ကျွန်မက မီပါမောင် ..... (သရော်စာ)


ကျွန်မက မီ ပါ မောင်

(လင်းယုန် ရေးသည်။)

နတ်ပြည်ခြောက်ထပ်တွင် မာတလိနတ်သားတစ်ယောက် အလုပ်ရှုပ်နေသည်။ အလုပ်ရှုပ်ရုံမက စိတ်ပါအညစ်ကြီး ညစ်နေ၏။ နတ်ပြည်နတ်ဝင်မှုကြီးကြပ်ရေး ဦးစီးဌာနတွင်လည်း သောင်းလပြောင်းထအောင် မွှေနှောက်ပြီးပြီ။ ဒါလည်း အလုပ်မဖြစ်။ နတ်ပြည်နတ်ဦးရေ သန်းခေါင်စာရင်းဌာနတွင်လည်း ပေရွက်ပေါင်းစုံအောင် လှန်လှောရှာပြီးပြီ။ နောက်ဆုံး ဖုန်အထပ်ထပ်နှင့်ပေရွက် (အဲလေ ... ဘွာတေး ဘွာတေး၊ နတ်ပြည်မှာ ဖုန်မှမရှိတာပဲ။ ပြောင်းရေးပါ့မယ်)။ နောက်ဆုံး ချောင်ကျိုချောင်ကြား ဘုံကျိုဘုံကြားမှာ ကပ်နေသည့် နတ်ဦးရေသန်းခေါင် စာရင်းမှတ်တမ်းပင် မကျန်။ ဒါလည်း မတွေ့။ 

အချိန်ကလည်း တစတစ ကုန်နေပြီ။ သိကြားမင်းဦးမာဃကြီး ခိုင်းထားတာ အချိန်မီမပြီးရင်လည်း အဆူခံ ရဦးမည်။ ဒါက အကြောင်းမဟုတ်။ မာတလိတို့က ခံနေကြဖြစ်သည်။ အကြောင်းက ဟိုပဉ္စသီခနတ်သားနှင့် နတ်ရိုးကိုးပေါက် ဂလေရိုက်ဖို့ ချိန်းထားတာ အပြတ်ခံလို့ မဖြစ်။ မာတလိတို့ နတ်ပြည်မှာက လူ့ပြည်မှာလို ဘီယာဆိုင်မရှိ၊ ကေတီဗွီမရှိ၊ မာဆတ်မရှိ။ ဒီတော့ ဒါလေးနဲ့ပဲ အပန်းဖြေနေရတာ။ အင်း .. ပဉ္စသီခ။ နတ်ပြည်၏ ဂီတမှူး ပဉ္စသီခ။ သူက ဂန္ဓဗ္ဗအနွယ်ဝင် နတ်မျိုးမဟုတ်လား။ အနုပညာနတ်မျိုးနွယ်လေ။ အခု ဦးမာဃကြီး ရှာခိုင်းလိုက်တာလည်း စာပေအနုပညာရှင်ဘဝက နတ်ဖြစ်လာသူဆိုတော့ အမောင်ပဉ္စသီခတစ်ယောက်ဖြင့် ကောင်းကောင်းသိလောက်ပေမည်။ မာတလိတစ်ယောက် ကြည့်နေသော နတ်ဦးရေသန်းခေါင်စာရင်းပေလွှာကို ဖုတ်ခနဲပစ်ချလိုက်သည်။ သူရဲ့ စီးတော်ရထားပေါ်သို့ ကတိုက်ကရိုက်တက်ကာ အပြင်းမောင်းနှင်ထွက်ခွာလာခဲ့တောသည်။ ဒီအချိန် ပဉ္စသီခ ဘယ်မှာ ရှိဦးမည်ဆိုတာ သူအသေအချာသိ၏။

