ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“ယနေ့ကမ္ဘာကြီးအကြောင်း သိရှိ တွေးခေါ်နိုင်ဖို့ သင့်အတွက် နှစ်ဆယ့်တစ်ရာစု သမိုင်းအကျဉ်း”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …

ဒီနေ့မှာတော့ ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ အသစ်ထွက်ရှိလာတဲ့ စိတ်ဝင်စားဖွယ် စာအုပ်ကောင်းတစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေ။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာကျော်ဝင်း ဘာသာပြန်ဆို ရေးသားထားတဲ့ “ကမ္ဘာပြားပြီ” ဆိုတဲ့ စာအုပ်ပါပဲ။ ဒီစာအုပ်ဟာ ၂၀၀၆ ခုနှစ်အတွက် “အမျိုးသားစာပေဆု ( ဘာသာပြန် - သုတ )” ရရှိထားတဲ့ စာအုပ်လည်း ဖြစ်ပါတယ်ခင်ဗျ။ နယူးယောက်တိုင်း ( မ် ) သတင်းစာကြီးရဲ့ ထောမတ် အယ် ( လ် ) ဖရီးမင်း ( Thomas L. Friedman ) ရေးတဲ့ “THE WORLD IS FLAT:A Brief History of the Twenty-First Century” ဆိုတဲ့စာအုပ်ကို ဆရာကျော်ဝင်းက “ကမ္ဘာပြားပြီ” အဖြစ် ဘာသာပြန်ထားတာပဲ ဖြစ်ပါတယ်။ 

မူရင်းစာရေးသူ ဖရီးမင်းကို ဂျာနယ်လစ်လောကမှာဆိုရ် ဂလိုဘယ်လိုက်ဇေးရှင်းဆိုင်ရာ ကျွမ်းကျင်သူအဖြစ်သာမက အရှေ့အလယ်ပိုင်းရေးရာ နှံ့စပ်သူအဖြစ်ပါ လူသိများကြပါတယ်။ အခု သူရေးထားတဲ့ စာအုပ်မှာလည်း သူကျွမ်းကျင်ရာ ဘာသာရပ်ဖြစ်တဲ့ ခေတ်ပြိုင် ဂလိုဘယ်လိုက်ဇေးရှင်းအကြောင်းကို ဖွင့်ချထားတာ တွေ့ရမှာပါ။ ၂၁ ရာစုထဲမှာ ပေါ်ပေါက်လာတဲ့ နည်းပညာဆိုင်ရာ ပြောင်းလဲတိုးတက် မြင့်မားမှုတွေ၊ ဒီလို နည်းပညာပြောင်းလဲမှု လှိုင်းလုံးကြီးရဲ့ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့ရေးရာ အချိန်းအပြောင်းတွေကို ဒီစာအုပ်ထဲမှာ တင်ပြထားတယ်။ ဒီလိုမျိုး ၂၁ ရာစုထဲကို ထဲထဲဝင်ဝင် နေရာယူ ဝင်ရောက်လာပြီဖြစ်တဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကို ၁၉ ရာစုနှောင်းပိုင်းကစလို့ ခြေရာခံဖော်ထုတ်ထားပြီး ‘၂၁ ရာစု သမိုင်းအကျဉ်း’ အဖြစ် ရေးသားထားတာပဲ ဖြစ်ပါတယ်။ 

“အရပ်အရပ် အခြေအနေအအောက်တွင်၊ အပြောင်းအလဲ လှိုင်းလုံးကြီးများကြားတွင် နစ်မြုပ်မကျန်ရစ်ဘဲ လှိုင်းထန်လေဆန်ခရီးကို အောင်မြင်စွာ ဆန်တက်နိုင်ရေးမှာ ကျွန်တော်တို့ခေတ်၏ အကြီးဆုံးစိန်ခေါ်မှုဟု ဆိုနိုင်လိမ့်မည် ဖြစ်ပါသည်။ ဤစိန်ခေါ်မှုကြီးကို တုံ့ပြန်ရင်ဆိုင်နိုင်ရေးမှာ လွယ်လိမ့်မည်မဟုတ်သလို ရှောင်တိမ်း၍ ရနိုင်ဖွယ်ရာလည်း မမြင်ပါ။ မလွဲမရှောင်သာ ဖောက်ထွက် ရင်ဆိုင်ကြရမည်သာ ဖြစ်ပါသည်။ စင်စစ်၊ ယခုစာအုပ်၏ ရည်ရွယ်ချက်မှာ ဤခရီးကြမ်းကြီးကို မဆုတ်မနစ် ဆက်နိုင်ရန်အတွက် အသုံးဝင်နိုင်ဖွယ်ရာ ညွှန်းဘောင်တစ်ခုကို ပေးနိုင်ဖို့ ဖြစ်ပါသည်။” ( စာအုပ်မှ … ) 

