ယနေ့အတွက် ဖတ်စရာကဏ္ဍ [ Special Issue ]


“ဒေါ်အောင်ဆန်းစုကြည်နှင့် သူတို့ညွှန်းသော စာအုပ်များ”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျ … 

ပြီးခဲ့တဲ့ သြဂုတ်လ ( ၂၈ ) ရက်၊ ( မနေ့က ) ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရန်ကုန်မြို့ရှိ တက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများ၏ ရသစာပေစကားဝိုင်း ကျင်းပသွားတာကို ဝန်ဇင်းစာချစ်သူများလည်း Live ကြည့်ရှုလိုက်ရမယ် ထင်ပါတယ်။ 

ရသစာပေအကြောင်း ဆွေးနွေးကြရာမှာ ၊ အထူးသဖြင့် - ဝတ္ထုတစ်ပုဒ်မှာ ဇာတ်ဆောင်စရိုက်နဲ့ ဇာတ်လမ်းအကြောင်းအရာ … ဘယ်ရာက ပိုပြီး အဓိက ကျသလဲ ? ဇာတ်ဆောင်အရေးကြီးသလား ? ဇာတ်လမ်းအရေးကြီးသလား ? စသဖြင့် ဆွေးနွေးကြတဲ့အခါ အောက်ပါ စာအုပ်တွေကိုလည်း ထည့်သွင်းဆွေးနွေးသွားကြတာ တွေ့ရပါတယ်။ 

ဒါကြောင့် ဝန်ဇင်းပရိသတ်ကြီးအနေနဲ့ ရသစာပေစကားဝိုင်းမှာ ထည့်သွင်းပြောဆိုသွားတဲ့ စာအုပ်တွေကိုလည်း သိရအောင်၊ တကယ်လို့ ဖတ်ချင်တယ်ဆိုလည်း ဖတ်ရှုနိုင်အောင်၊ အဆိုပါ စာအုပ်များရဲ့ ဖတ်ညွှန်းတို့ကို ခုလို ဖော်ပြလိုက်ပါရစေခင်ဗျ။ 

တစ်ဆက်တည်း သတင်းကောင်းပါးရရင်တော့ အခု စာအုပ်များကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာဖြင့် မိုဘိုင်းဖုန်းထဲမှတဆင့် ဝယ်ယူဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။ ကဲ … ခုတော့၊ စာချစ်သူတို့လည်း သိရအောင် စာဖတ်ညွှန်းတွေကို ကြည့်လိုက်ရအောင်။  

၁။ သူလိုလူ 

စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးလို့ ဆိုလိုက်ရင် ‘သူလိုလူ’ စာအုပ်နဲ့ တွဲပြီး မှတ်သား မြင်ယောင်မိလေ့ ရှိကြတယ်။ ဂျာနယ်ကျော်မမလေးရဲ့ အခြားစာအုပ်တွေကို မဖတ်ဖူး မကြားဖူးရင်တောင်မှ ‘သူလိုလူ’ ကို စာဖတ်သမားအများစု ဖတ်ဖူး၊ ကြားဖူးကြတယ်။ တကယ်တော့ သူလိုလူဟာ ရှားမှရှားပေ့ဆိုတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ ပုံရိပ်။ သူလိုလူဟာ ဂျာနယ်ကျော်မမလေးရဲ့ ခင်ပွန်း ‘ဂျာနယ်ကျော်ဦးချစ်မောင်’ ရဲ့ အတ္ထုပ္ပတ္တိ ကောက်ကြောင်းပဲ ဖြစ်ပါတယ်။ နိုင်ငံအတွက် စင်ပေါ်မတက် လူရှေ့မထွက်ဘဲ ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်ခဲ့သူ။ အလွန်ရိုးသားပြီး ကိုယ့်ရဲ့ ခံယူချက်ကို နည်းနည်းမှ သစ္စာမဖောက်ခဲ့သူ။ ဒီလို အရည်အချင်းမျိုးတွေနဲ့ ‘သူလိုလူ’ ဟာ အဲ့ဒီအချိန်အခါက နိုင်ငံရေးလှုပ်ရှားမှုနဲ့ စာပေရေစီးကြောင်းကိုလည်း ထင်ဟပ်နေတဲ့ သုတရသ အတ္ထုပ္ပတ္တိစာပေပဲ ဖြစ်ပါတယ်။ တကယ့်ကို နာမည်ကြီးတဲ့ စာအုပ်တစ်အုပ်ဖြစ်ပြီး စာဖတ်သမားတိုင်း ဖတ်ဖူးထားသင့်တဲ့ စာအုပ်ပါပဲ။

