မစ်ကီမောက်(စ)ရဲ့ ဖခင် Walt Disney ရဲ့ (၁၁၇) နှစ်မြောက်မွေးနေ့ !


မစ်ကီမောက်(စ)ရဲ့ ဖခင် Walt Disney ရဲ့ 
(၁၁၇) နှစ်မြောက်မွေးနေ့ !

Walt Disney (Dec 5, 1901 – Dec 15, 1996)

ဝေါ့လ်(ထ)ဒစ္စနေ (Walt Disney) ဆိုရင် ဝန်ဇင်းပရိသတ်ကြီး သိပြီးသား ဖြစ်ပါတယ်နော်! သူ့ကို မသိဘူးဆိုရင်တောင် မစ်ကီမောက်(စ) ကာတွန်းဇာတ်ကောင် (Mickey Mouse) နဲ့တော့ ရင်းနှီးကြပါလိမ့်မယ် ။ ဒီနေ့ကတော့ အဲ့ဒီ ကမ္ဘာကျော် ကာတွန်းဇာတ်ကောင်ဖြစ်တဲ့ မစ်ကီမောက်(စ) ရဲ့ ဖခင် ဝေါ့လ်(ထ)ဒစ္စနေရဲ့ (၁၁၇) နှစ်မြောက် မွေးနေ့ပဲ ဖြစ်ပါတယ်။ သူက လက်ရှိမှာ သန်းနဲ့ချီပြီး ပရိသတ် အခိုင်အမာ ရှိထားတဲ့ The Walt Disney Company ကြီးကို တည်ထောင်ပြီး ဖန်တီးနိုင်စွမ်းအားကောင်းကောင်းနဲ့ မစ်ကီမောက် အပါအဝင် အန်နီမေးရှင်း ကာတွန်ဇာတ်ကောင် အများအပြားကို မွေးထုတ်ခဲ့သူပါ။ ဒစ္စနေဆိုရင် Walt Disney Studios နဲ့လည်း တွဲမြင်လေ့ ရှိကြပါတယ်။ ကဲ … ဒီတော့၊ ဒစ္စနေ့မွေးနေ့မှာ သူ့လို ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးရဲ့အကြောင်း စိတ်ဝင်စားဖွယ် အချက်လေးတွေကို ဝန်ဇင်းမှ ဖော်ပြလိုက်ပါတယ်။

သတင်းစာမျက်နှာပေါ်က ကာတွန်းရုပ်ပုံတွေ

ဒစ္စနေရဲ့ အဖေက သတင်းစာ တအားဖတ်တဲ့သူပါ။ ဒီတော့ ဒစ္စနေက သူ ငယ်ငယ်ကတည်းက သတင်းစာနဲ့ လက်ပွန်းတတီး ရှိခဲ့တယ်။ ဒါပေမဲ့ သတင်းကို သိပ်စိတ်မဝင်စားဘူး။ သူ အဓိက စိတ်ဝင်စားတာက သတင်းစာရဲ့ မျက်နှာဖုံးမှာ ဖော်ပြထားတဲ့ ကာတွန်းတွေပါ။ အဲ့ဒီ ကာတွန်းပုံတွေဟာ သူ့ကို ကမ္ဘာကျော် ကာတွန်းရုပ်ပုံဆွဲ ပညာရှင် တစ်ယောက် ဖြစ်လာစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်သလို အဲ့ဒီ ကာတွန်းရေးဟန်တွေကလည်း ဒစ္စနေရဲ့ ကိုယ်ပိုင် ကာတွန်းတွေမှာ ထင်ဟပ်ခဲ့ပါတယ်။

မစ်ကီမောက်(စ) ရေးဆွဲသူ

လူသိနည်းတဲ့ တစ်ချက်ကတော့ မစ်ကီမောက်(စ) ကို ဒစ္စနေတစ်ဦးတည်း ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ Ub lwerks ဆိုသူနဲ့ တွဲပြီး ၁၉၂၈ ခုနှစ်မှာ မစ်ကီမောက်(စ) ဇာတ်ကောင်ကို ဖန်တီး ရေးဆွဲခဲ့ကြတာပါ။ ကနဦး အကြံကတော့ ဒစ္စနေပေါ့။ သူတို့နှစ်ယောက်ဟာ ဝါသနာ တူပေမယ့် ဖန်တီးမှုအပိုင်းမှာ အမြင်မတူကြပါဘူး။ ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ နှစ်အနည်းငယ်ကြာ ခွာပြဲခဲ့ကြတယ်။ နောက်ပိုင်း ပြန်ဆုံပြီး လက်တွဲခဲ့ကြတယ်။ ဒစ္စနေက animation company ထောင်မယ် လုပ်တဲ့အခါ lwerks ဟာ ကုမ္ပဏီရဲ့ ပထမဆုံး ဝန်ထမ်းလည်း ဖြစ်လို ဒစ္စနေရဲ့ သူငယ်ချင်းအရင်းကြီး တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။

