‘မိုနာလီဇာကို ဖန်တီးသူ လီယိုနာဒို ဒါဗင်ဆီ’ [ Special Issue ]


‘မိုနာလီဇာကို ဖန်တီးသူ လီယိုနာဒို ဒါဗင်ဆီ’

̵  ကောင်းသန့်  ̵

ညက ကမ္ဘာကျော်ပုဂ္ဂိုလ်များ စာအုပ်ဖတ်ပြီး မျက်ခွံလေးလာသဖြင့် အိပ်ပျော်သွားသည်။ ချက်ချင်းလိုပင် အိပ်ပျော်သွားသည်။ ည ၂ နာရီကျော်လောက်တွင် တစ်ရေးနိုးသွား၏။ ပြန်အိပ်ရန် ကြိုးစားသော်လည်း အိပ်မပျော်နိုင်ဘဲ ဖြစ်နေသည်။ ထိုအခါ ခေါင်းထဲသို့ အကြောင်းအရာမျိုးစုံ ရောက်လာသည်။ 

အလုပ်ကိစ္စတွေက ရှေ့ဆုံးမှ တန်းစီဝင်လာသည်။ ကောင်းသန့် ပုံနှိပ်တိုက်တွင် ရိုက်ရမည့်စာများ၊ ရုံးကျပြီး စာမူများ အဖုံးပြုလုပ်တင်ရန်၊ ဖြန့်ချိတော့မည့် စာအုပ်များ၊ သတင်းစာတိုက်သို့ ကြော်ငြာထည့်ရန်၊ ရရန်ပေးရန်ရှိသော အကြွေးစာရင်းများ၊ ကောင်းသန့်စာကြည့်တိုက်သို့ ပေးပို့ရမည့် စာအုပ်များ၊ ကျေးရွာ ( ၃၀ ) သို့ နောက်ထပ် စာအုပ်အသစ် ပေးပို့ရမည့် ကောင်းသန့် ကျေးလက်ရွေ့လျား စာကြည့်တိုက်အကြောင်း ခေါင်းထဲရောက်နေသည်။ 

အားလုံးကို လက်ခံစဉ်းစား တွေးတောရင်း မောသွားသည့်အခါ အိပ်ပျော်သလို ဖြစ်သွားသည်။ လူက အခန်းကျယ်တစ်ခုထဲ ရောက်နေသလို ခံစားရသည်။ မျက်စိကို ဖွင့်ကြည့်တော့ ကျောက်စားပွဲရှည်တစ်လုံးပေါ်တွင် လူသေအလောင်း တစ်လောင်းကို မြင်ရသည်။ ခန္ဓာကိုယ်ပေါ်တွင် ဘာအဝတ်အစားမျှ မရှိသဖြင့် အရွယ်ကောင်း ယောက်ျားတစ်ယောက်ဖြစ်မှန်း သိရသည်။ 

ထိုစဉ် အသက် ၆၀ ဝန်းကျင် ပုဂ္ဂိုလ်တစ်ဦး ဝင်လာသည်။ ဝတ်ရုံရှည်ကြီး ဝတ်ထားသည်။ ဆံပင်နှင့် မုတ်ဆိတ်မွှေးတွေ ဖွေးဖွေးဖြူနေ၏။ ဘေးတိုက်ကြည့်လျှင် ဆံပင်နှင့် မုတ်ဆိတ်မွေး ရောယှက်ပေါက်နေသည် ထင်ရ၏။

မျက်ခုံးမွှေးတွေလည်း ဖြူနေ၏။ နှုတ်ခမ်းက မပြုံးမရယ်နှင့် တင်းတင်းစေ့ထားသလိုမျိုး ဖြစ်နေသည်။  မျက်လုံးက စူးရှတောက်ပပြီး တစ်စုံတစ်ရာကို စိတ်အားထက်သန်နေပုံ ရသည်။ သူသည် ကျောက်စားပွဲရှိရာသို့ သွားသည်။ အနားရှိ စားပွဲတစ်လုံးပေါ်တွင် ခွဲစိတ် ကိရိယာများကို ယူပြီး လူသေအလောင်းကို ရင်ဘတ်မှ စတင်ခွဲတော့သည်။ 

