ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 
အတာသင်္ကြန်ဟာလည်း အလွန်ကို နီးကပ်လို့လာပါပြီ။ ဒီလို နှစ်ကူးကာလ ရုံးပိတ်ရက်အတွင်းမှာ ဝန်ဇင်းစာချစ်သူတွေ ဖတ်ရှုလို့ရအောင် ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ မိတ်ဆက်ပေးချင်တဲ့ စာအုပ် ( ၃ ) အုပ်ရှိပါတယ်။ အဲ့ဒီစာအုပ်တွေကတော့ ရုပ်ရှင်နှင့် ဟာသသရုပ်ဆောင် ကျော်ထူးရဲ့ လုံးချင်းဝတ္ထုဖြစ်တဲ့ “မလွဲရင်မနေနိုင်တာကလွဲလို့” ၊ လှိုင်းကြာဖြူ ( လားရှိုး ) ရဲ့ “ယနေ့မှစ၍ ကျွန်တော်ကျွန်မတို့သည်” ၊ မြပုလဲခင်ရဲ့ “ကြယ်စဉ်ည၏ အိပ်မက်သံစဉ်” ဆိုတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်ခင်ဗျ။

( ၁ ) 
ဦးဆုံးမိတ်ဆက်လိုတာကတော့ အားလုံးသိပြီးဖြစ်တဲ့ ရုပ်ရှင်နှင့် ဟာသသရုပ်ဆောင် ကျော်ထူးရဲ့ လုံးချင်းဝတ္ထု “မလွဲရင်မနေနိုင်တာကလွဲလို့” ဆိုတဲ့ လူတွေကြုံတွေ့ရတဲ့ အလွဲတွေအကြောင်း ဟာသနှောပြီး ရေးသားထားတဲ့ ဝတ္ထုပါပဲ။ 

“ကျွန်တော်အခုတင်ပြမည့် အကြောင်းအရာကတော့ ကျွန်တော်တို့၏ ပတ်ဝန်းကျင်၊ ကျွန်တော်တို့၏ ကျေးဇူးရှင် ( ကျွန်တော့်ဘာသာ သတ်မှတ်တာပါ )၊ ဗီဒီယိုရိုက်ကူးရေး စက်အဖွဲ့၊ ကင်မရာမင်း အပါအဝင် မီးထိုးမှန်ထိုးတွေပေါ့။ ရုပ်ရှင်ဗီဒီယိုသမားတွေအခေါ်အဝေါ်ကတော့ ဂဲလ်ဖာဟူ၏။ ရန်ကုန်ဈေးတစ်မျိုး၊ နယ်ဈေးတစ်မျိုး ရှူတင်ထမင်းစားရသည်။ အနည်းလေး လေးငါးထောင်ရသည်။ တစ်နေ့တစ်ဂျူတီ ပြောပါတယ်။
ဇာတ်ကားတစ်ကားပြီးတိုင်း မင်းသားမင်းသမီးတွေက မုန့်ဖိုးပေးကြသေးသည်။ သည်တော့ ဘာပဲဖြစ်ဖြစ် ပိုက်ဆံလည်းရ၊ ဝမ်းလည်းဝ၊ နယ်ပေါင်းစုံလည်းရောက်၊ မင်းသားမင်းသမီးအစုံနှင့်လည်း မြင်ဖူးတွေ့ဖူးရ၊ ဘယ်လောက်များ ကံကောင်းလိုက်သည့် လူတွေလဲ။

အဲဒီအထဲမှာမှ မိမိဘာသာမိမိ ကံတရားကိုဆေးရောင်ခြယ်၊ ဆေးရောင်ဆိုးသူက ရှိသေး။ တစ်နေ့တာ ပင်ပင်ပန်းပန်းရထားသောငွေကို အရက်သောက်၊ ဖဲရိုက်၊ ဘောလုံးလောင်း၊ နှစ်လုံးသုံးလုံးထိုး၊ တစ်ခါတရံ ကြေးစားမိန်းမနှင့်ခေါ်အိပ်၊ သည်တော့ အဲ့ဒီလိုလူမျိုးသည် ဆင်းရဲခြင်းဟူသော သံသရာဝဋ်အတွင်း မလွတ်ကင်းနိုင်ကြပုံ ဆိုသလိုမျိုးပေါ့။ ကဲ … လူတွေအကြောင်း ကျွန်တော် လက်လှမ်းမီသလောက် ကြားဖူးနားဝ ရှိသလောက်လေး ရေးလိုက်တာပါ။” ( အမှာစာမှ … ) 

သရုပ်ဆောင်ရာမှာလည်း ပြည်သူကို ရယ်မောပျော်ရွှင်စေနိုင်တဲ့အပြင် စာရေးသားရာမှာလည်း ဘယ်လိုအရေးအသားမျိုးနဲ့ စာဖတ်သူကို ရယ်မောပျော်ရွှင်စေနိုင်မလဲဆိုတာ သိရအောင် ဖတ်ကြည့်ပါဦးခင်ဗျ။