ထင်သည့်အတိုင်းပင် ပဉ္စသီခတစ်ယောက် ဒေ၀စ္ဆရာ၏ နန်းဆောင်ရှေ့တွင် သူ့စောင်းကြီးကို ပိုက်လျက် ဖွန်ကြောင်ကောင်းတုန်း ရှိသည်။ ပဉ္စသီခရှေ့ ရထားကို ထိုးစိုက်ပြီး ဘာမပြော ညာမပြောနှင့် ရထားပေါ်သို့ မာတလိ အတင်းတွန်းတင်၏။ ပြောနေလို့လည်း အကြောင်းထူးမည်မဟုတ်။ ပဉ္စသီခတို့က ဖွန်ပြီဟေ့ဆို ဘာမှ လှည့်ကြည့် တာမဟုတ်။ အသူရာတွေ စစ်လာတိုက်လို့ နတ်ပြည်ကြီး အုတ်အော်သောင်းနင်းဖြစ်ရင်တောင် သူက အဖွန်မပျက်ခဲ့တာ မဟုတ်လား။ ဇွတ်အတင်းသာ ရထားပေါ်ဆွဲတင်တော့ ရုတ်တရက်မို့ စောင်းငန်းစောင်းငန်းဖြင့် ပါလာသည်။ ရထားပေါ်ရောက်တော့မှ မာတလိတစ်ယောက် မျက်နှာချိုသွေးကာ မေးရတော့၏။ တကယ်တော့ ကိစ္စက အထွေ အထူးမဟုတ်။ ရှာရခက်နေတာပဲ ရှိသည်။ ဦးမာဃကြီး ရှာခိုင်းသည်က ကြည်အေးဆိုသော ကလောင်နာမည်ဖြင့် စာရေးပြီး သေတော့ နတ်သားဖြစ်လာသည့် ဦးကြည်အေးကြီး တစ်ဖြစ်လဲ နတ်သားကို ရှာခိုင်းခြင်းဖြစ်သည်။ သို့သော် မာတလိရှာသမျှ နတ်သားစာရင်းထဲတွင်  ဦးကြည်အေးကြီး တစ်ဖြစ်လဲ နတ်သားကို မတွေ့။

မာတလိပြောတော့ ပဉ္စသီခလည်း ခေါင်းခြောက်သွားသည်။ သူလည်း ဦးကြည်အေး တစ်ဖြစ်လဲ နတ်သားကို မသိ။ သူကလည်း သူ့ကိုယ်သူ ဖြေသိမ့်ပါသည်။ ဟုတ်တယ်၊ သူက ဖွန်ကြောင်နေချိန် ခပ်များများမဟုတ်လား။ ဒါပေမယ့် ပဉ္စသီခမှာ အကြံရှိသည်။ အထွေအထူးရယ်တော့မဟုတ်။ သူက ဂီတမှူးနတ်ဆိုတော့ လူပြည့်က ရောက်နေသော ဟိုဒဂုန်တာရာဆိုသည့် စာရေးဆရာတစ်ဖြစ်လဲ နတ်သားနှင့် ကောင်းကောင်းကျွမ်းဝင်သည်။ ဒီစာရေးဆရာနတ်သားက မျက်လုံးအမြင်သာ မကောင်းတာ။ အတီးအမှုတ်မှာတော့ ကောင်းသည်။ ဒီတော့ ပဉ္စသီခနှင့် အဖွဲ့ကျ၏။ 

