ဘာသာပြန်စာရေးဆရာ ရာပြည့်နှင့် တွေ့ဆုံမေးမြန်းခြင်း ... [ Special Issue ]


ဘာသာပြန်စာရေးဆရာ ရာပြည့်နှင့် တွေ့ဆုံမေးမြန်းခြင်း
အပိုင်း ( ၁ ) 

ဝန်ဇင်းစာချစ်သူများခင်ဗျာ …
ပြီးခဲ့တဲ့ အောက်တိုဘာလ ( ၂ ) ရက်နေ့မှာတော့ ဆရာရာပြည့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီ့အတွက် ဝန်ဇင်းမိသားစုမှလည်း အလွန် ဝမ်းနည်းကြေကွဲရတယ်။ ဆရာရာပြည့် ကွယ်လွန်သွားတာဟာ ဘာသာပြန်စာပေလောကအတွက် အားကိုးအားထား ပြုရမယ့် စာရေးဆရာကောင်းတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးလိုက်ရတာပဲလို့ ဆိုရမှာပါ။

ကျနော်တို့ ဝန်ဇင်းအနေနဲ့လည်း ဆရာနဲ့အတူ တွဲပြီး အလုပ်လုပ်လာခဲ့တဲ့ သက်တမ်းတလျှောက် ဆရာနဲ့ ပတ်သက်တဲ့ အမှတ်တရများစွာ ကျန်ရစ်ခဲ့ပါတယ်။ ဒီလို အမှတ်တရတွေထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ( ၂ ) ရက်နေ့က ဆရာ့ရဲ့ စာပေဘဝအကြောင်း ခဏတာ တွေ့ဆုံမေးမြန်းခွင့်ရခဲ့တဲ့ အခိုက်အတန့်ကို ဝန်ဇင်းစာချစ်သူများ၊ ဆရာရာပြည့်ကို ချစ်သူများအတွက် ဆရာ့ရဲ့ နောက်ဆုံးပြောစကား မှတ်တမ်းအဖြစ် ပြန်လည် ဖော်ပြလိုက်ပါရစေ။

[ ဆရာ ရာပြည့်နှင့် တွေ့ဆုံမေးမြန်းခြင်း ] 
မေး ။	။ ဆရာ မင်္ဂလာပါခင်ဗျ၊ ပထမဆုံး … ဆရာ့အနေနဲ့ ရာပြည့်ဆိုတဲ့ ကလောင်နာမည်နဲ့ ဘယ်အချိန်တုန်းက စာ,စပြီးရေးဖြစ်ခဲ့တာလဲ။ ဆရာ့ရဲ့ စာပေဘဝထဲ စတင် ဝင်ရောက်ဖြစ်ခဲ့ပုံလေး ပြောပြပါဦးဆရာ။

