ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“လူ့ဘဝ၏ အဖြစ်သနစ် အလုံးစုံကိုပြသော ပြီးပြည့်စုံသည့် ပန်းချီကားတစ်ခုဖြစ်တဲ့ ကမ္ဘာ့ဂန္ထဝင်ဝတ္ထုကြီး”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ ...

ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံး ဂန္ထဝင်ဝတ္ထုကြီး၊ လူ့သဘာဝနဲ့ လောကတရားတွေကို အပြည့်အစုံဖော်ထုတ်ခဲ့တဲ့ ကမ္ဘာ့စာပေသမိုင်းရဲ့ ပြယုဂ်လည်းဖြစ်တဲ့ ဝတ္ထုကြီးကတော့ ဝန်ဇင်းစာချစ်သူတွေကို အခု မိတ်ဆက် တင်ပြမယ့် စစ်နှင့်ငြိမ်းချမ်းရေးဆိုတဲ့ ဝတ္ထုကြီးပါပဲ။ စာအုပ်ကြီးကလည်းထူလွန်းတယ်၊ တထိုင်တည်း မဖတ်နိုင်ဘူးဆိုပြီး၊ စာအုပ်ပမာဏကိုကြည့်ပြီး ဖတ်ဖို့ လက်လျှော့ခဲ့ဖူးကြလား၊ ဒါမှမဟုတ်၊ ဖတ်နေရင်းတန်းလန်းမှာပဲ ရှေ့ဆက်မရောက်ဖြစ်ပြီး လပေါင်းများစွာ ဆက်မဖတ်ဖြစ်ဘဲ နေခဲ့ကြမိလား … ဒီလိုဖြစ်ခဲ့ကြဖူးတယ်ဆိုရင် ခုပဲ ပြန်လည်ဖတ်ရှုကြဖို့ တိုက်တွန်းပါတယ်။

ဒီအတွက်ကျွန်တော်တို့ဝန်ဇင်းကနေ စစ်နှင့်ငြိမ်းချမ်းရေးဝတ္ထုကြီးကို စာအုပ် ( ၉ ) အုပ်အဖြစ် အပိုင်းခွဲပြီး စီစဉ်ထားပါတယ်။ စာအုပ် အမှတ် ( ၁ ) ကနေ အမှတ် ( ၉ ) အထိ ကိုးအုပ် ခွဲပြီး တင်ဆက်ပေးနေပြီ ဖြစ်တဲ့အတွက် ဝန်ဇင်းစာချစ်သူတွေလည်း လက်မနှေးဘဲ အမြန်ဆုံး ဝယ်ယူဖတ်ရှုကြဖို့ ထပ်မံ တိုက်တွန်းလိုက်ရပါတယ်။ 

ဒီနေ့မှာတော့ စာအုပ် ( ၁ ) နဲ့ စာအုပ် ( ၂ ) ကို စတင် မိတ်ဆက်လိုက်ပြီမို့ စာချစ်သူတွေ စတင်ဖတ်ရှုနိုင်ပြီဖြစ်ကြောင်း ပြောပါရစေ။ စစ်နှင့်ငြိမ်းချမ်ရေးဝတ္ထုကြီးအကြောင်း မိတ်ဆက်ရရင်တော့ ….

ဒီဝတ္ထုကြီး ( War and Peace ) ကို ရုရှားစာပေသမိုင်းမှာ သြဇာအရှိဆုံးပုဂ္ဂိုလ်ကြီး စာရေးဆရာ လီယိုတော်လ်စတွိုင်း ( Count Lev Nikolayevich Tolstoy ) က ရေးသားခဲ့တယ်။ နပိုလီယန် စစ်ပွဲကာလဖြစ်တဲ့ ၁၈၀၅ ခုနှစ်ကနေ ၁၈၁၃ ခုနှစ်အတွင်း အဖြစ်အပျက်တွေကို သမိုင်းနောက်ခံထားပြီး ဝတ္ထုရဲ့ ဇာတ်ကောင်တွေထဲမှာ ရာဇဝင်ထဲက တကယ့် လူတွေကိုလည်း ထည့်သွင်းအသုံးပြုထားတယ်။

စစ်နဲ့ ငြိမ်းချမ်းရေးကြားက သမိုင်းအဘိဓမ္မာတစ်ရပ်ကို ဖော်ထုတ်တင်ပြနိုင်စွမ်းရှိတဲ့ ခမ်းနားကြီးကျယ်လှတဲ့ ဝတ္ထုကြီးကို ဘာသာပြန် စာရေးဆရာကြီး ဆရာမြသန်းတင့်က “စစ်နှင့်ငြိမ်းချမ်းရေး” အဖြစ် မြန်မာပြန်ဆိုရေးသားပြီး မြန်မာစာဖတ်ပရိသတ်ကို ကမ္ဘာ့ဂန္ထဝင်စာပေနဲ့ ထိတွေ့စေခဲ့ပါတယ်။