လူသေကို ခွဲစိတ်ပြီး အထဲမှ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ထုတ်ယူသည်။ သေသေချာချာ ကိုင်တွယ်ကြည့်နေ၏။ အရိုးအကြောတွေကို သူ့နေရာနှင့်သူ မှတ်သား လေ့လာနေ၏။ ခွဲစိတ်ပါရဂူ ဆရာဝန်တစ်ဦး ဖြစ်မည်ဟု ကျွန်တော် ထင်ခဲ့သည်။ အနီးတိုးကပ်ပြီး ကြည့်လိုက်တော့မှ နာမည်ကြီး ပန်းချီပန်းပု ဆရာတစ်ဦးဖြစ်နေမှန်း သိလိုက်ရသည်။ သူ့နာမည် လီယိုနာဒို ဒါဗင်ဆီ။ 

ညကပဲ သူ့အကြောင်းဖတ်ပြီး သူ့ရုပ်ပုံလွှာကို အသေအချာ ကြည့်ခဲ့မိသေးသည်။ မှားစရာမရှိ။ ကျွန်တော် အသေအချာ မှတ်မိနေသည်။ ဖွင့်ထားသော ရင်ဘတ်ကို ပြန်ချုပ်ပြီး လက်ဆေးနေတော့မှ ဘေးပတ်ဝန်းကျင်ကို သူ သတိပြုမိ၏။ သူနှင့် ၅ ပေခန့်အကွာတွင် ရပ်ကြည့်နေသော ကျွန်တော့်ကို မြင်သွားသည်။ ထိတ်လန့် စိုးရွံ့သွားပုံမရဘဲ ကျွန်တော့်ကို အေးဆေးစွာ ကြည့်နေ၏။

