ပန်းကန်ပြားပျံစီးပြီး ကောင်းကင်ဘုံသွားမယ် [ Special Issue ]


“ပန်းကန်ပြားပျံတွေက ကောင်းကင်ဘုံကို ပို့ဆောင်ပေးလိမ့်မယ်လို့ ယုံကြည်ခဲ့သူများ”

-	မောင်ပါဠဲ့ - ရေးသည်။ 

၁။ ဆန်ဒီယေးဂိုးမြို့ပြင်က အထူးအဆန်း သတင်းတစ်ပုဒ် ! 

ကယ်လီဖိုးနီးယားပြည်နယ် ၊ ဆန်ဒီယေးဂိုးမြို့ပြင်မှာ မိန်းမနှစ်ဆယ့်တစ်ယောက်နဲ့ ယောက်ျားဆယ့်ရှစ်ယောက်တို့ တိတ်ဆိတ်ငြိမ်သက်စွာ လဲလျောင်းနေကြတယ်။ ဒါမှမဟုတ် ဒီလိုပြောရအောင်၊ သူတို့အားလုံး မလှုပ်မယှက် ငြိမ်သက်နေကြတယ်။ အသက်အရွယ်ကတော့ အစုံပဲ။ အသက်နှစ်ဆယ်ကစလို့ ခုနစ်ဆယ်အထိ ပါတယ်။ အားလုံးက အနက်ရောင်ဝတ်စုံကို ကိုယ်စီ ဝတ်ဆင်ထားကြတယ်။ နိုင်ငံခြားရုပ်ရှင်တွေထဲကလို အသုဘအခမ်းအနား သွားတဲ့အခါ ဝတ်လေ့ရှိတဲ့ အနက်ရောင်မျိုးပေါ့။ အဲ့ဒီနေ့ဟာ ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၆ ရက် ၊ ခုနှစ်ကတော့ ဒီအချိန်ကနေ သမင်လည်ပြန်ကြည့်ရင် လွန်ခဲ့တဲ့ နှစ်,နှစ်ဆယ်အလွန် ၁၉၉၇ ခုနှစ်။ 

မလှုပ်မယှက် လဲလျောင်းငြိမ်သက်နေတဲ့ သူတို့ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေ မရှိ ၊ အပွန်းအပဲ့ နတ္ထိ ၊ ခိုက်ရန်ဖြစ်ပွားထားသလား ဆိုတော့လည်း ဝေလာဝေး ၊ တစ်စုံတစ်ရာ သွေးထွက်ခြင်းလည်း မရှိတဲ့ သူတို့အုပ်စုကို ဒေသခံရဲတပ်ဖွဲ့က တွေ့ရှိသွားပြီးနောက်မှာတော့ အုတ်အောင်သောင်းနင်း ဖြစ်သွားတဲ့ သတင်းထုတ်ပြန်ချက်တစ်ခုက ခုန်ပျံထွက်ပေါ်လာတယ်။

“ကောင်းကင်ဂိတ်ပေါက်ဂိုဏ်း၏ အဖွဲ့ဝင်များ သေဆုံး” တဲ့။ 

ဒီကိစ္စဟာ နာမည်ကြီးသတင်းစာတိုင်းရဲ့ မျက်နှာဖုံးစာမျက်နှာမှာ နေရာအပြည့် ယူလာတယ်။ တီဗီရုပ်သံတွေမှာလည်း စီစီကိုညံလို့။ လူတွေကလည်း တီးတိုးတီးတိုးနဲ့။ မီဒီယာတွေကလည်း အာရုံစိုက်လာကြတယ်။ တိုင်းမ်မဂ္ဂဇင်းကြီးဆိုရင် ဂိုဏ်းခေါင်းဆောင်ဖြစ်သူ မာရှယ်အက်ပဲလ်ဝှိုက်ရဲ့ ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ ရိုက်ထားတဲ့ သူ့ဓာတ်ပုံနဲ့အတူ သတင်းခေါင်းကြီးအဖြစ် ဖော်ပြခဲ့လေရဲ့။ ကဲ … ဘယ့်နှယ့်တုန်း ကောင်းကင်ဂိတ်ပေါက် ?

၂။ အာကသယာဉ်ကြီး ပျော်ပျော်စီး ၊ ကောင်းကင်ဘုံဆီ သွားရအောင် !