ကမ္ဘာကြီးပြားသွားပုံအကြောင်း၊ အမေရိကနှင့် အပြားကမ္ဘာ၊ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် အပြားကမ္ဘာ၊ ကုမ္ပဏီများနှင့် အပြားကမ္ဘာ၊ ပထဝီနိုင်ငံရေးနှင့် အပြားကမ္ဘာ၊ 9/11 ဖြစ်ရပ်၊ နောက်ဆက်တွဲအဖြစ် ကမ္ဘာကြီး မပြားသေးသည့်အကြောင်း၊ ကမ္ဘာကြီးကား လုံးနေဆဲ၊ ခေတ်ပြိုင်ဂလိုဘယ်လိုက်ဇေးရှင်းကို သမိုင်းပေါ် တင်ကြည့်ခြင်း၊ ဂလိုဘယ်လိုက်ဇေးရှင်း တတိယလှိုင်း စတဲ့ ခေါင်းစဉ်တွေနဲ့အတူ ၂၁ ရာစုအစကနေ လက်ရှိအချိန်ထိ ဗျူဟာမျိုးစုံနဲ့ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ နည်းပညာ  …. စတဲ့အကြောင်းအရာတွေအပေါ် သမိုင်းနဲ့ သုံးသပ်ချက်တွေကို ပြည့်ပြည့်စုံစုံ တင်ပြထားတယ်။ 

“ကျွန်တော်တို့အားလုံးဟာ ကမ္ဘာလုံးသည် ဟု သိထားကြသည့်တိုင် မူရင်းစာရေးသူ ထော်မတ်အယ်(လ်) ဖရီးမင်းကမူ ကမ္ဘာပြားပြီ ဟု ဆိုလိုက်ရာ အတော်လေး ထူးဆန်းသလို ဖြစ်နေပါလိမ့်မည်။ သို့နှင့်တိုင် သူဆွဲထုတ်ပြသော အထောက်အထားတွေမှာ စိတ်ဝင်စားဖို့ ကောင်းလှသည်။ စဉ်းစားဆင်ခြင်ဖွယ်ရာများ အပြည့်ရှိနေသည်ဟု သဘောရပါသည်။” ( ဆရာကျော်ဝင်း၏ အမှာစာမှ …… ) 

ကမ္ဘာကြီး ဘာကြောင့် ‘ပြား’ သွားရတာလဲ၊ အပြားကမ္ဘာပေါ်မှာ နေထိုင်ဖို့ လိုအပ်တဲ့ အရာတွေ၊ ကမ္ဘာပြားပေါ်မှာ နေထိုင်တဲ့ ခေတ်လူသားတွေရဲ့ ရှေ့ဆက်ရင်ဆိုင်ရမယ့် ပြဿနာတွေ၊ အဆက်မပြတ် ပြောင်းလဲနေတဲ့ ၂၁ ရာစုတွင်းက အဖြစ်အပျက်တွေမှာ ပါဝင်နေတဲ့ လူသားတွေရဲ့ ရပ်တည်မှု၊ ရှေ့ဆက်နှစ်တွေမှာ ကြုံတွေ့လာမယ့် စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ … စတဲ့ ပြဿနာတွေကိုလည်း ဒီစာအုပ်ထဲမှာ တင်ပြထားတာမို့ မိမိနိုင်ငံနဲ့ ကမ္ဘာ့ရေးရာ၊ မျက်မှောက်ခေတ်ကြီးရဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေကို စိတ်ဝင်စားသူတိုင်း ဖတ်ရှုထားသင့်ပါကြောင့် ညွှန်းဆိုလိုက်ပါရစေ။ 

ကဲ … ဒါကြောင့်မို့ “ကမ္ဘာပြားပြီ” ဆိုတဲ့ နှစ်ဆယ့်တစ်ရာစုသမိုင်းအကျဉ်းအကြောင်း သိရအောင် ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။
ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ပို့စ်ကို ပြန်လည်မျှဝေ ( share ) ပေးဖို့ မမေ့နဲ့ဦးနော်။ 
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 

“ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးဖို့ မမေ့နဲ့ဦးနော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 


 


Related Posts