ဒါနဲ့ပင် မာတလိနှင့် ပဉ္စသီခတို့ ဒဂုန်တာရာတစ်ဖြစ်လဲ နတ်သားရှိရာ ဗိမာန်သို့ သွားသည်။ ဟိုရောက်တော့ အဆင်သင့်တွေ့၏။ ဒီနတ်သားက မျက်စိသိပ်မကောင်းတော့ ဘယ်မှသွားတာမဟုတ်။ သူ့အဆောင်မှသူ ကုတ်နေပြီး တီးမှုတ်ချင်မှုတ် သို့မဟုတ် ကဗျာစပ်နေတာတာမျိုး။ မာတလိလည်း ဒီနတ်သားထံ ကပ်ပြီး မေးရသည်။ ဒါတောင် သူ့မေးသံထွက်လာမှ သူတို့ရောက်နေမှန်းသိတာဖြစ်သည်။ အဲဒီလောက်အထိ မမြင်တာပင်။ သူ့အမေးကြားတော့ ဒဂုန်တာရာ တစ်ဖြစ်လဲ နတ်သားလည်း ခေါင်းကမကိုဋ်ကို ချွတ်ပြီး သူ့ခေါင်းကို သူကုတ်သည်။ ပြီးတော့ ရှင်းပြသည်။ ဒီလိုရှိတယ် ဦးမာတလိရဲ့တဲ့။ ကျုပ်သိသလောက်တော့ ဦးကြည်အေး တစ်ဖြစ်လဲ နတ်သားဆိုတာတော့ မရှိဘူး။ ဒေါ်ကြည်အေး တစ်ဖြစ်လဲ နတ်သမီးကိုတော့ သိတယ်။ လူပြည်မှာ စာရေးဆရာဆိုတော့ အဲဒီနတ်သမီးပဲ ဖြစ်မယ်တဲ့။ မာတလိ ဦးနှောက်ခြောက်သွားသည်။ ဦးမာဃကြီး ပြောတာက ဦးကြည်အေး တစ်ဖြစ်လဲ နတ်သား။ နောက်ဆုံး မာတလိ ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ကြည်အေးဖြစ်ပြီးတာပဲ။ ဦးမာဃဆီရောက်မှ ကြည့်ရှင်းတာပေါ့ဟု။ ဒီနတ်သမီးရဲ့ ဗိမာန်က မဝေး။ ဒဂုန်တာရာတစ်ဖြစ်လဲ နတ်သား၏ ဗိမာန်နှင့် ကပ်လျက်ဆိုတော့ မာတလိတို့ အဆင်သင့်သွား၏။ ဒီနားမှာက မင်းကျော်နတ်သားဗိမာန်တို့၊ သော်တာဆွေနတ်သားဗိမာန်တို့၊ ဒေါ်အမာနတ်သမီးဗိမာန်တို့၊ ဒေါ်ခင်မျိုးချစ်နတ်သမီးဗိမာန်တို့ စသည်ဖြင့်လည်း တန်းစီပြီး ရှိနေကြသည်။ (စာရေးဆရာတွေ သေရင် နတ်ပြည်ရောက်တာတော့ သေချာပြီ ခင်ဗျ … အဟိ)

မာတလိတို့လည်း ဒေါ်ကြည်အေးတစ်ဖြစ်လဲ ကြည်အေးနတ်သမီးဗိမာန်သို့ သွားသည်။ ဟိုရောက်တော့ သော်တာဆွေနတ်သားက ရောက်နေကြောင်းတွေ့ရသည်။ အော် … သူတို့ကလည်း ဘာလိုလိုလား မသိ။ ထားတော့။ မာတလိတို့လည်း လိုရင်းအတိုင်းပဲ ဦးမာဃခေါ်ခိုင်းတာဖြစ်ကြောင်းပြောကာ ခေါ်လာလိုက်တော့သည်။

ဦးမာဃရှေ့ရောက်တော့ သိကြားမင်းကြီးက ဗန္ဓုကဗ္ဗလာ မြတက်ဘလွိုင်ကြီးဖွင့်ကာ နတ်မှုကွန်ယက် ကြီးသုံးပြီး ဟီလာထနေသည်။ သေချာပြီ။ ဦးမာဃကြီး လူ့ပြည်က ဟာသပိုစ့်တွေကို ကြည့်နေတာပဲ ဖြစ်ရမည်။ မာတလိက သတင်းပို့သည်။ ကြည်အေးတစ်ဖြစ်လဲ နတ်ရောက်ပြီဖြစ်ကြောင်း။ သို့သော် ဦးကြည်အေးနတ်မဟုတ်၊ ဒေါ်ကြည်အေးနတ်သမီး ဖြစ်နေကြောင်းပါ ပြောရသည်။ ဦးမာဃကြီးလည်း မျက်လုံးပြူးသွားသည်။ ဘယ့်နှယ် ငါ့ နတ်မှုကွန်ယက်က ပို့စ်တွေမှာ တက်တာတော့ ဦးကြည်အေးလို့ပါဟု။ သူ့တက်ဘလွိုင်ကြီးကို အသဲအသန်ငုံ့ကြည့် ပြီး နတ်မှုကွန်ယက်တွင် ကြည်အေးဆိုသော စာလုံး ရိုက်ထည့်ကြည့်သည်။ တွေ့ပါပြီ။ အဟုတ်ပင် အမျိုးသမီးဖြစ်နေတာ တွေ့ရသည်။ ဦးမာဃ စိတ်တိုသွားသည်။ ဘယ်အကောင်က လက်ကမြင်းပြီး ကြည်အေးကို ဦးကြည်အေး လုပ်သည်မသိ။ နောက်ပြီး ရှက်လည်း ရှက်သွားသည်။ ဟုတ်လည်း ဟုတ်သည်။ သူကလည်း နတ်မှုကွန်ယက်မှာ တက်သမျှ ယုံမိသကိုး။ သို့ပေမယ့် သိတဲ့အတိုင်းပင်။ သိကြားတို့ အိနြေ္ဒကို ဆယ်လိုက်သည်။