ဖြေ ။	။ ကျနော် ရာပြည့် ဆိုတဲ့ ကလောင်နာမည်နဲ့ စရေးတာ၊ မှတ်မှတ်ရရ ပြောရရင် မိုက်ကယ်လ်ဂျက်ဆင် ဂရမ်မီဆု ခုနစ်ဆု တစ်ပြိုင်တည်းရတဲ့နှစ်ပေါ့နော်။ - ၈၁ ခုနှစ်လောက် ဖြစ်မယ်၊ တက္ကသိုလ် မပြီးခင်လေးထင်တယ်။ အဲ့ဒီ နှစ်ပိုင်းလောက်က စရေးတယ်။ အဲ့ဒါက ရွှေအမြုတေမဂ္ဂဇင်း မတိုင်ခင်မှာ ရုပ်ရှင်အမြုတေမဂ္ဂဇင်းဆိုတာ ရှိတယ်။ အဲ့ဒီ ရုပ်ရှင်အမြုတေမဂ္ဂဇင်းမှာ စပြီးတော့ ရေးခဲ့တယ်။ နောက်ကျတော့ စာရေးဆက် ပြတ်သွားတယ်။ နယ်ကို ကျနော် ရောက်သွားတာ။ အဲ့ဒီတုန်းက ဂီတနဲ့ ပတ်သက်တဲ့ အင်တာဗျူးလေးတွေ ရာပြည့်နာမည်နဲ့ပဲ ဘာသာပြန်ပါတယ်။ အဲ့ဒီကနေ ကျနော် ချင်းတွင်းမြစ်ဖျားဘက်ကို အလုပ်နဲ့ ရောက်သွားတော့ စာရေးပြတ်သွားတယ်ပေါ့နော်။ တစ်နှစ်ခွဲ နှစ်နှစ်လောက် ပြတ်သွားတယ်။ နောက်ပိုင်းကျမှ ကျနော် ပြန်ရေးဖြစ်တယ်။ ၉၅ … ၆ … ၇ လောက်ဖြစ်မယ်။ ရေးတော့လည်း အဲ့ဒီလိုပဲ၊ အနုပညာနဲ့ ပတ်သက်တဲ့ သတင်းလေးတွေ ဘာသာပြန်တယ်။ နောက်ပိုင်းကျတော့မှ နိုင်ငံရေးသတင်းတွေ၊ ဆောင်းပါးတွေ ဘာသာပြန်လာတယ်။ သတင်းဂျာနယ်လိုင်းကနေ ကျနော် ရာပြည့်ဆိုတဲ့ ကလောင်နာမည်လေးနဲ့ပဲ စပြီးတော့ ရေးလာခဲ့တယ်။ 

အဲ့ဒီကနေမှ ကျနော် No Hero ဆိုတဲ့ စာအုပ်ကို ဖတ်ရတာပေါ့နော်။ အကိုတစ်ယောက်က နိုင်ငံခြားက ပြန်လာတော့ လက်ဆောင်ပေးသွားတာ။ ဖတ်လိုက်တဲ့အချိန်မှာ အရမ်းသဘောကျပြီးတော့ ဘယ်စာအုပ်တိုက်ရယ်လို့ မရည်ရွယ်ဘဲနဲ့ ကိုယ့်ဘာကိုယ် စပြီးတော့ အဲ့ဒီစာအုပ်လေးကို လုံးချင်းအနေနဲ့ ဘာသာပြန်တယ်။ အဲ့ဒီကနေမှတစ်ဆင့် ကိုဝင်းလှိုင်နဲ့ ချိတ်ဆက်မိပြီးတော့ ပထမဦးဆုံး မဟာစာပေကနေ စထုတ်ပေးတဲ့ No Hero ဆိုတဲ့ စာအုပ်လေး ထွက်လာတာပေါ့။ ဒီ့နောက်မှာတော့ ငါတို့စာပေရော၊ မဟာစာပေရောကနေ ထွက်လာတာ ဒါနဲ့ဆိုရင် မဟာစာပေရဲ့ သုံးအုပ်မြောက်ပေါ့။ 

မေး ။	။ ဟုတ်ကဲ့ဆရာ၊ ဆရာ့ အဖေက ဦးကျားဘညိမ်းက စာလည်းရေးတဲ့ စာရေးဆရာလည်းဖြစ်၊ အကိုကလည်း စာပေသမားဆိုတော့ ဆရာစာရေးဖို့ သူတို့ဆီက တိုက်တွန်းအားပေးမှုတွေ ရခဲ့တာလားဆရာ။