ဝတ္ထုနာမည်နဲ့အညီ စစ်အကြောင်းနဲ့ ငြိမ်းချမ်းတဲ့ကာလအကြောင်းတို့ကို ဖွဲ့ဆိုပြီး အဲ့ဒီကာလတွေမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ ဇာတ်ဆောင်တွေရဲ့ ကြမ္မာသရုပ်ကို ဖော်ထုတ်ထားတယ်။ ဒီဝတ္ထုကြီးရဲ့ ခမ်းနားကြီးကျယ်မှုကို ဝတ္ထုဇာတ်အိမ်နဲ့ ပါဝင်တဲ့ ဇာတ်ဆောင်အရေအတွက် ငါးရာကျော်က ရုပ်လုံးဖော်သွားမှုအပေါ် စာချစ်သူတွေ တအံ့တသြနဲ့ ဖတ်ရှုကြရမှာပါ။ 
စစ်နှင့်ငြိမ်းချမ်းရေးဝတ္ထုကြီးထဲမှာ စာရေးသူ တော်လစတွိုင်းဟာ သူ့ရဲ့ လောကအဘိဓမ္မာ၊ စစ်ရေးအဘိဓမ္မာ၊ ရာဇဝင်အဘိဓမ္မာ၊ ဘာသာရေးခံယူချက် စတာတွေကို အကျယ်တဝင့် ရေးသားထားတဲ့အတွက် ဒီအချက်တွေကို ရေရေလည်လည်နားလည်နိုင်ဖို့ ဆရာမြသန်းတင့်အနေနဲ့ မြန်မာစစ်သမိုင်းကျမ်း၊ ဥရောပစစ်သမိုင်းကျမ်းနဲ့ ပြင်သစ်တော်လှန်ရေးကြီးနဲ့ နပိုလီယန်ရဲ့ အတ္ထုပ္ပတ္တိကျမ်းတွေ၊ အနောက်တိုင်းရာဇဝင်ကျမ်း၊ စစ်ပညာနဲ့ပတ်သက်ပြီး ဆွန်ဇူး၊ ကလော့ဇ်ဝိတ် စသူတို့ရဲ့ စာတွေနဲ့ ဘာသာရေးဆိုင်ရာကျမ်းတွေကိုလည်း ဖတ်ရှုခဲ့ရတယ်။ 

ဒီလို ဖတ်ရှုလေ့လာပြီးတော့မှ စစ်နှင့်ငြိမ်းချမ်းရေးဝတ္ထုကြီးကို တစ်နေ့ကို ပျှမ်းမျှ ( ၈ ) နာရီနှုန်းနဲ့ ဘာသာပြန်ဆို ရေးသားခဲ့တာဟာ တစ်နှစ်နဲ့လေးလကြာ ( ၁၆ လ ) မှ ပြီးဆုံးခဲ့တယ်။ ဆရာမြသန်းတင့်ရဲ့ စာပေစေတနာကတော့ တကယ့်ကို အံ့မခန်းပါပဲ။ ပြီးတော့ ဆရာဟာ စစ်နဲ့ငြိမ်းချမ်းရေးကို ဘာသာပြန်ဆိုခဲ့မှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်ကို အခုလို ပြောပြဖူးတယ်။