ချက်ချင်းပင် ဦးမာဃကြီး နတ်သဘင်အစည်းအဝေး ခေါ်သည်။ နတ်တွေစုံတော့ ဦးမာဃကြီးက လည် ချောင်းတစ်ချက်ရှင်းပြီး ကိစ္စကို ရှင်းပြသည်။ ချက်ချင်းပင် ကြည်အေးနတ်သမီးမှာ တရားခံဖြစ်သွားရရှာသည်။ ဦးမာဃကြီး တင်တဲ့ စွဲချက်က အခုအခါ လူ့ပြည်တွင် “မီ” ဆိုသော ရုပ်ရှင်နှင့်ပတ်သက်ပြီး အချင်းများနေကြသည်။ အဓိက,က ထိုရုပ်ရှင်ထဲတွင် မင်းသမီးဖြစ်သူက တစ်ကားလုံးဆေးလိပ်သောက်၏။ ထိုဆေးလိပ်သောက်သော ပုံများကိုလည်း ရုပ်ရှင်ပိုစတာတွင် သုံးသည်။ ဒါကို လူတွေက ကန့်ကွက်ကြသည်။ လူငယ်တွေ အတုယူမှားစေမည့် ထိုဆေးလိပ်သောက်ပုံများကို ရုပ်ရှင်ထဲ ရိုက်ပြရသလားဟု။ လူ့ပြည်တွင် ထိုကိစ္စဆူညံ ပွက်လောရိုက်နေသည်။

ထိုကိစ္စက ဦးမာဃ၏ တက်ဘလွိုင်ထဲရောက်လာသည်။ နတ်ပြည်က မြင့်တော့ အင်တာနက်လိုင်းက လည်းကောင်းသည်။ ဒီတော့ လူ့ပြည်တွင် ဘာဖြစ်ဖြစ် ဦးမာဃကြီး ချက်ချင်းသိသည်။ နောက်တော့ လူ့ပြည်က ကိစ္စတွေနဲ့ ပတ်သက်ပြီး ဦးမာဃကြီးတစ်ယောက် မြကျောက်ဖျာတင်းတာကို စောင့်နေစရာမလိုတော့။ တက်ဘလွိုင်တွင် “တတောင်တောင်” နှင့် အချက်ပေးလာသည်ကို ဖွင့်ကြည့်လိုက်ရုံသာ။ အခုလည်း မီကိစ္စက ဦးမာဃကြီး တက်ဘလွိုင်ထဲပါ ရောက်လာသည်။ ဦးမာဃကြီး စဉ်းစားကြည့်သည်။ ဒီကိစ္စက အခြား နတ်သားတွေ၊ နတ်သမီးတွေဆီလည်း ပျံ့နှံ့တော့မည်။ ဒါဆိုလျှင် နတ်ပြည်ကြီးလည်း လူပြည်ကြီးကဲ့သို့ ပွက်လောရိုက်ဦးမည်။ ဒါမျိုးတော့ အဖြစ်မခံနိုင်။ အခုကိစ္စမှာ တာဝန်အရှိဆုံးက ဒီမီရဲ့ အဓိက စာရေးသူပဲဟု ဦးမာဃစဉ်းစား မိ၏။ ဟုတ်သည်လေ။ သူသာ ဝတ္ထုထဲတွင် ဒီဆေးလိပ်သောက်တဲ့ အခန်းတွေ ထည့်မရေးလျှင် ဟိုမင်းသမီလေးလည်း ဆေးလိပ်သောက်ပြမှာ မဟုတ်။ ဒီတော့ သူသည်သာ ဒီကိစ္စ၏ တရားခံဖြစ်၏။ ဒါမျိုး လူတွေ၊ အဲ … နောက်ဆုံး နတ်တွေပါ အတုယူမှားစေမည့် ကိစ္စမျိုးကို ဦးမာဃတို့ မကြိုက်။ ဒါက အကုသိုလ်အလုပ်ပဲဟု သတ်မှတ်သည်။ ဒီတော့ ဒီဝတ္ထုကို ရေးခဲ့သော နတ်သား၊ အဲလေ  ... နတ်သမီးကို အပြစ်ပေးရမည်။ လူ့ပြည်တွင် ဒီလို အကုသိုလ်ကို လုပ်လာပြီး နတ်ပြည်မှာ နတ်လာဖြစ်နေလို့မရ။ ဟိုမင်းသမီးလေးဆိုလည်း ကျန်းမာရေးသံတမန် ဖြစ်ရဲ့သားနဲ့ ဆေးလိပ်သောက်ပြရမလားဆိုပြီး အပြောခံနေရတာ မဟုတ်လား။ 