“ဆရာကြီး လီယိုနာဒို ဒါဗင်ဆီ မဟုတ်ပါလားခင်ဗျာ”
“မင်းက ငါ့ကို သိလို့နေပါလား”
“ဟုတ်ကဲ့ခင်ဗျ၊ ဆရာကြီးအကြောင်းကို မကြာခင်ကမှ ဖတ်ဖူးတာပါ။ ဆရာကြီး ပုံတူပန်းချီကားလည်း သေချာ မြင်ဖူး ကြည့်ဖူးထားပါတယ်”
“သြော် … မင်းက ငါ့ကို စိတ်ဝင်စားနေတယ်ပေါ့”
“ဟုတ်ကဲ့ပါခင်ဗျ”
“ဒီမှာ  … ဘာလာလုပ်တာလဲ”
“ဆရာကြီး လူသေအလောင်းကို ခွဲစိတ်နေလို့ စိတ်ဝင်စားပြီး စောင့်ကြည့်နေမိတာပါ။ ဆရာကြီးကို ကျွန်တော်က ပန်းချီပန်းပုဆရာကြီးလို့ပဲ သိထားတာပါ။ ဆရာဝန်လို့ မဖတ်ဖူးဘူး”
ထိုစကားကိုကြားတော့ ဆရာကြီးမျက်နှာ ပြုံးယောင်သမ်းသွား၏။ 
“ဆရာဝန်ပဲ လူသေအလောင်း ခွဲစိတ်ရတယ်လို့ မင်းထင်နေလို့လား”
“ဟုတ် ..”
“ငါတို့ ပန်းချီပန်းပုဆရာတွေလည်း ခန္ဓာဗေဒအကြောင်း ကျကျနန သိအောင်လို့ လူသေအလောင်းကို ခွဲစိတ်ကြည့်နေတာပါ။ ခန္ဓာကိုယ်ကို အရိုးနဲ့ ဘယ်လိုတည်ဆောက်ထားသလဲ၊ အကြောတွေ အရေပြားတွေ ဘယ်လို ဖုံးအုပ်ဆက်သွယ်ထားသလဲ သေချာသိမှ လူရုပ်တုကို ရေးဆွဲထုလုပ်တာ သဘာဝကျမှာပေါ့ကွ”
“ဆရာကြီးမှာ လက်တွေ့ ရေးဆွဲထုလုပ်နေတာ ရှိလို့လား”
“ကောင်လေး .. မင်း အတော်စပ်စုတာပဲကွ၊ ငါကလည်း မင်းလိုပဲ စပ်စပ်စုစု ဝါသနာပါတော့ မင်းကို နားလည်ပေးနိုင်ပါတယ်ကွာ၊ မင်းမေးတာ ငါဖြေမယ်”
“ဒီလိုကွ မီလန်ဘုရင် လူဒိုဗီကို ဆဖိုဇာ ( Ludovico Sforza ) က သူ့ခမည်းတော် ခဖရန်ဆက်စကို ( Francesco ) ရဲ့ မြင်းစီးနေပုံ၊ ရုပ်တုကို ထုလုပ်ပေးဖို့ အပ်ထားတယ်။ ဒီကိစ္စက ငါ့အတွက် အရေးကြီးတယ်။ ကြည့်လို့မကောင်းဘူး၊ သူ့ခမည်းတော်နဲ့ မတူဘူးဆိုရင် ငါ့နာမည် မြေကြီးအောက် ရောက်ပြီပေါ့။ ခန္ဓာဗေဒကိုမှ နားမလည်ဘဲ ပန်းချီဆွဲ ပန်းပုထုရင် လူနဲ့တူတောင် မလုပ်နိုင်ဘူး။ လုပ်နိုင်တယ်ဆိုဦး … အသက်မဝင်ဘူးကွ။ ဒါကြောင့် ငါ .. ဒုက္ခခံပြီး လူသေအလောင်း ခွဲနေရတာ။ ဘာအလုပ်ပဲလုပ်လုပ် အောင်မြင်ချင်တဲ့သူဟာ ဆင်းရဲပင်ပန်းမှုတွေ၊ ဒုက္ခတွေကို အရင်းတည်ပြီး အားထုတ်ရတယ်။ အောင်မြင်မှုဆိုတာ အလွယ်တကူရတာမျိုး မဟုတ်ဘူးကွ”
“ဆရာကြီးက အတော် အပင်ပန်းခံတာပဲနော်”
“ဟေ့ .. ကောင်လေး ဒီကိစ္စဟာ ငါ့အတွက် အခွင့်အရေး အကြီးကြီးကွ။ တစ်တိုင်းပြည်လုံး သိသွားမယ့် ကိစ္စ။ ငါလုပ်တာ ဟန်ကျရင် ဘုရင်က ချီးမြှောက်မယ်။ နောက်တော်ပါတွေက ဝိုင်းချီးကျူးပြီး င့ါကို တော်ဝင် ပန်းချီပန်းပုဆရာလို့ စာရင်းသွင်းကြမယ်။ ဒါဆို ငါ့လူမျိုး ငါ့နိုင်ငံအတွက် သမိုင်းတွင်မယ့် အနုပညာဖန်တီးမှုတွေ အများကြီး လုပ်ခွင့်ရမှာကွ။ မင်း ဘာသိလို့လဲ”