ဖြေ ။	။ စာရေးတာတော့ အဖေက မျိုးစေ့ချပေးတာပေါ့နော်။ အဖေက စာအုပ်တွေ အများကြီး ဝယ်ပေးတာ။ စာဖတ်လို့ ကျနော့်အဖေက ကျနော့်ကို ပြောမသွားဘူး။ ဒါပေမဲ့ ဘေးနားမှာ စာအုပ်တွေ အမြဲ ပုံပေးထားတယ်။ အိမ်မှာဆိုရင် မှတ်မှတ်ရရ dictionary အဖေက ဝယ်ပေးထားတာ ( ၁၁ ) အုပ်လောက် ရှိတယ်။ dictionary ကို ဖတ်တဲ့ အလေ့အထလည်း ဖြစ်လာတယ်။ နောက်ပြီးတော့ အဖေဝယ်ပေးတဲ့အထဲမှာ အားကစားစာအုပ်တွေ၊ အားကစားစာစောင်တွေ ပြီးရင် သမိုင်းစာအုပ်တွေက အများဆုံးပဲ။ အဲ့ဒါတွေကို ဖတ်ရင်းဖတ်ရင်းနဲ့ နောက်ပိုင်း ဗမာစာအုပ်တွေကိုလည်း ဖတ်ဖြစ်လာတယ်။ ဆရာကြီးရွှေဥဒေါင်းတို့၊ ဆရာမြဆိုရင် War & Peace တို့၊ ဒီဘက်မှာ ဆရာနတ်နွယ်ရဲ့ မြန်မာပြန်မြောက်ပိုင်းတို့ … အဲ့ဒါတွေ စ,ဖတ်ပြီးတော့ သဘောကျတယ်။ ဘာသာပြန်ဘက် ပြောလို့ဆိုရင် ဆရာဦးလှအောင်ရဲ့ စာအုပ်တွေ သိပ်သဘောကျတယ်။ ဘာကြောင့်လဲဆိုရင် အဲ့ဒီတုန်းက သူတို့က ဂျိမ်းဟက်ဒလေချေ့စ် စာအုပ်တွေကို တစ်လကို နှစ်အုပ်နှုန်းလောက်နဲ့ ပြန်တဲ့လူတွေ ရှိတယ်ဗျ။ ကိုယ်က ငယ်ငယ်ဆိုတော့ ထွက်သမျှ ဒိုင်ခံဖတ်ကြတာ။ ဒါပေမဲ့လို့ နောက်ပိုင်းမှာ ဆရာဦးလှအောင်တို့ ရေးတာ၊ ဆရာဦးလှအောင်က သတင်းသမား၊ သူက ရေးတာ စာအုပ် အထူကြီးတွေ ထွက်လာတယ်။ လုံးစေ့ပတ်စေ့ ရေးတာကိုတွေ့ပြီးတော့ ကျနော် တော်တော်သဘောကျတယ်။ 

အဲ့ဒီအချိန်တုန်းက ငယ်သေးတယ်၊ ရေးတဲ့ဘက်ကို မရောက်သေးဘူး။ စာဖတ်ရည်ဝလာတဲ့ အခါကျတော့ ရေးချင်လာတာပေါ့နော်။ အဲ့ဒီအချိန်မှာ ကျနော် ရေးပြီးတော့ တိုက်ကို မပို့ဖြစ်ခဲ့တဲ့ စာလေးတွေ ရှိခဲ့သေးတယ်။ စုံထောက်မောင်စံရှား ပုံစံမျိုးနဲ့ ဘာသာပြန်တဲ့ဟာကိုပဲ adapt လုပ်ပြီးတော့ ရေးတာလေးတွေ ရှိတယ်ဗျ။ ဒါပေမဲ့လို့ ကျနော် မပို့ဖြစ်ခဲ့ဘူးပေါ့နော်။ ဘယ်မှ မရောက်ခဲ့ဘူး။ နောက်ပိုင်းမှာမှ ကျနော် ကျောင်းပြီးလောက်တဲ့ အချိန်ကျမှ အစ်ကိုက ရုပ်ရှင်အမြုတေမဂ္ဂဇင်းမှာ ကိုစိုးမြင့်အောင်တို့ ကိုအေးကြူတို့နဲ့ လုပ်နေတဲ့အချိန်ပေါ့။ အဲ့ဒီမှာ အစ်ကိုကနေပြီးတော့ မင်း ဒါလေး ရေးကြည့် ဆိုပြီး စ,စမ်းခိုင်းတယ်။ အဲ့ဒီကနေ ရေးရင်းရေးရင်းနဲ့ ရေးရှိန်ရလာတာ။ အဓိက,က အဖေက မျိုးစေ့ချပေးတယ်။ စာကို ဒီလို ထဲထဲဝင်ဝင် ရေးဖြစ်လာတာက၊ ဦးဝင်းငြိမ်းရယ်၊ ကျနော့်အစ်ကို ကိုမျိုးမြင့်ညိမ်းရယ်ပေါ့နော်။ ကိုမျိုးမြင့်ညိမ်းက အယ်ဒီတာ အလုပ်ကို တောက်လျှောက် လုပ်လာတဲ့သူ၊ ကျနော် ရေးတာတွေကို ဖတ်ပေးတယ်၊ အားပေးတယ်။ စာစောင်တွေမှာ ဘယ်စာစောင်တွေကို ဘယ်ဟာရေး ဘယ်ဟာရေးဆိုပြီး သူက ပြပေးတာလေးတွေ ရှိတယ်။ ဒီ နိုင်ငံခြား သတင်းတွေနဲ့ ပတ်သက်ပြီး ရေးတာတွေက ကိုမျိုးဘက်ကနေ ချပေးတာလေးတွေပေါ့။ ထွက်သမျှ ဂျာနယ်တွေ၊ Myanmar Independent ဂျာနယ်တို့၊ ပဲ့တင်သံတို့မှာလည်း နိုင်ငံရေးဆောင်းပါးတွေ သတင်းတွေကို ရေးဖြစ်လာတယ်ပေါ့နော်။ 