အခုလည်း ကြည်အေးနတ်သမီးက ရှင်းပြပါသည်။ ဒါက နတ်သမီးမဖြစ်ခင် လူ့ဘဝစာရေးဆရာ အဖြစ်တုန်းက ရေးခဲ့တာပါ။ အခုမှ လူ့ပြည်က ရုပ်ရှင်သမားတွေ သူတို့ဟာသူတို့ ဇာတ်လမ်းကောင်းတွေ မဖန်တီးတတ်တာ ကြောင့် အရင်ဇာတ်လမ်းတွေကို ပြန်ယူရိုက်လို့ ဖြစ်ရတဲ့ကိစ္စဟု။ နောက်ပြီး တကယ်ဆို သူက ဆေးလိပ်သောက်တာလေး ရေးခဲ့တာပါ။ ဟိုသော်တာဆွေနတ်ဆို ဆေးလိပ်တင်မက ထန်းရည်ရော၊ အရက်ရောသောက်တာတွေလည်း ရေးတာပဲ။ နောက်ဆုံး ကြက်တိုက်တာကအစ ရေးပြခဲ့သည်။ ဟိုဒဂုန်တာရာနတ်ဆိုလည်း သူ့မီကဲ့သို့ပင် မေဆိုပြီး သူ့အရင်ကို ရေးခဲ့သေးသည်မဟုတ်လား။ ဒါတွေကို အလီဘိုင်ပြသည်။ သို့သော် ဦးမာဃကြီးက မရ။ သူ့ဘက်မှ နတ်မှုကွန်ယက်ကြီးတစ်ခုလုံး ပျံ့နှံ့နေသည် အပြစ်တင်ကြတာတွေက သက်သေရှိသည်။