“ဟန်မကျခဲ့ရင်ကော”
ကျွန်တော်က သွေးတိုးစမ်း မေးကြည့်လိုက်သည်။ 
“အဲ့ဒီ ဘုရင်မင်းမြတ်နဲ့မတူဘူး။ အချိုးမကျ၊ မလှပဘူး၊ အသက်မဝင်ဘူးဆိုရင် သေပြီပေါ့ကွာ။ ရှေ့ဆက်ပြီး ငါ ဘယ်လို လုပ်ကိုင်စားလို့ ရတော့မှာလဲ”
“ဒါနဲ့ … တစ်ခုလောက် မေးကြည့်လို့ရမလား”
“မင်း … လျှာရှည်မှန်း သိပါတယ်၊ မေးပါ”
“ဆရာကြီးနာမည်က အစက လီယိုနာဒိုလို့ ပြောတယ်၊ ငယ်ငယ်က မိထွေးနဲ့ နေရတယ်လို့ ဖတ်ဖူးတယ်၊ အဲဒါ ဟုတ်လား”
“အေး .. ဟုတ်တယ်၊ ငါ ငယ်ငယ်က မိထွေးနဲ့ နေရတာ၊ မိထွေးက သဘောထားကောင်းတော့ အမေလိုပဲ။ ငါ့ကို အရမ်းဂရုစိုက် ပြုစုခဲ့တယ်။ မိထွေးတွေ ဆိုးတယ်ဆိုတာ ငါ့အတွက်တော့ မမှန်ဘူး။ မင်းမေးတဲ့ နောက်တစ်ခု ငါ့နာမည်ကိစ္စ။ အစက ငါ့နာမည်က လီယိုနာဒိုပဲ။ အဖေက ဗင်ဆီ ( Vinci ) မြို့လေးပြောင်းတော့ သူ့နာမည်နောက်မှာ ဗင်ဆီ ( Vinci ) တပ်လိုက်သလို ငါ့နာမည်နောက်မှာ ဗင်ဆီ ပါလာတော့တာပဲ။ နာမည်တွေက ပညတ်ပါကွာ။ အရေးမကြီးလှပါဘူး။ မင်းမေးလို့သာ ငါ ဖြေလိုက်တာ”
“ကြုံတုန်းလေးမှာ နောက်ထပ် မေးချင်သေးတယ်”
“ဟေ့ကောင်လေး ၊ မင်းအတော် လျှာရှည်တာပဲ”
ဆရာကြီးက ပြုံးပြီး ပြောနေသဖြင့် သဘောတူလို့ပဲ မှတ်ကာ အားမနာပါးမနာ ကျွန်တော်က ဆက်မေးဖြစ်လိုက်၏။
“ဆရာကြီးရဲ့ အကျော်ကြားဆုံးလက်ရာ ခရစ်တော်၏ နောက်ဆုံးညစာစားပွဲ ပန်းချီကားကြီးအကြောင်း ပြောပြပေးပါလား”
ဆရာကြီး ခေတ္တတွေသွား၏။ ကျွန်တော့်ကို မကြည့်ဘဲ အဝေးကို လှမ်းကြည့်ရင်း ဖြေသည်။ 
“အဲဒီ ပန်းချီကားကတော့ ငါ့ဘဝမှာ အခက်အခဲဆုံး၊ အပင်ပန်းဆုံးပါပဲကွာ။ မင်းကို ငါပြောခဲ့တယ် မဟုတ်လား။ မီလန်ဘုရင်ရဲ့ ခမည်းတော် မြင်းစီးရုပ်တုက ငါ့ကို တော်ဝင်ပန်းချီပန်းပုပညာရှင် ဖြစ်စေခဲ့တယ်လေ။ လက်ရာမြောက်တယ်ဆိုတဲ့ နာမည်ကောင်းလက်မှတ်ရတော့ သမိုင်းဝင် အနုပညာလက်ရာတွေ ငါ ဖန်တီးခွင့်ရတာပေါ့။ အဲဒီ ပန်းချီကားကို မီလန်မြို့ စိန့်မေရီ ဘုရားကျောင်းမှာ ငါဆွဲခဲ့တာ။ ခရစ်တော်က သူ့ရဲ့ တပည့်သာဝကတွေနဲ့ နောက်ဆုံး ညစာစားတဲ့ မြင်ကွင်းကို အာရုံထဲမှာ မြင်အောင်ကြည့်ပြီး နံရံပန်းချီ ရေးရတာကွ”
ပြောရတာ မောလာလို့လားမသိ။ ဆရာကြီး ခေတ္တ စကားပြောရပ်သွားသည်။ ဆရာကြီးအား ရေယူပေးချင်သော်လည်း အနားတွင် ရေကမရှိ။ ထိုသို့ တွေးတောစဉ်းစားနေစဉ် ဆရာကြီးက ဆက်ပြောသည်။ 