“လွန်ခဲ့တဲ့ငါးနှစ်လောက်က ဂျာမန်ပါမောက္ခတစ်ဦးနဲ့ တွေ့တယ်။ မိတ်ဆက်ပေးသူက ကျွန်တော့်ကို စာရေးဆရာ ဘာညာအပြင် စစ်နဲ့ငြိမ်းချမ်းရေးကို မြန်မာပြန်သူအနေနဲ့ မိတ်ဆက်ပေးတယ်။ ဒီတော့ ဂျာမန်မိတ်ဆွေက အံ့အားသင့်ပြီး မင်းတို့မှာ စစ်နဲ့ငြိမ်းချမ်းရေး ပြန်ပြီးပြီလားလို့ တအံ့တသြနဲ့မေးတယ်။ တစ်ခါက ဒီလိုပဲ၊ အိန္ဒိယစာရေးဆရာတစ်ယောက်နဲ့ တွေ့တယ်။ မင်းတို့ဆီမှာ စစ်နဲ့ငြိမ်းချမ်းရေး ပြန်ပြီးပြီဆိုတော့ တို့ထက်သာတာပေါ့။ တို့ဆီမှာ ခုထက်ထိ မပြန်ရသေးဘူးလို့ပြောတယ်။ ကျွန်တော်ဂုဏ်ယူတယ်၊ ကိုယ်က ဘာသာပြန်သူဖြစ်လို့ ဂုဏ်ယူတာမဟုတ်ဘူး။ ကျွန်တော်တို့ လူမျိုးမှာ ဒီလိုဂန္ထဝင်ကို ပြန်ပြီးသား ရှိနေပြီဆိုတဲ့အချက်ကို ဂုဏ်ယူတာ။ တို့လူမျိုးမှာ ဒီလိုဂန္ထဝင်တွေ ပြန်ပြီးသား ရှိပြီဟေ့၊ ဒါဟာ တို့အဆင့်အတန်းဟေ့ ဆိုတာကို ပြနိုင်လို့ ကျွန်တော်ဝမ်းသာတာ”

တော်လ်စတွိုင်းရဲ့ အရင်းနှီးဆုံး မိတ်ဆွေဖြစ်သူ တွေးခေါ်ရှင်၊ ဝေဖန်ရေးသမား စထရာခေါ့ ( Nikolay Nikolayevich Strakhov ) ကလည်း စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုကြီးနဲ့ ပတ်သက်ပြီး အခုလို မှတ်တမ်းတင် ရေးသားခဲ့တယ်။ 
“လူ့ဘဝ၏ အဖြစ်သနစ် အလုံးစုံကိုပြသော ပြီးပြည့်စုံသည့် ပန်းချီကားတစ်ခု ဖြစ်သည်။ ထိုအချိန်အခါက ရုရှားပြည်၏ သရုပ်ကိုဖော်ပြသော ပန်းချီကားတစ်ချပ်လည်းဖြစ်သည်။ ရုရှားသမိုင်းကို အပြည့်အစုံဆုံး ဖော်ပြသော ပုံတစ်ခု၊ ထို့ပြင် လူတို့ လှုပ်ရှားထကြွ ရုန်းကန်မှုကို ဖော်ပြသော ကားတစ်ချပ်ဟူ၍လည်း ဆိုနိုင်သည်။ ဤတွင် လှုပ်ရှားပါဝင်ခဲ့သော လူတို့၏ ပျော်ရွှင်မှုကိုလည်းကောင်း၊ ကြီးကျယ်မြင့်မြတ်မှုကိုလည်းကောင်း၊ ဝမ်းနည်း ကြေကွဲရပုံကိုလည်းကောင်း၊ နိမ့်ကျရပုံကိုလည်းကောင်း တွေ့နိုင်သည်။ ယင်းမှာ စစ်နှင့်ငြိမ်းချမ်းရေးဝတ္ထုပင် ဖြစ်လေသည်။” 

အခု ဘာသာပြန်ထားတဲ့ စာအုပ်ထဲမှာ ဝတ္ထုအကြောင်းအရာတင်မဟုတ်ဘဲ ဝတ္ထုထဲပါဝင်တဲ့ သမိုင်းကြောင်းအရ အရေးကြီးတဲ့ အဖြစ်အပျက်ပြ နေ့စွဲဇယားနဲ့ မှတ်စုတွေ၊ စစ်နှင့်ငြိမ်းချမ်းရေးဝတ္ထုကြီးနဲ့ ပတ်သက်ပြီး ၁၈၆၈ ခုနှစ်၊ ရုရှားမဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့ မူရင်းစာရေးသူ တော်လ်စတွိုင်းရဲ့ တင်ပြချက်၊ ဘာသာပြန်ရေးသားသူ ဆရာကြီးမြသန်းတင့်ရဲ့ အမြင်နဲ့ သုံးသပ်ချက် စတာတွေလည်း ပါဝင်တဲ့အတွက် စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုကြီးကို စာဖတ်သူအနေနဲ့ အပြည့်အစုံဆုံး လေ့လာခွင့်ရကြမှာပဲ ဖြစ်ပါတယ်။ 

ကမ္ဘာ့ဂန္ထဝင်စာပေနဲ့ မြန်မာစာဖတ်ပရိသတ်ကို ထိတွေ့စေလိုတဲ့ ဆရာကြီးမြသန်းတင့်ရဲ့ စေတနာ၊ ဇာတ်အိမ်ကြီးမားတဲ့အပြင် ဇာတ်ဆောင်တွေ အလွန်များပြားသော်လည်း တစ်ဦးချင်းစီရဲ့ စရိုက်နဲ့သဘာဝကို ဆိုင်ရာဇာတ်ကွက်ထဲမှာ အံဝင်ခွင်ကျထည့်သွင်း ရေးဖွဲ့သွားနိုင်တဲ့ မူရင်းစာရေးသူရဲ့ အရေးအသား၊ သူ ပြောလိုခဲ့တဲ့ စစ်နဲ့ငြိမ်းချမ်းရေး အဘိဓမ္မာ၊ စာဖတ်သူရဲ့ ရင်ထဲကို ကျန်နေခဲ့စေမယ့် အဓိကဇာတ်ဆောင်တွေရဲ့ လှုပ်ရှားမှု၊ ပြောစကားနဲ့ ခံယူချက်တွေ။ ဒီလို အရည်အသွေးတွေနဲ့အတူ ကမ္ဘာ့စာပေသမိုင်းမှာ ထိပ်တန်းနေရာကို ရယူထားတဲ့ “စစ်နှင့်ငြိမ်းချမ်းရေး” ဝတ္ထုကြီးကို စာဖတ်ဝါသနာပါသူတိုင်း၊ စာဂျပိုးတိုင်း၊ ဂန္ထဝင်စာပေကို လေ့လာလိုသူတိုင်း … ဖတ်ကို ဖတ်ရှုထားသင့်ပါတယ်။ 

ကဲ … ဒီတော့ဗျာ … ကမ္ဘာ့ဂန္ထဝင်ဝတ္ထုကြီးကို ဖတ်ရှုခံစားနိုင်ဖို့ ဝန်ဇင်းက စီစဉ်လိုက်တဲ့ စစ်နှင့်ငြိမ်းချမ်းရေး စာအုပ် ( ၁ ) နဲ့ ( ၂ ) ကို ခုပဲ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။

စာရေးဆရာကြီး ဆရာမြသန်းတင့်ဘာသာပြန်တဲ့ “စစ်နှင့်ငြိမ်းချမ်းရေး” ဝတ္ထုကြီးကို မိတ်ဆက်ရင်းနဲ့ ဆက်စပ်ညွှန်းဆိုလိုတာကတော့ စာရေးဆရာကြီး ဆရာကျော်အောင် ဘာသာပြန်ဆိုထားတဲ့ “တော်လ်စတွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေး ဖွင့်ဟဝန်ခံချက်” ဆိုတဲ့ စာအုပ်ကိုလည်း ဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အဲ့ဒီစာအုပ်ကတော့ ကမ္ဘာကျော်စာရေးဆရာကြီး ဝီလျံဆမ်းမားဆက်မွန်ရေးသားထားတဲ့ တော်လ်စတွိုင်းအကြောင်းနဲ့ သူ့စာအုပ်အကြောင်း၊ ဒီဝတ္ထုကြီးထဲမှာ တော်လ်စတွိုင်းအဓိက ဖော်ပြချင်တဲ့ သဘောထားနဲ့ ခံယူချက်အမြင်တွေကို ပြည့်စုံစွာဖော်ပြထားတယ်။ ဒီ့အပြင် စစ်နှင့်ငြိမ်းချမ်းရေးဝတ္ထုကြီးကို ပထမဦးဆုံးအဖြစ် ( ၁၂ ) တွဲခွဲပြီး ထုတ်ဝေခဲ့တဲ့ ပုဂံစာအုပ်တိုက်ရဲ့ စစ်နှင့်ငြိမ်းချမ်းရေးဝတ္ထုနဲ့ စပ်လျဉ်းတဲ့ ရေးသားဖော်ပြမှုတွေလည်း ပြည့်စုံစွာပါဝင်တာမို့ စစ်နှင့်ငြိမ်းချမ်းရေးဝတ္ထုကြီးကို ဖတ်ပြီးသူတွေရော၊ အခုမှ စတင်ဖတ်ရှုမယ့်သူတွေရော ဒီစာအုပ်လေးကိုလည်း မဖြစ်မနေ ဖတ်ရှုကြဖို့ ပြောကြားပါရစေ။ 
အဆိုပါ “တော်လ်စတွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေး ဖွင့်ဟဝန်ခံချက်” စာအုပ်ကလည်း ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလို့ ရနေပြီဖြစ်ကြောင်းလည်း သတင်းကောင်းပါး,ပါရစေခင်ဗျ။ 

ဒီပို့စ်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Like နဲ့ Share လုပ်ပေးဖို့ မမေ့နဲ့ဦးနော် 

ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ....... ။

Related Posts