ခင်ဗျားတို့ယုံမလား ? တကယ်လို့ ကိုယ့်ကို လူတစ်ယောက်က ဒီလိုပြောလာမယ် ဆိုပါစို့။ ခင်ဗျားတို့ ကျုပ်တို့ဟာ လူသားတွေထက် အဆင့်မြင့်တဲ့ ဘုံတစ်ခုကနေ စွန့်ပစ်ထားတဲ့ ကွန်တိန်နာသာသာ ဗလာခန္ဓာကိုယ်တွေကို ပိုင်ဆိုင်ထားတဲ့သူတွေပဲ။ အဲ့ဒီ အဆင့်မြင့်တဲ့ ကောင်းကင်ဘုံနိုင်ငံတော်ကြီးက စကြာဝဠာထဲမှာ ရှိတယ်။ အဲ့ဒီကို ကျုပ်ခေါ်သွားမယ်။ ခင်ဗျားတို့ကို ကျုပ် ကောင်းကင်ဘုံနိုင်ငံတော်ကြီးကို ခေါ်သွားမယ်။ မကြာခင်မှာ ရောက်လာမယ့် အာကာသယာဉ်ပျံကြီးနဲ့ တက်လိုက်သွားရမှာ။ ဒါပေမဲ့ ဒီအာကာသယာဉ်ပျံကြီးပေါ် မတက်ခင်မှာ ခင်ဗျားတို့ဟာ ခင်ဗျားတို့ရဲ့ လောကီခန္ဓာတွေကို စွန့်ပစ်ခဲ့ရမယ်။ 

ကဲ၊ ဘယ့်နှယ့်ရှိစ၊ စာဖတ်သူရော၊ ကိုယ့်ကို လူတစ်ယောက်က အဲ့ဒီလို လာပြောပြီဆိုရင် ဘယ်လိုတုံ့ပြန်မလဲ ? ပါလား၊ ပယ်လိုတောင်လားပဲ ဖြစ်မှာပေါ့၊ ဟုတ်တယ်မလား။ ဒါပေမဲ့ ဘာမလားဘဲ တကယ်ကို သူပြောတဲ့အတိုင်း ယုံကြည် လိုက်နာပြီး တစ်နည်းအားဖြင့် လူတွေထက် မြင့်မြတ်တဲ့ ဘုံတစ်ခုကနေ ရောက်လာမယ့် အာကာသယာဉ်ပျံနဲ့ အတူ အဲ့ဒီဘုံကို သွားဖို့ တကယ်ပဲ စိတ်ပါလက်ပါနဲ့ ကိုယ့်ကိုယ်ကို ဆူဆိုက် ( suicide ) လုပ်ခဲ့တဲ့သူတွေကတော့ တကယ်ပဲ ရှိခဲ့တယ်။ စုစုပေါင်း ( ၃၉ ) ယောက်။  သူတို့ဟာ ကောင်းကင်ဂိတ်ပေါက်ဂိုဏ်းခေါင်းဆောင် မစ္စတာမာရှယ်အက်ပဲလ်ဝှိုက် ပြောတဲ့အတိုင်း ယုံကြည်ကိုးစားပြီး ကိုယ့်ကိုယ်ကို သတ်သေခဲ့ကြလေရဲ့။ 

၃။ ကောင်းကင်ဂိတ်ပေါက် ဘာလဲ ဘယ်လဲ !

သူ့ရဲ့ နာမည်က ‘Heaven’s Gate’ တဲ့ ၊ ကောင်းကင်ဘုံကို သွားမယ့် ဂိတ်တံခါး ၊ ကောင်းကင်ဂိတ်ပေါက်လို့ပဲ ဆိုရအောင်။ ဒီဂိုဏ်းဟာ ပန်းကန်ပြားပျံအခြေခံ ဘာသာရေးဂိုဏ်းတစ်ခုလို့ သတ်မှတ်ကြတယ်။ တည်ထောင်ခဲ့သူက ခုနကပြောပြောနေတဲ့ မာရှယ်အက်ပဲလ်ဝှိုက် ( Marshall Applewhite ) နဲ့ သူ့ဇနီး သူနာပြုဆရာမ ဘွန်နီလူးနက်တဲစ် ( Bonnie Lu Nettels ) တို့ပဲ ဖြစ်တယ်။ ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းမှာ ဒီဂိုဏ်းကို တည်ထောင်ခဲ့တာပေါ့။ 