“ခရစ်တော်ကို မေတ္တာရဲ့ သင်္ကေတအနေနဲ့ ပုံဖော်ပြီး ရေးရသလို တပည့်သာဝက တစ်ဦးချင်းစီရဲ့ စရိုက်လက္ခဏာကို ပေါ်လွင်အောင် ရေးရတာဆိုတော့ အများကြီး လေ့လာရတယ်ကွ။ ခရစ်တော်နဲ့ ပတ်သက်တဲ့ ကျမ်းစာ၊ စာအုပ်စာတမ်းတွေ အများကြီး ဖတ်ပြီးမှ ရေးရဲတာ။ အဲဒီခေတ် အဲဒီအခြေအနေ ပေါ်လွင်အောင်လည်း ပန်းချီကားနောက်ခံမှာ အသေးစိတ် ရေးဆွဲရတာ အရမ်းပင်ပန်းတာပဲ။ ပြီးတော့လည်း နံရံမှာ ရေးရတာ။ အမြင့်တက်ပြီး ရေးရတာဆိုတော့ မလွယ်ဘူးပေါ့။ ဒါပေမဲ့ ရေးရကျိုးနပ်ပါတယ်။ ငါ ဘယ်သူလဲဆိုတာ သမိုင်းမှာ ချန်ထားခဲ့နိုင်တာပေါ့။”
“ဆရာကြီးရဲ့ သမိုင်းဝင် နောက်တစ်ကား ရှိသေးတယ်လေ”
“မိုနာလီဇာ ပန်းချီကားကို ပြောတာလား”
“ဟုတ်ကဲ့ခင်ဗျ”
“ဟား .. ဟား .. ဟား .. အဲဒီပုံက ငါ ဘိုင်ပြတ်လို့ ပိုက်ဆံရအောင် ဆွဲလိုက်တာ”
ဆရာကြီးက ရယ်ရယ်မောမော ပြောလိုက်သဖြင့် ကျွန်တော်လည်း စိတ်အတော် ပေါ့ပါးသွား၏။
“ပိုက်ဆံရဖို့များ ၃ နှစ်တောင် ဆွဲရသလားဗျာ”
“အေးကွ .. အဲဒါ မထင်ဘဲ ဖြစ်သွားတာ။ ဖလောရင့်မြို့က အရမ်းချမ်းသာတဲ့ ကုန်သည်တစ်ယောက်ရဲ့ မိန်းမပုံကို စိတ်ကြိုက် ပိုက်ဆံတောင်းပြီး ဆွဲတာ။ ရက်ပိုင်းပဲကြာမယ်လို့ ထင်ခဲ့တာ။ ၃ နှစ်လောက်ကြာမှ ပြီးသွားတယ်။ အဲဒီပုံနဲ့ ပတ်သက်ပြီး ငါ့ကိုလည်း ဝိုင်းအပုပ်ချကြသေးတာပေါ့။ အဲဒီမိန်းမနဲ့ ငါနဲ့ ငြိသွားသလို ပြောကြတာ”
“ဆရာကြီးက ပြန်မဖြေဘူးလား”
“ဒါမျိုးက ရှင်းစရာလား။ အချိန်က သူ့ဘာသူ ဖြေရှင်းပေးသွားတာပဲဟာ”
“အဲဒီမိန်းမရဲ့ အပြုံးကြောင့် ဆရာကြီး ပန်းချီကားက ကမ္ဘာကျော်သွားတာလို့ ပြောကြတယ်”
“ငါ့ကို ကြည်ညိုလေးစား အထင်ကြီး အားကျနေတဲ့ ကောင်တွေက ဝိုင်းပြီး ဘေးတီးပေးကြလို့ နာမည်ကြီးသွားတာကွ။ တကယ်တော့ အဲဒီမိန်းမရဲ့ အလှ၊ အဲဒီမိန်းမရဲ့ အပြုံးက စာမဖွဲ့လောက်ပါဘူးကွာ။ မင်းမေးချင်တာ ကုန်ပြီလား”
“နောက်ဆုံးတစ်ခုပဲ ကျန်ပါတော့တယ် ဆရာကြီး”
“ပြော .. မြန်မြန်ပြော … ငါလည်းမောပြီ”
“ဆရာကြီးက ပန်းချီအနုပညာရှင်သာမက သိပ္ပံပညာရှင်တစ်ယောက်လည်း ဖြစ်တယ်လို့ ဆိုကြတယ်။ အဲဒါ ဟုတ်သလား”