၂။ လင်္ကာဒီပချစ်သူ

ဆရာချစ်ဦးညိုရဲ့ ဒီစာအုပ်ဟာ ထွက်ပြီး မကြာဘူး၊ စာဖတ်ပရိသတ်တွေကြားထဲမှာ ဝေဖန်မှုများစွာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတဲ့ သမိုင်းဆိုင်ရာ နောက်ခံဝတ္ထုတစ်ပုဒ်ပဲ ဖြစ်တယ်။ ဝတ္ထုဇာတ်အိမ်ကတော့ ‘ရာမဇာတ်’ ပေါ့။ ရာမ၊ သီတာဒေဝီနဲ့ ဒသဂီရိ ဆိုတဲ့ အဓိကဇာတ်ဆောင် သုံးဦးကို မဏ္ဍိုင်ပြုပြီး ရေးဖွဲ့ထားတာပါပဲ။ ဒါပေမဲ့ ထူးခြားနေတယ်။ အဲ့ဒီ ထူးခြားချက်ကတော့ အားလုံးက လူကြမ်းကြီးအဖြစ် မြင်ထားကြတဲ့ ဒသဂီရိရဲ့ နေရာ၊ သူ့ရဲ့ ရင်ဘတ်ထဲကနေ စာရေးသူက ဝင်ရောက်ခံစားပြီး ပြန်ရေးပြထားလို့ပါပဲ။ ဒီနေရာမှာ ဆရာချစ်ဦးညိုရဲ့ ဝတ္ထုရေးသားမှု အတတ်ပညာကို မချီးကျူးဘဲ နေနိုင်မှာ မဟုတ်ပါဘူး။ စာဖတ်သူရဲ့ ဒသဂီရိအပေါ် အမြင်ကို လုံးလုံး ပြောင်းလဲသွားအောင် ပြုလုပ်နိုင်စွမ်းရှိတဲ့ ဆရာ့ရဲ့ နာမည်ကြီးလက်ရာ ‘လင်္ကာဒီပချစ်သူ’ ကို ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်ပါ။ ရင်ထဲမှာ ကျန်ရစ်ခဲ့ပါလိမ့်မယ်။ 

၃။ တက်စ်

ကဗျာလည်းရေး၊ လက်ရာမြောက် ဝတ္ထုရှည်ကြီးတွေကို ဖန်တီးပြီး ကမ္ဘာ့စာပေသမိုင်းမှာ နေရာတစ်နေရာ ယူထားသူ ကမ္ဘာ့ဂန္ထဝင် အင်္ဂလိပ်စာရေးဆရာကြီး သောမတ်စ်ဟာဒီ #Thomas_Hardy ရဲ့ ‘TESS of the D’Urbervilles’ ကို ဘာသာပြန်စာရေးဆရာ မောင်ထွန်းသူက ဆွဲဆောင်မှုရှိပြီး ချောမောပြေပြစ်လှတဲ့ မြန်မာစာ အရေးအသားနဲ့ ဘာသာပြန်ဆိုထားတဲ့ စာအုပ်ပါပဲ။ ‘တက်စ်’ ဆိုတာ ဒီဝတ္ထုကြီးထဲက အဓိကဇာတ်ဆောင် ကောင်မလေး တစ်ယောက်ဖြစ်ပါတယ်။ ချစ်စရာလည်းကောင်း၊ သနားဖို့လည်းကောင်းတဲ့ သူမဟာ သိပ်ကို ရိုးသားဖြူစင် အပြစ်ကင်းပြီး လောကမာယာ လောကဓံရဲ့ လှည့်ကွက်တွေကို ဘာမျှ မသိနားမလည်သေးတဲ့ အပျိုစင်တောသူမလေးတစ်ဦး။ ဒီဝတ္ထုကြီးဟာ သူမရဲ့ ဘဝမှာ မမျှော်လင့်ဘဲ ကြုံတွေ့ ရင်ဆိုင်ခဲ့ရတဲ့ ဒုက္ခသုက္ခမျိုးစုံကို တင်ပြထားတယ်။ ဖတ်ရင်းဖတ်ရင်းနဲ့ “သြော်….တက်စ်ရယ်” လို့ မြည်တမ်းမိတဲ့အထိ စာဖတ်သူရဲ့ နှလုံးသားထဲမှာ တက်စ်ဟာ နေရာအပြည့် ယူသွားလိမ့်မယ်။ ပြီးတော့ ဒီဝတ္ထုကြီးဟာ စာဖတ်သူရဲ့ အနှစ်သက်ဆုံး စာအုပ်စာရင်းဝင် ဖြစ်သွားပါလိမ့်မယ်။ 
…….
စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦး” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts