“လေလွင့်သူ” ဝတ္ထုအကြောင်း သင်မသိသေးတဲ့အချက်များ …


“လေလွင့်သူ” ဝတ္ထုအကြောင်း သင်မသိသေးတဲ့အချက်များ … 

လေလွင့်သူ ဆိုတာနဲ့ ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်လက်ရာ စာအုပ်လို့ တန်းမြင်မိမှာပါ။ ဟိုလ်ဒင်ကောဖီး ဆိုတဲ့ ၁၆ နှစ်အရွယ် ကောင်လေးတစ်ယောက် စာမေးပွဲကျပြီး အိမ်မပြန်ရဲလို့ နယူးယော့မြို့ကြီးထဲ လေလွင့်သူ လုပ်တဲ့ ဇာတ်လမ်းလေး။ စာချစ်သူတို့လည်း ဖတ်ပြီးပြီ ထင်ပါတယ်။ ဒီဝတ္ထုရဲ့ အရေအသားနဲ့ အကြောင်းအရာကို လက်မခံနိုင် အငြင်းပွားသူတွေ အများအပြား ရှိသလို ဟိုလ်ဒင်ကောဖီး ဇာတ်ကောင်ကို စွဲသွားတဲ့ ဒါမှမဟုတ် ဟိုလ်ဒင်ကောဖီးရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတဲ့ စာဖတ်သူတွေလည်း ဒုနဲ့ဒေးပါပဲ။

သန်းနဲ့ချီ ရောင်းချခဲ့ရတဲ့ ဒီစာအုပ်၊ J.D. Salinger ရဲ့ ‘The Catcher in the Rye’ ကို ၁၉၅၁ ခုနှစ်မှာ ဝတ္ထုအဖြစ် ပုံနှိပ်ထုတ်ဝေခဲ့တယ်။ အဲ့ဒီနှစ် မတိုင်ခင်ကတည်းက ဆလင်းဂျားဟာ ဒီစာအုပ် ထွက်ရှိဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ရတယ်။ အကြိမ်ကြိမ်လည်း ပယ်ချခံခဲ့ရတယ်။ နောက်ဆုံး ထွက်လာတော့ ဒီစာအုပ်ရဲ့ ဂယက်ဟာ အုတ်အော်သောင်းနင်းပဲ။ ဆယ်ကျော်သက်တွေရဲ့ နှလုံသားကို ကိုင်လှုပ်နိုင်ဆုံး စာအုပ်ပဲ။ ၂၀ ရာစု ကမ္ဘာ့စာပေလောကရဲ့ BIG BANG ကြီးတစ်ခုလို့ တင်စားကြတဲ့အထိပေါ့ဗျာ။ ဒီတော့ ‘လေလွင့်သူ’ မှာ ဘယ်လို ဇာတ်လမ်းတွေရှိလဲ ? ‘လေလွင့်သူ’ အကြောင်း စိတ်ဝင်စားဖွယ် အချက်တွေကို စာချစ်သူတို့လည်း သိချင်လိမ့်မယ်လို့ ယူဆမိတာကြောင့် ခုလို မျှဝေလိုက်ပါတယ်။

၁။ ဒီစာအုပ်ဟာ ဒုတိယကမ္ဘာစစ်နဲ့အတူ ထွက်ပေါ်လာတာလို့ ပြောလို့ရပါတယ်။ ၁၉၄၄ ခုနှစ်၊ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်စစ်တပ်က ပြင်သစ်တောင်ပိုင်းက နော်မန်ဒီဒေသကို ဝင်ရောက်ချိန်မှာ ဆလင်းဂျားက အမေရိကန်တပ်သားအဖြစ် တာဝန် ထမ်းဆောင်နေရပါတယ်။ အဲ့ဒီ ကာလတွင်းမှာ လေလွင့်သူကို ( ၆ ) ပိုင်းလောက်ပြီးအောင် ရေးသားခဲ့တာပါ။ 

၂။ ၁၉၄၆ မှာ ဆလင်းဂျားက သူ့ရဲ့ ဝတ္ထုကို ထုတ်ဝေဖို့ The New Yorker သတင်းစာတိုက်ကို ကမ်းလှမ်းခဲ့တယ်။ ဒါပေမဲ့ အယ်ဒီတာက ပယ်ချတယ်။ ဘာလို့ဆို ဟိုလ်ဒင်ကောဖီး ဇာတ်ကောင်က အပြင်မှာ မရှိနိုင်ဘူး ၊ သရုပ်မမှန်ဘူး ဆိုပြီး ယုံချင်စရာမရှိကြောင်း အကြောင်းပြချက်နဲ့ ပယ်ချခဲ့တာပဲ။ ( အဲ့ဒီအချိန်တုန်းက The New Yorker မှာ ပုံနှိပ်လိုက်ပြီဆိုတာနဲ့ အဲ့ဒီ စာရေးသူဟာ စာပေလောကမှာ တန်းဝင်သွားတဲ့အထိ The New Yorker ရဲ့ ဂုဏ်သိက္ခာ ကြီးမားလှတဲ့အချိန်ပါ။ )

၃။ The Catcher in the Rey ကို ကျော်ကြားစေတဲ့ အချက်တစ်ခုကတော့ အဲ့ဒီစာအုပ်ဟာ အကြိမ်များစွာ အပိတ်ခံရလို့ပါပဲ။ ၁၉၇၈ ခုနှစ်တုန်းက၊ ဝါရှင်တန်မှာရှိတဲ့ Issaquah အထက်တန်းကျောင်းမှာ အပိတ်ခံခဲ့ရတယ်။ ကွန်မြူနစ်နဲ့ ဆက်နွယ်တဲ့ ဇာတ်ကွက်တွေ ပါနေလို့တဲ့။ 

၎။ ၁၉၈၁ ခုနှစ်မှာတော့ အမေရိကန်မှာရှိတဲ့ ကျောင်းတွေမှာ ဒုတိယ လူပြောအများဆုံး စာအုပ် ဖြစ်လာခဲ့တယ်။ ဆင်ဆာ ဖြတ်တောက်ခြင်းခံရတာလည်း ဆက်တိုက် ဆိုသလိုပါပဲ။ ၂၀၀၉ ခုနှစ်မတိုင်ခင်အထိ လေလွင့်သူဟာ စိန်ခေါ်မှုအများဆုံး ခံရတဲ့ စာအုပ်တစ်အုပ် ဖြစ်ခဲ့ပါတယ်။

၅။ ဝတ္ထုရဲ့ ဂယက်ကတော့ ဟိုလ်ဒင်ကောဖီး လွှမ်းမိုးခြင်းပါပဲ။ အားလုံးသိတဲ့ ကမ္ဘာကျော် အဆိုတော် John Lennon ကို သေနတ်နဲ့ ပစ်သတ်ခဲ့သူ Mark David Chapman အဖမ်းခံရချိန်မှာ သူက ဒီဝတ္ထုကို ဖတ်နေခဲ့ပါတယ်။ လူသတ်မှုကျူးလွန်ပြီးနောက် သူဟာ ဟိုလ်ဒင်ကောဖီး လွှမ်းမိုးခဲ့တယ်လို့ ယုံကြည်ခဲ့တယ်။ သူ့ရဲ့ တရားဝင်နာမည်ကိုတောင် ဟိုလ်ဒင်ကောဖီးအဖြစ် ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ 

၆။ နောက်အမှုတစ်ခုကတော့ ရုပ်ရှင်မင်းသားကနေ အမေရိကန်သမ္မတ ဖြစ်လာတဲ့ Ronald Reagan ကို လုပ်ကြံဖို့ ကြိုးပမ်းခဲ့သူပေါ့။ ၁၉၈၁ မှာ ဖြစ်ခဲ့တာပါ။ လုပ်ကြံသူရဲ့နာမည်က John Hinckley Jr ပဲ ဖြစ်ပါတယ်။ သူက လေလွင့်သူရဲ့ ပရိသတ်။ ရဲတွေက သူ့အခန်းထဲမှာ လေလွင့်သူစာအုပ်ကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ Hinckley ကတော့ သမ္မတရေဂင်ကို ပစ်သတ်ခဲ့တာဟာ (အမေရိကန်မင်းသမီး) Jodie Foster အထင်ကြီးအောင်ပါလို့ ပြောပါတယ်။  