ချစ်ဖို့ကောင်းတဲ့ ခပ်စူးစူး ကြွက်သံ

မစ်ကီမောက်(စ) ရဲ့ ချစ်ဖို့ကောင်းတဲ့ ခပ်စူးစူး ကြွက်သံကို ဒစ္စနေကိုယ်တိုင် သရုပ်ဆောင် ဖန်တီးခဲ့တာပါ။ ဒါပေမဲ့ ၁၉၄၆ ခုနှစ် နောက်ပိုင်းမှာတော့ အလုပ်များလာတာကြောင့် နောက်ခံအသံအဖြစ် မပါဝင်ဖြစ်တော့ဘူး။ ဆေးလိပ် သိပ်သောက်တာကြောင့် အသံအိုး ထိခိုက်ခဲ့တာလည်း ပါ,ပါတယ်။ သူပြီးတော့ မစ်ကီမောက်(စ) အသံကို နှစ်ရှည်လများ သရုပ်ဆောင်ခဲ့သူကတော့ အဆိုတော်၊ အသံသရုပ်ဆောင် စကော့လူမျိုး အမေရိကန် သက်ဝင်ကာတွန်းပုံ ရေးဆွဲသူ Jimmy MacDonald ပဲ ဖြစ်ပါတယ်။

မစ်ကီမောက်(စ) ရဲ့ နာမည်

ဒီတစ်ချက်ကလည်း လူသိနည်းပါတယ်။ တကယ်တမ်း မစ်ကီမောက်(စ) ရဲ့ နာမည် - Mickey Mouse - ကို ဒစ္စနေရဲ့ ချစ်ဇနီး Lilian Bounds က ပေးခဲ့တာပါ။ အစတော့ ဒစ္စနေက သူ့ဇာတ်ကောင်ကို - Mortimer Mouse - လို့ နာမည်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီနာမည်က ကလေးတွေအတွက် ‘လေး’ တယ်ဆိုပြီး ပိုပြီး ခေါ်လို့လည်းကောင်း မှတ်မိလည်းလွယ်တဲ့ ‘Mickey’ အဖြစ် ပြောင်းဖို့ ဒစ္စနေ့မိန်းမက အကြံပေးတာနဲ့ ဒစ္စနေ ကိုယ်တိုင်လည်း သဘောကျပြီး မစ်ကီအဖြစ် နာမည်ပေးခဲ့ကြတာပါ။

ခုဖော်ပြခဲ့တဲ့ ဒစ္စနေအကြောင်း အချက်အကလေးတွေကို mickeyblog.com မှ ကောက်နုတ်ထားတာပဲ ဖြစ်ပါတယ်။ တကယ်လို့ စာဖတ်သူကလည်း ဒစ္စနေရဲ့ ပရိသတ်ဆိုရင် မစ်ကီမောက်(စ) ကာတွန်းပဲဖြစ်ဖြစ်၊ Walt Disney Studios က ထုတ်တဲ့ အန်နီမေးရှင်းရုပ်ရှင်ဖြစ်ဖြစ် ဒီနေ့ပဲ ကြည့်လိုက်ကြဖို့ မမေ့နဲ့နော်

တကယ်လို့ ဝေါ့လ်(ထ)ဒစ္စနေအကြောင်းနဲ့ အခြား ကမ္ဘာကျော်ပုဂ္ဂိုလ်တွေအကြောင်း သိချင်တယ်ဆိုရင် ဆရာ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်) ရေးသားပြုစုထားတဲ့ ‘ထူးချွန်ထင်ရှားပုဂ္ဂိုလ်များ’ စာအုပ်ကို ဖတ်ဖို့ ညွှန်းလိုက်ပါတယ်။ 

ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါပြီခင်ဗျ။ 

Related Posts