နောက်ကြောင်း - လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ တုန်းက လူတွေထက် မြင့်မြတ်တဲ့ ကောင်းကင်ဘုံနိုင်ငံတော်ကြီးရဲ့ အာကာသယာဉ်မောင်းတွေဟာ သူတို့ရဲ့ လူတစ်ယောက်ကို သခင်ယေရှုအသွင်နဲ့ ကမ္ဘာဂြိုဟ်ကို စေလွှတ်ခဲ့တယ်လို့ ဂိုဏ်းချုပ်ကြီး မစ္စတာအက်ပဲလ်ဝှိုက်က ဆိုတယ်။ သူကတော့ သခင်ယေရှု ပြန်လည်ဝင်စားတဲ့သူ ဖြစ်ပါသတဲ့။
 
ရည်ရွယ်ချက် - သူတို့ဟာ မြင့်မြတ်တဲ့ ကောင်းကင်ဘုံက နတ်သက်ကြွေလာတဲ့ လူသားတွေပဲ၊ သူတို့အိမ်ကို သူတို့ပြန်ရမယ်။ လမ်းပြမယ့် အိမ်အပြန်လမ်းကို သိတဲ့သူက သူ့ကိုယ်သူ ယေရှုဝင်စားတယ်လို့ ဆိုတဲ့ မစ္စတာအက်ပဲလ်ဝှိုက်ပဲ ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ နောက်လိုက်တွေကို စကြဝဠာကြီးထဲက လူထက် အဆင့်မြင့်တဲ့ ဘုံတစ်ခုဆီ ခေါ်ဆောင်သွားမယ်၊ သူတို့ရဲ့ ဌာနေဖြစ်တဲ့ ကောင်းကင်ဘုံနိုင်ငံတော်ကြီးဆီ ပြန်ကြမယ်။ ဒါဟာ သူတို့ရဲ့ အန္တိမ ရည်မှန်းချက်။ 

၎။ ကြယ်တံခွန်က အချက်ပြပြီ !

၁၉၉၇ ခုနှစ်မှာ ကမ္ဘာမြေအနီးကနေ ကြယ်တံခွန်ကြီးတစ်ခု ဖြတ်သွားခဲ့တယ်။ အဲ့ဒီကြယ်တံခွန်ရဲ့ နာမည်က ဟေးလ်-ဘော့ ( Hale-Bopp ) တဲ့။ အဲ့ဒီ ကြယ်တံခွန်ဟာ ၂၀ ရာစုရဲ့ နက္ခတ္တဗေဒဆိုင်ရာ မှတ်တမ်းမှာ စာရင်းဝင်ခဲ့တဲ့ စိတ်လှုပ်ရှားစရာ ကြယ်တံခွန်တစ်ခုပေါ့။ ကြယ်တံခွန်တစ်ခု ကမ္ဘာမြေအနီးကဖြတ်ဖို့ နှစ်ပေါင်းများစွာ ကြာတယ်မဟုတ်လား … ။ ကြယ်တံခွန် ဖြတ်ရင် ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုသလို ဘယ်ကလာလို့ ဘယ်ကိုသွားမယ်မှန်းလဲ မသိရတဲ့ သူတို့တွေဟာ စကြာဝဠာထဲက သိပ်ကို နက်နဲဆန်းကြယ်တဲ့ အရာဝတ္ထုတွေပဲပေါ့။  ကဲ … ကြယ်တံခွန်အကြောင်း ပြောနေတာ မဟုတ်တော့ ခဏခေါက်ထားလိုက်ရအောင်။ 

ဆိုတော့ကာ ကြယ်တံခွန်က ဒီဂိုဏ်းနဲ့ ဘယ်လို ဆက်စပ်နေတာတုန်း ? အဲ့ဒီကြယ်တံခွန် ကမ္ဘာမြေနဲ့ နီးကပ်လာတာ သူတို့ဂိုဏ်းက စောင့်မျှော်နေတဲ့ အမှတ်အသား၊ သူတို့ကို အိမ်ပြန်ဖို့ အချက်ပြတာပဲတဲ့။ ဒါက ဂိုဏ်းချုပ်ကြီးရဲ့ မိန့်မှာတမ်း၊ အထက်ဘုံကနေ အာကာသယာဉ် ရောက်မယ့်အချိန်ကို ပြသတဲ့ အမှတ်အသားပဲ ဖြစ်တယ်လို့ဆိုတယ်။ 