မေး ။	။ ဘာသာပြန်စာပေကိုကျတော့ ဆရာ ဘယ်အရွယ်လောက်မှာ စပြီး ထိတွေ့ခဲ့တာလဲ။

ဖြေ ။	။ ဘာသာပြန်စာပေကို ပြောရေးဆို ကျနော်တို့ ၇ တန်း ၈ တန်းလောက်မှာ၊ ၇၂ … ၃ လောက် ဖြစ်မယ်ထင်တယ်။ အဲ့ဒီလောက်ကတည်းက ကျနော်တို့ ဖတ်တာ။ နွေကျောင်းပိတ်ပြီဟေ့ဆိုရင် စာအုပ် လေးငါးအုပ်လောက် တစ်ရက်တည်းကို ကုန်အောင်ဖတ်တယ်။ အဲ့ဒီတုန်းက စာအုပ်တွေကိုလည်း ခုနက ကျနော်ပြောသလို ဂျိမ်းဟက်ဒလေချေ့စ်ဟာတွေ များတယ်။ နောက်ပြီး War and Peace ဆိုလည်း ရေးလိုက်တာ၊ ဆရာမြသန်းတင့် စာအုပ်က ( ၁၂ ) အုပ်တွဲ ထွက်ခဲ့တယ်။ ဆရာမြသန်းတင့် စာအုပ်လိုပဲ တစ်အုပ်တည်းနဲ့ ပြီးအောင်ရေးတဲ့ စာရေးဆရာတွေလည်း ရှိတယ်။ စကားလက်အိုဟာရားက တစ်ရက်တည်းနဲ့ မုဆိုးမဖြစ်သွားအောင် စာကြောင်းတစ်ကြောင်းတည်းနဲ့ ရေးတာလေးတွေ ရှိတယ်ဗျ။ ဒါတွေက ဆရာတွေက ဇာတ်ကွက်အပေါ်မှာ လိုအပ်တာလေးတွေကို အားပေးအားဖြည့်ပြီးတော့ မလိုအပ်တာတွေကို အသားမပေးဘဲ ရေးတဲ့သဘောမျိုးတွေလို့ ယူဆပါတယ်။ သို့သော်လည်း ကိုယ်က ရှာဖွေ ဖတ်တတ်လာတဲ့ အခါကျတော့ တစ်လုံးမကျန် မခြွင်းမချန် ရေးတာကို ပိုပြီးတော့ သဘောကျတာပေါ့။ 