( ၂ ) 
ဒုတိယမိတ်ဆက်ပေးမှာကတော့ လှိုင်းကြာဖြူ ( လားရှိုး ) ရဲ့ “ယနေ့မှစ၍ ကျွန်တော်ကျွန်မတို့သည်” ဆိုတဲ့ စာအုပ်ပါပဲ။ ဆယ်ကျော်သက်ရွယ် တဇွတ်ထိုးဆန်ဆန်နဲ့ ပြန်မပြောနားမထောင် ထင်ရာလုပ်တတ်တဲ့ကောင်မလေး ယွန်းမြတ်ဘိုဘို နဲ့ ဗိုလ်လောင်းသင်တန်းတက်နေတဲ့ လူကြီးဆန်ဆန် ကိုရန်ငြိမ်းအောင်၊ ယွန်းမြတ်ဘိုဘိုနဲ့ ငယ်ရာကကြီးပြင်းလာတဲ့ သျှားထက်ထံ .. စသူတို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း လွန်ဆွဲပွဲကို စိတ်ပါဝင်စားစွာနဲ့ ဖတ်ရှုရမှာပါ။ 

“ယွန်း … ကျွန်တော်တို့ကို အထင်သေးလိုက်တာပဲ၊ ကျွန်တော်တို့ စစ်သားတွေဆိုတာလည်း သာမန်ပြည်သူထဲက ပြည်သူတစ်ယောက်ပါ။ လူသားတိုင်းမှာ ခံစားတတ်တဲ့အသည်းနှလုံးတွေ ကိုယ်စီရှိနေကြတာပဲဗျာ၊ ဒါကို ပြည်သူတချို့က စစ်သားတွေ သားတကွဲ၊ မယားတကွဲ နေရတာကျတော့ သနားဂရုဏာ မသက်ကြဘူး။ သူတို့တွေ မိဝေးဖဝေး ဖြစ်နေတာကျတော့ စစ်သားတွေကြောင့်တဲ့။ အဲ့ဒါ တရားလို့လား” (ရန်ငြိမ်းအောင် ) 

ဒီစာအုပ်ဟာ အချစ်ဇာတ်လမ်းတစ်ခုတည်းကိုတင် သရုပ်ဖော်တင်ပြထားတာ မဟုတ်ပါဘူး။ ပါဝင်တဲ့ ဇာတ်ကောင်တွေ ကျင်လည်ရတဲ့ ဘဝနောက်ခံအကြောင်းအရာတွေက ပုံသွင်းထားတဲ့ သဘောထားစရိုက်တွေကိုပါ ဖော်ထုတ်တင်ပြထားလို့ စာဖတ်သူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ 

( ၃ ) 
နောက်ဆုံးအနေနဲ့ စာရေးဆရာမ မြပုလဲခင်ရဲ့ “ကြယ်စဉ်ည၏ အိပ်မက်သံစဉ်” စာအုပ် ကို မိတ်ဆက်ပေးပါရစေ။ 

[ မြဖူးညိုဟူသော မိန်းမတစ်ယောက်သည် သူ့စိတ်အား အမြဲတစေ အနှောင့်အယှက်ပေးလျက်ရှိသည်။ သူ့စိတ်တင်မက သူ့မိသားစုကိုပါ အလုပ်ပေးလျက်ရှိပါလားဟု သူသိလိုက်ရပြီ။ မိန်းမတစ်ယောက်ရယ်ဟု အားငယ်စိတ် အနည်းငယ် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
သို့သော် မာန်ကတော့မကျ။ 
“အားမငယ်တတ်ပါဘူးတဲ့၊ ဖြစ်နိုင်သည် … ကလေးအဖေဟာ ဘယ်သူပါလို့ ထုတ်ဖော်မပြောဘဲ ရဲတင်းစွာဖြင့် ကလေးကို လူ့လောကသို့ ရောက်အောင်ဆွဲခေါ်ရဲသော မိန်းမတစ်ယောက်၏ သတ္တိသည် ပေါ့သေးသေးမဟုတ်ချေ။ ]

ဒီစာအုပ်ကိုတော့ အကျဉ်းချုပ်ဖတ်ညွှန်းတောင်မပေးတော့ဘဲ စာအုပ်ထဲက အကြောင်းအရာတစ်ခုကိုသာ စာမြည်းအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ အကြောင်းကတော့ ဖတ်ညွှန်းအကျဉ်း မိတ်ဆက်လိုက်ရင် စာချစ်သူတွေအတွက် စိတ်ဝင်စားမှုလျော့သွားမှာစိုးလို့ စိတ်ဝင်စားဖို့ကောင်းတဲ့ စာမြည်းကိုပဲ မိတ်ဆက်တင်ပြလိုက်ခြင်း ဖြစ်ပါတော့တယ်ခင်ဗျာ။

ကဲ … ဒါဆိုရင် ခုလို စိတ်ဝင်တစားဖတ်ရှုရမယ့် စာအုပ်ကောင်းတွေကို ဝန်ဇင်းစာချစ်သူများအနေနဲ့ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားဗျာ။ 

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့နဲ့ဦးနော် ... ???? 
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 

ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 


Related Posts