ဒီလိုနဲ့ ၁၉၉၇ ခုနှစ်၊ မတ်လနောက်ဆုံးအပတ်မှာ ဟေးလ်-ဘော့ကြယ်တံခွန်က ကမ္ဘာမြေနဲ့ နီးကပ်လာပြီ၊ ကမ္ဘာမြေအနီးနားကနေ ဖြတ်သန်းသွားတော့မယ်။ ဂိုဏ်းချုပ်ကြီးကတော့ ဒီကြယ်တံခွန်ရဲ့ နောက်မှာ ပုန်းကွယ်နေတဲ့ အာကာသယာဉ်ကြီး ပါလာတယ်တဲ့။ ပန်းကန်ပြားပျံကြီး UFO ကြီး ပါလာတယ်ပေါ့။ အဲ့ဒီယာဉ်ကြီးနဲ့ စီးနင်းလိုက်ပါသွားပြီးတော့ သူတို့ဟာ ကောင်းကင်ဂိတ်ပေါက်ကို ဖြတ်သန်း၊ ပြီးတော့ လူ့ဘုံထက် အဆင့်မြင့်တဲ့ အလွှာတစ်ခု ၊ ကောင်းကင်ဘုံတစ်ခုကို ရောက်သွားကြမှာပဲ ဖြစ်တယ်လို့ ဆိုတယ်။ 

၅။ အသေထွက်,ထွက်ခြင်း ! 

အာကာသယာဉ်ကြီးနဲ့ လိုက်သွားမှာတော့ ဟုတ်ပါပြီရဲ့၊ ကျုပ်တို့က ရုပ်ရှင်တွေထဲကလို ညဥ့်နက်သန်းခေါင်ကြီး တောအုပ်ထဲက ခပ်နက်နက်တစ်နေရာမှာ ရည်းစားဦးနဲ့ ချိန်းတွေ့သလို လည်တဆန့်ဆန့်နဲ့ ယူအက်ဖ်အိုကြီးကို စောင့်ရမှာလား၊ ဘယ်လိုတုန်း … ဂိုဏ်းသားတွေက အဲ့သလို မမေးကြပါဘူး။ ဆရာသမားက သူ့ရဲ့ နောက်လိုက်တွေကို ဒီလို ပြောပြီးသားဖြစ်ပါတယ်။

သူတို့အနေနဲ့ အာကာသယာဉ်ပေါ်ကို မတက်ခင်မှာ သူတို့ရဲ့ လောကီခန္ဓာတွေကို စွန့်ခဲ့ရမယ်တဲ့။ ပြီးတာနဲ့ အာကာသယာဉ်ကြီးက သူတို့ရဲ့ နာမ်ခန္ဓာတွေကို ကောင်းကင်ဘုံကို ခေါ်ဆောင်သွားမှာ၊ ပြီးတော့ သူတို့က အဲ့ဒီယာဉ်မှာ ပြန်လည်မွေးဖွားလာကြမှာ ဖြစ်တယ်လို့ ဂိုဏ်းသူဂိုဏ်းသားတွေကို ပြောပြီးပြီ။ အဲ့ဒီနေ့က မတ်လ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့၊ ၁၉၉၇ ခုနှစ်။ 

ဒီလိုနဲ့ သူအပါအဝင် နောက်လိုက် ( ၃၈ ) ဦးတို့ဟာ အထက်ဘုံကို အာကာသယာဉ်နဲ့ လိုက်ပါသွားဖို့ ကိုယ့်ကိုယ်ကို သတ်သေလိုက်ကြတော့တယ်။ သူတို့ဟာ ဗော့ဒ်ကာအရက်၊ ပန်းသီးဖျော်ရည်နဲ့ အခြား မူးယစ်ထုံထိုင်းစေတာတွေနဲ့ ရောစပ်ထားတဲ့ အရည်တစ်မျိုးကို သောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားကြတယ်။ သူတို့ဟာ သုံးရက်အတွင်း အုပ်စုတစ်ခုချင်းအလိုက် သေပွဲဝင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ 

၆။ ၂၁ ရာစုခေတ်သစ် တွေးခေါ်ရှင်ကြီးတွေ !