ရသမြောက်အောင်ပြန်တာ၊ တိုက်ရိုက် လုံးစေ့ပတ်စေ့ဖြစ်အောင်လည်း ရှိတယ်၊ ဆိုတော့ ကိုယ်ကြိုက်တဲ့ နှစ်သက်တဲ့ လိုင်းကတော့ မူရင်းစာရေးဆရာရဲ့ အာဘော်အတိုင်း တသွေမတိမ်း ရေးတာလေးတွေကို ကိုယ်က ပိုပြီးတော့ နှစ်သက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြန်တဲ့နေရာမှာတော့ ရသမြောက်အောင် ပြန်တာကလည်း အတတ်ပညာတစ်ခုပဲလေ၊ တစ်လုံးမကျန် မခြွင်းမချန် ဆိုပေမဲ့လည်း သူ့အာဘော်ကို တစ်ခါတလေ ဗမာ adapt လုပ်ပြီး ရေးလိုက်တာလေးကလည်း ပိုပြီးတော့ တာသွားတယ်၊ စာဖတ်သူရဲ့ ခေါင်းထဲကို။ တစ်လုံးမကျန် ဆိုပေမဲ့လည်း ဗမာအာဘော်လေးနဲ့ ရေးတာတွေကိုလည်း လွှတ်လို့မရဘူး။ 
မေး ။	။ ဘာသာပြန်တဲ့အခါ လိုအပ်တဲ့ အင်္ဂလိပ်စာစွမ်းရည်ကို ဘယ်လို ပြုစုပျိုးထောင်ခဲ့တာပါလဲဆရာ၊ ဘာသာပြန်ဖို့ ရည်ရွယ်ချက်နဲ့ အင်္ဂလိပ်စာ လေ့လာခဲ့တာမျိုးလားဆရာ။

ဖြေ ။	။ ဘာသာပြန်ဖို့ ရည်ရွယ်ပြီး လေ့လာခဲ့တာတော့ မဟုတ်ဘူးပေါ့နော်။ အင်္ဂလိပ်စာကို ကျောင်းမှာနေတယ် သင်တယ်။ ကျနော်တို့ ရှစ်တန်းလောက်ရောက်တော့ အစ်ကိုဝင်းငြိမ်းက scrabble ကစားခိုင်းတယ်။ scrabble ကစားလိုက်တော့လေ၊ spelling တွေဘာတွေ မကျက်ရဘူး။ ကစားတဲ့လူက ကိုယ့်ကို challenge လုပ်ရင်နိုင်အောင်လို့ အဓိပ္ပာယ်တွေကိုလည်း သိလာတယ်။ အဲ့ဒီမှာ dictionary ဖတ်တဲ့ အလေ့အထက ရလာတာပေါ့နော်။ ဒါလေးက ကိုယ့်ရဲ့ အင်္ဂလိပ်စာကို စိတ်ဝင်စားတဲ့စိတ်ကို motivate လုပ်လိုက်တဲ့ သဘောလို့ မြင်တယ်။ ကျနော်တို့ ကျူရှင်ဆရာ၊ ဆရာဦးမြင့်ဆွေရဲ့ grammar ပိုင်းသင်တာတွေက အရမ်းတိကျ ရှင်းလင်းတယ်။ eight parts of speech ကို နိုင်နိုင်နင်းနင်းဖြစ်အောင် လုပ်ပေးထားတာလေးတွေ ရှိတယ်။ အဲ့ဒီ အခြေခံလေးနဲ့ပဲ ကျနော်က ဖြစ်လာတာ။ စာရေးဖို့ သက်သက်ဆိုပြီး လုပ်တာတော့ မဟုတ်ဘူး။ အင်္ဂလိပ်စာကို ကျွမ်းကျင်ချင်တဲ့ စိတ်ဆန္ဒရှိလို့ ဖြစ်လာတာလို့ပဲ ဖြစ်ပါတယ်။ အခုလည်း အကျွမ်းကျင်ကြီးလားဆိုတော့ အဲ့သလိုတော့ မဟုတ်ပါဘူး။ ဘာလို့ဆိုတော့ စာအုပ်ဖတ်တိုင်း အမြဲတမ်း dictionary ကြည့်နေရတုန်းပဲ။ ကျနော်တို့ ငယ်ငယ်တုန်းက ဖတ်ဖူးတယ်၊ သောင်းပြောင်းထွေလာထဲမှာ။ ဦးသာရထင်တယ်၊ အင်္ဂလိပ်စာပါမောက္ခက ရေးဖူးတယ်။ သူ အင်္ဂလန်သွားတော့ သူ ပြောတာကို ဟိုဘက်က နားမလည်ဘူးတဲ့၊ အမြဲတမ်း အိတ်ထောင်တဲ့မှာ dictionary ထည့်ထားရတုန်းပဲတဲ့။ အင်္ဂလိပ်စာက ကိုယ့် မိခင်ဘာသာစကား မဟုတ်တဲ့အတွက် အမြဲတမ်း ပြည့်စုံတယ်တော့ မရှိပါဘူး၊ အမြဲတမ်း လေ့လာနေ ရေးနေရတာပါ။ 

