲ”
“ကျွန်မရင်ထဲမှာ တစ်မျိုးကြီးပဲ ကိုထွန်း”
“ဟ … စနေနေ့မွေးတိုင်းပဲ ကလေးက ခိုက်ရမယ်လို့ မင်းကို ဘယ်သူပြောလဲ။ အဓိပ္ပါယ် မရှိတာကွာ။ ဘာမှ အယူသည်းမနေနဲ့။ ဘာမှမဖြစ်ဘူး”
“ကျွန်မ သိနေတယ် ကိုထွန်း”
“မင်းက ဘာကိုသိတာလဲ”
ဒီကလေး မမွေးခင်နှစ်ရက်လောက်ကတည်းက ဒေါ်မြနှစ် အိပ်မက်တွေ မကောင်းလို့ ရင်လေးနေခဲ့တာ။ အိပ်မက်ထဲမှာ သားအိမ်ကို မီးလောင်ပြီး ကေသီက ဆံပင်တွေ မီးလောင်ခံရသည်ဆိုတော့။
“ဒီကလေး ခိုက်ကိုခိုက်မှာ” ] …
မိန်းကလေး မွေးဖွားခဲ့သော်လည်း အဲ့ဒီနေ့၊ စနေနေ့မှာ မမွေးစေလိုတဲ့ ဒေါ်မြနှစ်တစ်ယောက် ဆန္ဒတွေ မပြည့်ဝခဲ့၊ သူမ မျှော်လင့်ထားတဲ့အတိုင်း ကောင်ကျိုးပေးတဲ့ကလေး ဖြစ်လာမှာလား၊ ကလေးအပေါ်ကိုရော ဒေါ်မြနှစ်နဲ့ သူတို့မိသားစုရဲ့ ဆက်ဆံရေးက ကလေးအပေါ် ကောင်းတဲ့အခြင်းအရာတွေပဲ သယ်ဆောင်လာပေးပါ့မလား … ကလေးမွေးပြီး ဆေးရုံကဆင်းဆင်းခြင်းမှာပဲ ကလေးရဲ့အမေဖြစ်သူ ကေသီတို့အိမ်မီးလောင်တာနဲ့ ရင်ဆိုင်ကြုံတွေ့လိုက်ရတယ် …. ဒီ့နောက်မှာတော့ ကလေးရဲ့ကံကြမ္မာကို ဘယ်သူတွေ ဘယ်လို အဆုံးအဖြတ်ပေးသွားမလဲ ….. ။

ကဲ … ခုလို စိတ်ဝင်စားဖွယ်ကောင်းတဲ့ စာအုပ်တွေကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။
ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့နဲ့ဦးနော် ...

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 

“ဒီပို့စ်လေးကို သဘောကျနှစ်သက်တယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် …..


 


Related Posts