မောင်ပါဠဲ့အနေနဲ့ ပန်းသီးဘိုးတော် ( applewhite ) ရဲ့ ဂိုဏ်းကို နည်းနည်းအဆင့်မြင့်တယ်လို့ ပြောချင်ဆိုချင်နေတယ်။ အဆင့်မြင့်ဆို သူတို့ဟာ ခေတ်ဟောင်းလူသားတွေလည်း မဟုတ်၊ သိပ္ပံနဲ့နည်းပညာ သတင်းအချက်တွေ အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်နေတဲ့ ၂၁ ရာစုအတွင်းက ၂၁ ရာစု လူသားတွေ ဖြစ်နေတယ် မဟုတ်လား။ ဒီလိုမျိုး ၂၁ ရာစု လူသားဖြစ်တဲ့ သူတို့တွေက နည်းပညာနဲ့အညီ သူတို့ရဲ့ အတွေးအခေါ်နဲ့ ယုံကြည်ချက်တွေကို အင်တာနက်ပေါ်မှာ အခိုင်အမာ ဝက်ဘ်ဆိုက်ထောင်ပြီးတော့ကို ချပြထားတယ်။ 

www.heavensgate.com တဲ့။ အဲ့ဒီဝက်ဘ်ဆိုက်က ခုထိ အသက်ဝင်နေတုန်းပဲ။ ဝင်ကြည့်လို့ရဆဲပဲ။ အဖွဲ့ဝင် အတော်များများကလည်း နည်းပညာကျွမ်းကျင်သူ WEB page professional သမားတွေ ဖြစ်ကြတယ်လို့ သိရတယ်။ သူတို့ရဲ့ အတွေးအခေါ် ယုံကြည်ချက်နဲ့ ပတ်သက်တဲ့ ရှင်းတမ်းတွေကို ဝက်ဘ်ပေ့ခ်ျကနေ ထုတ်ပြန်တယ်။ Video clip နဲ့ သင်ကြားပို့ချမှုတွေ လုပ်တယ်။ သူတို့ သတ်မှတ်ထားတာကတော့ - 

ကောင်းကင်ဂိတ်ပေါက်အဖွဲ့ဝင်တွေက သူတို့ဟာ လူထက်မြင့်တဲ့ ဘုံတစ်ခုက ဂြိုဟ်သားတွေ ဖြစ်ကြတယ်။ လူ့ခန္ဓာကို ခဏတာ အငှားယူထားတဲ့ ဂြိုဟ်သားတွေပေါ့။ ဟေးလ်-ဘော့နဲ့ အတူပါလာမယ့် UFO နဲ့အတူ အိမ်ပြန်ဖို့ ပလန်ဆွဲထားကြတဲ့ အဖွဲ့အစည်းပဲဖြစ်တယ်။ ဒါကလည်း သူတို့ အဆိပ်သောက် မသေခင် စိတ်အေးလက်အေးနဲ့ အရာရာကို ပြင်ဆင်ခဲ့ကြတာသာ ကြည့်တော့။ အားလုံး အနက်ဝတ်စုံကိုယ်စီ၊ ပြီးတော့ အထုပ်အပိုးတွေတောင် စနစ်တကျ ပြင်ဆင်ထားသေးတယ်၊ အဲ့ … ခပ်ဆန်းဆန်းတစ်ချက်ကတော့ အားလုံးက NIKE တံဆိပ် ရှူးဖိနပ် ( NIKE Sneakers ) တွေ ဝတ်ထားကြတယ်။ ဒီကိစ္စကို သတင်းထောက်တွေကမေးလို့ NIKE ကလည်း သူတို့နဲ့ မသက်ဆိုင်ကြောင်း ငြင်းချက်ထုတ်ခဲ့ရသေးပ။ ( တယ်မလွယ်တဲ့ ပန်းသီးဘိုးတော်ပဲနော့ ) 

နောက်ပိုင်း လေ့လာချက်တွေအရ ဂိုဏ်းချုပ်ကြီး ပန်းသီးဘိုးတော်နဲ့ သူ့ဇနီး နက်တဲစ်တို့ဟာ ဂျော့ဂ်ျလူးကပ်စ်ရဲ့ ‘Star War’ တို့ ၊ စတီဗင်စပီးဘာ့ဂ်တို့ရဲ့ ‘Close Encounters of the Third Kind’ စတဲ့ နာမည်ကြီး sci-fi ရုပ်ရှင်တွေရဲ့ အမာခံပရိသတ်တွေ ဖြစ်ကြတယ်လို့ သိရတယ်။ သူတို့ ပို့ချချက်တွေမှာလည်း sic-fi အခြေခံ အယူအဆတွေ ပါဝင်နေတယ်။ တကယ်တော့ အစုလိုက်အပြုံလိုက် ဆူဆိုက်မလုပ်ခင် သူတို့ပလန်က အဲ့ဒီမတိုင်ခင် နှစ်နှစ်ဆယ်လောက်စောပြီး ပြင်ဆင်ခဲ့ကြတာပါပဲ။