မေး ။	။ ဆရာ စာဖတ်သက်တမ်းတစ်လျှောက် ကိုယ့်အပေါ် လွှမ်းမိုးမှုအရှိဆုံးနဲ့ မှတ်မှတ်ရရအဖြစ်ဆုံး စာအုပ်၊ စာရေးဆရာတွေ ရှိရင် ပြောပြပေးပါဦး။

ဖြေ ။	။ ပြောကြေးဆိုရင် ဒီ နောက်ပိုင်းစာအုပ်တွေထက် ၊ ဟိုးရှေးက စာအုပ်တွေကို ပိုပြီး စိတ်ဝင်စားတယ်။ ဆရာမြရဲ့ War and Peace က ကျနော် တော်တော်သဘောကျတဲ့ စာအုပ်ပါ။ စာပေနဲ့ ထိတွေ့တဲ့အခါမှာ အစောပိုင်းလည်း ကျတယ်ပေါ့နော်။ အဲ့ဒီတုန်းကဆိုရင် သူငယ်ချင်းတစ်ယောက်ရဲ့ ဦးလေးက စာအုပ် တအားဝါသနာပါတာ။ ထင်းရှူးသေတ္တာကြီးတွေနဲ့ အလုံးလိုက် စုထားတာ။ ဆိုတော့ အိမ်မှာ အဖေလည်း ဝယ်တာပဲ။ ဒါပေမဲ့ အဖေ့ဆီမှာ ဘာသာပြန်စာအုပ်ထက် မူရင်း အင်္ဂလိပ်စာ စာအုပ်တွေ များတယ်။ သမိုင်းစာအုပ်တွေ၊ အားကစားတွေ များတယ်။ သူငယ်ချင်းရဲ့ အိမ် သွားတဲ့အခါကျတော့ သူ့ဆီမှာ အဲ့ဒီ စာအုပ်တွေ သွားတွေ့တယ်။ အစ်ကိုဝင်းငြိမ်းဆီမှာဆိုရင် ဂျိမ်းစ်ဘွန်း စီးရီးလိုက်ရှိတယ်။ ဆမ်းမားဆက်မွန် စီးရီးလိုက်ရှိတယ်။ အင်္ဂလိပ်မစ်ရှင်ကျောင်းထွက်တွေ ဆိုတော့ ဟိုးတုန်းထဲက အဲ့ဒါမျိုးတွေ သူဖတ်တာ။ ကျနော့်ကို သူက စုံထောက်မောင်စံရှားစာအုပ် ပေးတယ်။ ကိုနင်ဒွိုင်းလ်တွေ စီးရီးလိုက် ချပေးတယ်။ မောင်စံရှားစာအုပ်နဲ့ တိုက်ပြီးတော့ ဖတ်ကြည့်တဲ့အခါကျတော့ ဆရာရွှေဥဒေါင်း ဘယ်လိုပြန်ထားတယ် ဆိုတာတွေလည်း အများကြီး အတုယူရတာပေါ့နော်။ ကိုယ်ကြိုက်တဲ့ဟာ ဘယ်မှာသွားပြီး တွေ့သလဲဆိုတော့၊ ကျနော့် သူငယ်ချင်းရဲ့ ဦးလေးဆီက တွေ့တဲ့ War and Peace ( ၁၂ ) အုပ်တွဲကို ကျနော်တို့၊ ဘယ်လိုပြောမလဲ၊ နွားငတ်ရေကျ တစ်ခါထဲ ဖတ်လိုက်ကြတာ၊ အဲ့ဒီမှာ ဘာသာပြန်စာပေကို တအားကိုပဲ စိတ်ဝင်စားလာတာ။ 