“မင်း ဘယ်သူပြောလဲ။ ငါက သိပ္ပံပညာရှင် တစ်ယောက် ဖြစ်လောက်အောင် ဘာမှ အဆန်းတကျယ် မတီထွင်ခဲ့ပါဘူး။ သိပ္ပံပညာကို စိတ်ဝင်စားပြီး စူးစမ်းလေ့လာခဲ့တာပဲ ရှိပါတယ်။ လေထဲမှာ ငှက်တွေ ပျံသန်းနေတာ။ ရေထဲမှာ ငါးတွေ ကူးခပ်တာနေတာကို ငါအရမ်း စိတ်ဝင်စားခဲ့တယ်။ လေစီးကြောင်းနဲ့ ရေစီးကြောင်းတွေ တူညီမှုရှိလား။ လူတွေ လေထဲမှာ ရေထဲမှာ ငှက်တွေ ငါးတွေလို ပေါ့ပေါ့ပါးပါး သွားလာလို့ မရဘူးလား။ ခေါင်းထဲမှာ အဲဒီလိုမျိုး စဉ်းစားပြီ ငှက်တွေ ငါးတွေလို လုပ်ကြည့်လို့ရအောင် ကြိုးစားချင်စိတ်တော့ ဖြစ်တယ်။ ဒါပေမဲ့ တကယ်ကျတော့ ကိုယ့်ပန်းချီပန်းပု အလုပ်နဲ့တောင် မအားရပါဘူး။ ဒါမျိုးဆိုတာက တစ်ခုခုကို အာရုံစိုက် လုပ်ရတာမျိုးလေ။ ကဲ .. မင်းမေးချင်တာ ကုန်ပြီလား။ ကျေနပ်တော့လေ”
“ဟုတ်ကဲ့ … ကျွန်တော့်မေးခွန်းတွေကို စိတ်ရှည်ရှည် ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ လူငယ်တွေအတွက် နှုတ်ဆက်စကားလေး လက်ဆောင်ပေးခဲ့ပါဦး”
“အခွင့်အလမ်းကောင်းသာ မရခဲ့ရင် အောင်မြင်မှုဆိုတာ မရှိနိုင်ဘူး။ အခွင့်အလမ်းကောင်းကို အလုပ်လုပ်ရင်းရှာဖွေ။ ထိုင်စောင့်မနေနဲ့၊ အခွင့်အလမ်းပေါ်မှာ ထလုပ်ဖို့ ထိုင်စောင့်နေတဲ့သူဟာ လူညံ့ပဲ”
ထိုစကားကို စိတ်အားထက်သန်စွာဖြင့် သူပြောနေ၏။ ပြောနေရင်းမှာပင် သူ့ပုံရိပ်က မှုန်ရီဝေဝါး ပျောက်ကွယ်သွားတော့၏။
အခန်းထဲမှာ ကျွန်တော်တစ်ယောက်တည်း ငိုင်ကျန်ရစ်ခဲ့သည်ဟု ကိုယ့်ကိုယ်ကို ထင်နေမိသော်လည်း ပါးတစ်ဖက်ကို ခြင်လာကိုက်နေမှန်း သိလိုက်ရသည့်အချိန်တွင် ကိုယ်ဘာဖြစ်နေမှန်း သိလိုက်ရတော့၏။
နောက်တစ်နေ့တွင် သူ့ကို သတိရပြီး သူ့အကြောင်း ပြန်ဖတ်ကြည့်သောအခါ အသက် ၆၇ နှစ်အရွယ်တွင် သူ ကွယ်လွန်သွားခဲ့ကြောင်း သိခဲ့ရလေ၏။ 
သူကွယ်လွန်ခဲ့သည့် ၁၅၁၉ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း ၆၀၀ နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူ့အကြောင်းကို ပြောနေ ရေးနေကြဆဲပင်။ 
သူသည် လူသေသော်လည်း နာမည်မသေ၊ ရှင်သန်နေသော လူတစ်ယောက် ဖြစ်သည်။  ( ကောင်းသန့် )

……….

မှတ်ချက်။      ။ ဤဆောင်းပါးကို စာရေးဆရာကောင်းသန့်၏ ‘ကမ္ဘာကျော်များနှင့် တွေ့ဆုံခြင်း’ စာအုပ်မှ ပြန်လည် ကောက်နုတ်ဖော်ပြခြင်းဖြစ်ပြီး ဝန်ဇင်းစာချစ်သူများအနေဖြင့် ယင်းစာအုပ် အပြည့်အစုံကို ဖတ်ရှုလိုပါက Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ် ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ 

Related Posts