ဆရာမင်းလူပြောတဲ့ ဝတ္ထုနဲ့အက်ဆေး ဘာကွာသလဲ ...


အက်ဆေးအကြောင်း အက်ဆေး

ဆက်ဆေးနှင့် ပတ်သက်၍ ပြည့်ပြည့်စုံစုံ သိချင်လျှင် စာပေဗိမာန်မှ ထုတ်ဝေသော “စာတမ်းငယ်စာတမ်းများ” စာအုပ်ကို ဖတ်ကြည့်သင့်သည်။ လောလောဆယ်မှာတော့ အက်ဆေးအကြောင်းကို တတ်သလောက် မှတ်သလောက် ပြောပြပါမည်။ အက်ဆေးဆိုသည်မှာ အင်္ဂလိပ်ဘာသာစကား ဖြစ်၏။ မြန်မာလို စာစီစာကုံးဟု အများစုက နားလည်ထားကြသည်။ ကျောင်းသုံးဝေါဟာရအဖြစ် သိနေကြခြင်း ဖြစ်၏။ တကယ်တော့ ဒီ့ထက်မက အဓိပ္ပာယ် ကျယ်ဝန်းသည်။ 

တစ်ချိန်က အက်ဆေးကို “အစမ်းစာ” ဟု ဘာသာပြန်ခဲ့ကြဖူးသည်။ သိပ်တော့ မတွင်ကျယ်ခဲ့။ နောက်တော့ “စာတမ်း” ဟူသော အသုံးအနှုန်းက တွင်ကျယ်လာခဲ့သည်။ သို့တိုင်အောင် ပညာရေးနှင့် ပတ်သက်၍ ဖတ်ကြားသော စာတမ်းများနှင့် ရောထွေးသွားမှာ စိုးရိမ်သောကြောင့် ထင်သည်။ စာပေဗိမာန်က “စာတမ်းငယ်” ဟု အမည်သစ်ပေးသည်။ 

ဆရာအောင်သင်းကတော့ အက်ဆေးမှာ ရသပါလေ့ရှိသောကြောင့် “ရသစာတမ်းငယ်” ဟု ဖြည့်စွက် သုံးနှုန်းလေ့ရှိသည်။ ဆရာ၏ အယူအဆကို ထောက်ခံပါသည်။ အက်ဆေးမှာ ရသ ပါကိုပါရမည်ဟု မဆိုဝံ့သော်လည်း ရသပါသော အက်ဆေးများသည် ပို၍ ဖတ်လို့ကောင်းတာတော့ အမှန်ပဲဖြစ်၏။ ကျွန်တော်ကဖြင့် အခါအခွင့်သင့်လျှင် အက်ဆေးထဲမှာ ဟာသလေးတောင်မှ ထည့်လိုက်ချင်သေးသည်။ ခပ်သောသော ခပ်ထေ့ထေ့ ရေးလေ့ရှိသော ဆရာသစ္စာနီ၏ “စကားပြောသော အက်ဆေးများ” ကို တော်တော် သဘောကျသည်။ ( ထို့ကြောင့် “ဟာသစာတမ်းငယ်များ” ဆိုပြီး နာမည်သစ်တစ်ခု ထွင်ဖို့တော့ စိတ်ကူးမရှိပါ။ ) 

တချို့ စာပေပညာရှင်ကြီးများကတော့ အက်ဆေးကို ဘာသာပြန်မနေတော့ဘဲ အက်ဆေးဟူ၍ပင် တိုက်ရိုက် အသံဖလှယ် သုံးစေချင်ဟန်တူသည်။ အယ်ဒီတာ၊ ဒါရိုက်တာ၊ မဂ္ဂဇင်း၊ ဂျာနယ် စသော စကားလုံးများလိုပင် အပြီးအပိုင် မွေးစားလိုက်ဖို့ အကြံပြုကြသည်။ ဒါကိုလည်း ကျွန်တော် ထောက်ခံပါသည်။ ထို့ကြောင့် ကျွန်တော်၏ စာအုပ်ကို အက်ဆေးချစ်သူ ( ရသစာတမ်းငယ်များ ) ဟု ညီညွတ်မျှတသော အမည်ကို ပေးလိုက်ခြင်း ဖြစ်ပါသည်။ 