၁၉၇၅ စက်တင်ဘာမှာ သူတို့အဖွဲ့က အိုရီဂွန်ပြည်နယ်၊ ဝေးလ်ပေါ့မြို့လေးကိုသွားပြီး မကြာခင်မှာ လူသားတွေနဲ့ ဆက်သွယ်လာတော့မယ့်ဆိုတဲ့ UFO တွေအကြောင်း လက်ချာပို့ချခဲ့ကြသေးတယ်။ ‘New York Times’ သတင်းစာအရဆိုရင် အကြမ်းဖျင်း လူ ( ၁၅၀ ) လောက်က ပန်းသီးဘိုးတော်ရဲ့ လက်ချာတွေကို နားထောင်ဖို့ အဲ့ဒီပွဲကို တက်ရောက်ခဲ့ကြသတဲ့။ မြို့လေးကတော့ အစက ဒီလိုထင်ခဲ့တယ်။ ဒါဟာ တကယ့် ကြောင်တောင်တောင် ပြက်လုံးကြီးပါကွာ … ပေါ့။ 

ဒါပေမဲ့ အံ့သြထိတ်လန့်စရာပဲ၊ အဲ့ဒီမြို့လေးမှာရှိတဲ့ လူ ၂၀ ကျော် ၃၀ လောက်က အထုပ်အပိုးတွေပြင် သူတို့မိသားစုကို နှုတ်ဆက်ပြီး ပန်းသီးဘိုးတော်တို့အဖွဲ့နောက် လိုက်သွားကြလေရဲ့။ ဒါ့အပြင် သူတို့အဖွဲ့က ကော်လိုရာဒိုပြည်နယ်ရဲ့ ဂရင်းဂျန်းရှင်းမြို့မှာ လူ ၄၀၀ ဝန်းကျင်လောက်ပါတဲ့ တွေ့ဆုံပွဲတွေ လုပ်ခဲ့သေးတယ်။ အဲ့ဒီမှာ အများစုက သူတို့အဖွဲ့ဟာ ဂြိုဟ်သားတွေနဲ့တောင် တွေ့ဆုံကြပြီးပြီဆိုတာကို ယုံသွားကြတယ်။ ဒါပေမဲ့ နောက်လိုက်တော့ မဖြစ်ခဲ့ပါဘူး။ ထူးခြားတာကတော့ သူတို့နောက်လိုက်ဖြစ်ခဲ့တဲ့ အိုရီဂွန်က လူတွေဟာ တကယ် အခင်းဖြစ်ပွားတဲ့အချိန်မှာ မပါဝင်ခဲ့ကြဘူးလို့ ဆိုတယ်။ ဒီ ဆူဆိုက်လုပ်သွားတာက အခြားသူတွေပေါ့။ 

၇။ အရာရာကို သံသယရှိသင့် !

ကဲ … ဒီကိစ္စဟာ ၊ သေးသေးလေး မဟုတ်ပါဘူး။ အကြီးကြီးပါပဲ။ စိတ်ဝင်စားဖို့လည်းကောင်းသလို စိုးရိမ်စရာလည်းကောင်းပါတယ်။ သူတို့ အဖြစ်အပျက် ရှေးရှေးရာစုက မဟုတ်ပြန်ဘူး။ တိုးတက်ပါတယ်ဆိုတဲ့ ဒီခေတ်ကြီးထဲမှာ ဖြစ်ပျက်သွားတာ။ ဒီတော့ မောင်ပါဠဲ့ လေမရှည်တော့ပါဘူး။ ဒီအကြောင်းကို ဗဟုသုတအဖြစ် မျှဝေရင်း လက်တို့ချင်တာက 

-	ဘယ်သူ ဘာပြောပြော သံသယအမြင်နဲ့ စဉ်းစားဆင်ခြင်
-	တွေးခေါ် သုံးသပ်ပါလို့ … 
-	ပြီးတော့
-	ခုလို လူမှုကွန်ရက်ခေတ် ဖြစ်နေတဲ့အချိန်
-	မြင်မြင်သမျှ သတင်း အဖြစ်အပျက်တွေကို 
-	မျက်စိမှိတ် နားပိတ်မယုံကြည်ဘဲ
-	ကိုယ်တိုင် စူးစမ်းလေ့လာပါလို့ …

ပြောရင်းဆိုရင်း တိုက်တွန်းရင်း ဒီပို့စ်ကို ဒီနေရာမှာ နိဂုံးခုတ်ပါရစေ။ 
………….

Data Ref; International Magazine / www.rollingstone.com / www.history.com

Related Posts