ဒီလို သူတင်ကိုယ်တင်ဖြစ်နေကြတော့ နတ်သဘင်အစည်အဝေးပွဲလာ နတ်များလည်း အမြင်တွေကွဲ ကုန်ကြသည်။ အပြစ်ပေးသင့်တယ် … အပြစ်မပေးသင့်ဘူးဟုဖြစ်၏။ အစည်းအဝေးမှာတင် ငြင်းကြခုံကြနှင့် ဆူညံပွက်လောရိုက်ကုန်၏။ ထိုစဉ် ဦးမာဃကြီး၏ တက်ဘလွိုင်ကြီးက “တတောင်တောင်” နှင့် တောင်လို့မဆုံး အောင်မြည်လာသည်။ ဦးမာဃကြီး အလျင်အမြန်ဖွင့်ကြည့်သည်။ အလို … အံ့ဖွယ်ပါတကား။ ခုနလေးကမှ ဘာဖြစ်တယ် ညာဖြစ်တယ် ပြောနေကြတဲ့ လူ့ပြည်က ဟာတွေ။ အခုတော့ မီကို ထောက်ခံနေကြပြန်ပါရောလား။ ထောက်ခံတာမှ သောင်းသောင်းဖျဖျဖြစ်သည်။ အချို့ဆို “we stand with ...” တွေတောင် ပလူပျံနေသည်။ ဦးမာဃကြီး ဘာလုပ်မယ်မသိ။ ကလယ်ကလယ်ဖြစ်သွားသည်။ ထို ကလယ်ကလယ်နှင့်ပဲ ကြည်အေးနတ်သမီးကို လှမ်းကြည့်မိသည်။ စာရေးဆရာအဖြစ်က နတ်ဖြစ်လာသည်ပဲ။ ဒီလောက်ဆိုပေါက်သည်။ ကြည်အေးနတ်သမီး မျက်ရည်ကို ညှစ်ထုတ်လိုက်၏။ မျက်နှာကို သနားစဖွယ်ညိုးငယ်လိုက်၏။ အသံကို တုန်ရီနေအောင်လုပ်ပြီးပြောသည်။ ဒါဟာ အနုပညာအရ ရေးခဲ့တာပါ၊ ငွေကြေးအရ မဟုတ်ပါဘူး ... ဇာတ်ကောင်စရိုက် ပေါ်လွင်အောင်ပါ စသည်ဖြင့်။ ဒါပေမယ့် စကားကို ဆုံးအောင်မပြော။ စကားမဆုံးခင် အီခနဲရှိုက်ကာ မျက်ရည်တွေ အထွေးလိုက်ကျ ပြလိုက်၏။

ပြီးတော့ မျက်ရည်အဝိုင်းသားနှင့် ဦးမာဃကြီးကို လှမ်းကြည့်ပြီး ရှိုက်သံလေးစွက်လျက် တစ်ခွန်းတည်း ပြောလိုက်သည်။

	“ကျွန်မက မီပါ မောင်” ဟု။

နတ်သဘင်အစည်းအဝေးတစ်ခုလုံး ဟင်ခနဲ … ဟာခနဲ တွေသွားသည်။ ကြည်အေးနတ်သမီးလေးခဗျာ သနားစရာပါလားဆိုကာပင်။

ဦးမာဃကြီးတောင် မျက်ရည်လည်သွားမိသည်။ သွားပြီ။ ငါမှားပါပကောလားပေါ့။ ကြည်အေးနတ် သမီလေးကို ကြည့်ပါအုံး။ သနားကမားလေးနဲ့ သူခဗျာ သပ်သပ်ခံရတာ။ ငါဘယ်သို့ ဆုံးဖြတ်ရပ။

သို့ကလို ဦးမာဃကြီးရဲ့အကြည့်ကို မျက်တောင်မခတ်ဘဲ လိုက်လံအကဲခတ်နေသော သော်တာဆွေနတ် သားမှာတော့ အူနုကျွဲခတ်သလို ခံစားလိုက်ရသည်။ ဦးမာဃကြီးအကြောင်းကလည်း သိတယ်မဟုတ်လား။ ဟိုတစ်ခါ နတ်သားလေးပါး ဗိမာန်အလယ်မှာ နတ်သမီးတစ်ပါး ပေါ်လာတုန်းက သူရထိုက်တယ် … ငါရထိုက်တယ် အငြင်းပွားနေတုန်း ဦးမာဃကြီးပဲ ဝင်အုပ်သွားတာ။ ထိုဘဲကြီးဇက သေးတာမဟုတ်။ သော်တာဆွေနတ်သားမှာ အူနုကျွဲခတ်ရတော့သည်။

ကြည်အေးနတ်သမီးမှာဖြင့် ထင်ပေါ်ချင်တော့ လူ့ပြည်က မီဂယက် နတ်ပြည်အထိတက်လာရသည်ပင်။

..............။

Related Posts