ဆရာသိပ္ပံမောင်ဝ၊ ဆရာဇေယျ၊ ဆရာတက္ကသိုလ်မောင်မောင်ကြီး၊ ဆရာတက်တိုး၊ ဆရာတိုက်စိုး၊ ဆရာမင်းနွယ်တို့၏ စာများမှာ ကျွန်တော်တို့ အတုယူခဲ့ရသည့် အဖိုးတန်အက်ဆေးများပင် ဖြစ်ပါသည်။ စာပေနယ်တွင် အက်ဆေးရေးသူ နည်းပါးသည်။ အက်ဆေးဆရာအဖြစ် သီးသီးသန့်သန့် ရပ်တည်သောသူမှာ ပိုလို့တောင် ရှားသေးသည်။ ထိုဆရာမျိုးကိုတော့ အက်ဆေးသူရဲကောင်းများအဖြစ် ဂုဏ်ပြုချင်ပါသည်။ 

ကျွန်တော်သည် ဆရာကြီးများ၏ အက်ဆေးများကို ဖတ်ပြီး စွဲလန်းခဲ့ရသည်။ ထိုရေးဟန်တွေက ကျွန်တော့်ကို လွှမ်းမိုးခဲ့ဟန်တူသည်။ ကျွန်တော်၏ တချို့ဝတ္ထုများကို အက်ဆေးဆန်သည်ဟု ရေးဖော်ရေးဖက်များက ပြောကြသည်။ ဆရာအောင်ပြည့် ချယ်ရီမဂ္ဂဇင်းကိုင်နေစဉ် “ချယ်ရီရောင် အတွေးသစ်စာတမ်းများ” ဆိုသော ကဏ္ဍသစ်တစ်ခု ဖွင့်သည်။ ထိုကဏ္ဍတွင် ကျွန်တော်လည်း ဝင်ရေးသည်။ ထိုအခါ ကျွန်တော်၏ အက်ဆေးများကို ဝတ္ထုဆန်သည်ဟု မှတ်ချက်ပြုခြင်း ခံရသည်။ 

ဒါဆိုလျှင် ဝတ္ထုနှင့်အက်ဆေး ဘာတွေ ကွာခြားပါသနည်း။ အစဉ်အလာအတိုင်း ပြောရလျှင် ဝတ္ထု၌ ဇာတ်လမ်းပါသည်။ ဇာတ်ဆောင်တွေပါသည်။ ဇာတ်ဆောင်တို့၏ စရိုက်ကို ပီပြင်အောင် ဖော်ရသည်။ ဇာတ်ရှိန်တက်အောင် လုပ်ရသည်။ ဇာတ်ကွက်တင်ရသည်။ ဇာတ်ကို ဖြေပေးရသည်။ စ၊ လယ်၊ ဆုံး အကွက်လည်အောင် တင်ပြရသည်။ အက်ဆေးမှာကျတော့ ဇာတ်လမ်းဟူ၍ ပါချင်မှပါသည်။ တချို့လည်း ပါချင်ပါသည်။ သို့ရာတွင် ဇာတ်လမ်းတွေ ဇာတ်ဆောင်တွေကို ငဲ့ကွက်စရာမလို။ ဇာတ်ကြောင်းကို အဆုံးထိ ပြောချင်မှ ပြောမည်။ ပြချင်သည့် အပိုင်းကိုသာ ကွက်၍ ပြချင်ပြမည်။ ဇာတ်ဆောင်တွေနှင့် ပတ်သက်ပြီးတော့လည်း တာဝန်ယူစရာ မလို။ 

အက်ဆေးသည် ဆောင်းပါးနှင့်လည်းမတူ။ ဆောင်းပါးက အချက်အလက်ကို အားကိုးသည်။ တင်ပြသည့် အကြောင်းအရာက တိကျခိုင်မာရမည်။ ကောင်း၏ ဆိုးမှား ခွဲခြားပေးရသည်။ ရည်ရွယ်ချက်ကို ရောက်အောင် ရှင်းရှင်းလင်းလင်း ဖော်ပြပြီး နိဂုံးချုပ်ပေးရမည်။ အက်ဆေးကျတော့ အချက်အလက်ကို အားမကိုး။ စိတ်ကူးစိတ်သန်းကို အားကိုးသည်။ ခိုင်မာတိကျသည့် အထောက်အထား အကိုးအကားတွေ ပါချင်မှ ပါမည်။ ဗဟုသုတ ဖြစ်စရာတွေ၊ ပညာပေးတွေ၊ အကျိုးပြုတာတွေ ရှိချင်မှလည်း ရှိမည်။ စာရေးသူက စိတ်ကူးအလျဉ်းသင့်သလို ရေးချသွားမည်သာ ဖြစ်၏။ 