၇။ ဒီဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် တစ်ခါမှ မအောင်မြင်ခဲ့ပါဘူး။ Leonardo Di Caprio, Marlon Brando, Jack Nicholson စတဲ့ ရုပ်ရှင်မင်းသားတွေနဲ့ ရိုက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဆလင်းဂျားကလည်း သူ့ရဲ့ ဝတ္ထုကို ရုပ်ရှင်မရိုက်ဖို့ ပြောခဲ့ဖူးပါတယ်။ ဆလင်းဂျား ကွယ်လွန်ပြီး နောက်မှာတော့ လေလွင့်သူဝတ္ထုနဲ့ ဆလင်းဂျားအကြောင်း အတ္ထုပ္ပတ္တိဆန်ဆန် ရိုက်ကူးထားတဲ့ ‘The Rebel in the Rye’ ကတော့ ပြီးခဲ့တဲ့နှစ် (၂၀၁၇) မှာ ထွက်ရှိခဲ့ပါတယ်။ Nicolas Hoult က ဆလင်းဂျားအဖြစ် သရုပ်ဆောင်ထားပြီး မကြည့်ရသေးရင် ကြည့်ဖို့ တိုက်တွန်းပါရစေ။ ဒါရိုက်တာက Daniel Strong ပါ။

၈။ ဒီစာအုပ်ရဲ့ ပရိသတ်က တော်တော်ကို များပါတယ်။ ဖန်အကြီးစားတွေထဲမှာ Green Day အဖွဲ့လည်း ပါဝင်ခဲ့တာပါ။ ၁၉၉၁ ခုနှစ်မှာ ‘Who Wrote Holden Caulfield?’ သီချင်း ထွက်ခဲ့ပါတယ်။ နာမည်ကြီးခဲ့တဲ့ သီချင်းတော့ မဟုတ်ပါဘူး။

၉။ ဝတ္ထုရဲ့ ရေးသားတင်ဆက်ပုံမှာ ထူးခြားချက်ကတော့ အဲ့ဒီခေတ်အချိန်က လူငယ်တွေ ပြောကြတဲ့ ဗန်းစကား များစွာပါဝင်နေတာပါပဲ။ စာအုပ်ထဲမှာ ‘phony’ ဆိုတဲ့ စကားလုံး ၃၅ ကြိမ် ၊ ‘crazy’ ၇၇ ကြိမ် နဲ့ ‘goddamn’ ၂၄၅ ကြိမ် ပါဝင်ပြီး ‘happy’ ဆိုတဲ့ စကားလုံးကတော့ တစ်အုပ်လုံးမှာ ၇ ကြိမ်ပဲ ပါတာ တွေ့ရပါတယ်။  

၁၀။ ဆလင်းဂျားရဲ့ ချစ်ရေးချစ်ရာက သူ့ရဲ့ဝတ္ထုထဲမှာ တော်တော် ပေါ်လွင်ပါတယ်။ မိန်းမတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်တွေပေါ့။ သူရဲ့ အချစ်ဦးက နာမည်ကြီး ပြဇာတ်စာရေးဆရာ Eugene O’ Neill ရဲ့ သမီးချော Oona O’ Neil … ဒါပေမဲ့ ဆလင်းဂျားနဲ့ မညားဘဲ ချာလီချက်ပလင်နောက် ပါသွားပါတယ်။ 

“မိန်းမဆိုတာ ဒီလိုပဲ ထင်ပါရဲ့။ စဉ်းစားဉာဏ် သိပ်မရှိသည့်တိုင်၊ ရုပ်အချောကြီး မဟုတ်သည့်တိုင်၊ တစ်ခုခု လှလှပပ လုပ်လိုက်ပြီဆိုရင် သူတို့ကို ချစ်ချင်သလိုလိုကို ဖြစ်လာတော့တာပဲ။ ကိုယ့်ကိုယ်ကိုတောင် သိပ် သတိမရချင်တော့ဘူး။” (လေလွင့်သူ၊ ဘာသာပြန်မှ)

၁၁။ ဒီစာအုပ်ကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် တစ်နေ့လျှင် ၆၈၅ အုပ်လောက် ရောင်းနေရတယ်လို့ ဆိုပါတယ်။ ဒီအချက်ဟာ ၂၀၁၅ ခုနှစ်တုန်းက shortlist.com မှာ ဖော်ပြထားတဲ့အချက်ပါ။

Ref; shortlist.com / theguardian.com

။	။ ကဲ … စာချစ်သူတို့လည်း လေလွင့်သူကို မဖတ်ရသေးရင် ဖတ်ကြည့်လိုက်ပါဦး။ ဝန်ဇင်းမှာ ဖတ်လို့ရနေပါပြီ။ တကယ်လို့ ဖတ်ပြီးရင်လည်း ကိုယ့်ရဲ့အမြင်ကို ပို့စ်ရဲ့ comment မှာ ဆွေးနွေးပေးပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေ။

ဒီစာအုပ်ကို ဖတ်ချင်တယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါပြီခင်ဗျ။

Related Posts