ထို့ကြောင့် အက်ဆေးရေးရတာ လွတ်လပ်သည်ဟု ဆိုနိုင်သည်။ လွယ်သည်ဟူ၍တော့ ပြောလို့မရ။ တစ်ခါတလေ ရှောရှောရှုရှု ဖြစ်တတ်သော်လည်း တစ်ခါတလေကျတော့ အတွေးသာရှိပြီး ချရေးလို့မရဘဲ ဖြစ်နေတတ်သည်။ စာတစ်ကြောင်းအတွက် တစ်နေကုန်ချင် ကုန်တတ်သည်။ ပြီးတော့ အက်ဆေးမှာ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေ မပါဘဲ စိတ်ကူးတည့်ရာ လျှောက်ရေးနေခြင်းမျိုး ဖြစ်သည်ဟူ၍လည်း တစ်ဖက်သတ်ပြော၍ မဖြစ်ပြန်။ 

တစ်ခါတစ်ရံ မိုးရွာလို့ ရေစီးကြောင်းလေးတွေ ဖြစ်ပေါ်လာပုံကိုပင် တခမ်းတနား ရေးချင်ရေးသည်။ တစ်ခါတလေ အလွန် ခက်ခဲနက်နဲသော စကြာဝဠာကြီးအကြောင်း ဖြစ်ချင် ဖြစ်နေပြန်သည်။ တစ်ခါတလေကျတော့လည်း သာမန် အသေးအဖွဲ့မျှသာ ဖြစ်သော ပုရွက်ဆိတ်လေးတစ်ကောင် အကြောင်းကို အစပြုပြီး သဘာဝ လောကကြီးအကြောင်း၊ နက်နဲသည့် အဘိဓမ္မာအကြောင်းတို့ကို ဆက်စပ်ဆွဲယူ တင်ပြတတ်သေးသည်။ 

အက်ဆေးရေးရသည့် အရသာမှာ ကိုယ့်ခံစားချက်၊ ကိုယ့်အတွေ့အကြုံ၊ ကိုယ့်စိတ်ကူး၊ ကိုယ့်အတွေးအခေါ်ကို ကိုယ့်အရင်းနှီးဆုံး မိတ်ဆွေအား ရင်ဖွင့်ပြောပြခြင်းနှင့် တူသည်။ အက်ဆေးဖတ်ရတာကျတော့ အနီးစပ်ဆုံး ဥပမာပေးရလျှင် တစ်နေ့လုံး အိမ်ထဲမှာ ကုပ်နေရသဖြင့် ညနေစောင်း အပျင်းပြေ လမ်းလျှောက်ထွက်ရသည့် အရသာမျိုးပင် ဖြစ်၏။ 

အက်ဆေးဖတ်ရာမှာ တစ်ပန်းသာသည့် အချက်တစ်ချက်လည်း ရှိသေးသည်။ အက်ဆေးသည် စာဖတ်သူကို လှည့်စားခြင်း၊ ညွှန်ကြားခြင်း၊ ဆုံးမခြင်း၊ ပညာပေးခြင်းတို့ မပြုလုပ်ခြင်းပင် ဖြစ်၏။ များသောအားဖြင့် အက်ဆေးတို့သည် စာဖတ်သူကို တိုင်ပင်ခြင်း၊ ညှိနှိုင်းခြင်း၊ တင်ပြခြင်းသာ ပြုလေ့ရှိ၏။ တချို့ဝတ္ထုများသည် အက်ဆေးဆန်ကြပြီး တချို့အက်ဆေးတွေက ဝတ္ထုဆန်ကြသည်။ အထူးသဖြင့် ခုနောက်ပိုင်းရေးကြသည့် မော်ဒန်ဝတ္ထုအချို့သည် ပို၍ အက်ဆေးဆန်လာကြသည်။ အက်ဆေးနှင့် ဝတ္ထုကြား စည်းခြားထားသည့် မျဉ်းကြောင်းသည် တဖြည်းဖြည်း မှေးမှိန်လာသည်။ ဝတ္ထုတွေသာမက ဆောင်းပါးတချို့ပင် အက်ဆေးပုံစံမျိုးဖြင့် တင်ပြလာကြသည်။ ယခု အက်ဆေးအကြောင်း ရှင်းပြနေပုံကပင်လျှင် အက်ဆေးဆန်ကောင်း ဆန်နေပေလိမ့်မည်။ 

မင်းလူ 

။	။ အခုဖော်ပြခဲ့တဲ့ အက်ဆေးအကြောင်းကို ဆရာမင်းလူရေးတဲ့ “အက်ဆေးချစ်သူ” စာအုပ်မှ ကောက်နုတ်ထားတာပဲ ဖြစ်ပါတယ်။ ဆရာရဲ့ အက်ဆေးတွေကို ဖတ်ချင်တယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။ ဒီပို့စ်ကို သဘောကျတယ်ဆိုရင် Like & Share နဲ့ ဝန်ဇင်းကို အားပေးခဲ့ဖို့ မမေ့ပါနဲ့ဦးခင်ဗျ။ 

Related Posts