ဘာသာပြန်ထဲကဆိုရင် ဆရာမြပါမယ်၊ ဆရာဦးလှအောင်၊ ဆရာမောင်မြင့်ကြွယ် ပါမယ်။ တခြားတော့ ဖတ်ပါတယ်။ နောက်ပိုင်းကျတော့ စာဖတ်တဲ့အချိန်က သိပ်မပေးနိုင်တော့ဘူး။ ကျနော် အကြိုက်ဆုံး ဗမာစာအုပ်ထဲမှာဆိုရင် ဆရာနတ်နွယ်ရဲ့ မြန်မာပြည်မြောက်ပိုင်း ပြောရမှာပေါ့နော်။

မေး ။	။ ဆရာ့ရဲ့ ဘာသာပြနလက်ရာတွေကို ဖတ်ရတဲ့အခါ မြန်မာစကားပြေ အရေးအသားက ချောမွေ့ပြီး အထစ်အငေါ့မရှိတာကို ခံစားမိပါတယ်။ ဒီလို မြန်မာစာအရေးအသားနဲ့ ပတ်သက်ပြီး ကိုယ့်ကို အထောက်အကူပြုခဲ့တဲ့ စာအုပ်တွေ၊ စာရေးဆရာတွေရှိရင် ပြောပြပါဦးဆရာ။

ဖြေ ။	။ မြန်မာစာ အရေးအသားနဲ့ ပတ်သက်လို့ အချောမွေ့ဆုံး ရေးတာကတော့ ကျနော့်အမြင် ဆရာရွှေဥဒေါင်းပေါ့။ ဆရာရွှေဥဒေါင်းရေးတာတွေကို အရူးအမူးကို သဘောကျတယ်။ ဆရာရွှေဥဒေါင်းအပြင် ဟိုးရှေ့က စလေဦးပုညကအစ ငယ်ငယ်ကတည်းက အလွတ်တွေဘာတွေ ကျက်တာ။ ကျက်ပြီးတော့ သူငယ်ချင်းတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ကြ ရွတ်ကြပေါ့နော်။ နောက် ဆရာရွှေဥဒေါင်းစာအုပ်တွေ ဖတ်တဲ့အခါ ဘာသွားတွေလဲဆိုတော့၊ သူရေးထားတာ sentence တစ်ကြောင်းကိုက တော်တော်ရှည်တယ်နော်။ တော်တော်ရှည်ပေမယ်လို့ လုံးဝ flow က ထောက်မသွားဘူး၊ ထစ်မသွားဘူး။ ဝိဘတ်တွေက တစ်လုံးမှ မထပ်ဘူး။ အဲ့သလိုကိုရေးတာ။ အဲ့ဒီအပြင်ကို မူရင်းစာပိုဒ်တွေနဲ့ ကိုနင်ဒွိုင်းလ်စာအုပ်တွေနဲ့ တိုက်ကြည့်လိုက်လည်း တစ်ထပ်တည်းပဲ။ ဥပမာ - ရွှေဥဒေါင်းပေါင်းချုပ်ထဲမှာ ကောက်နုတ်ပြတာလေး ကျနော် အခုထိ မှတ်မိသေးတယ်။ ဘာရေးထားလဲဆိုတော့ ‘serene’ ၊ သူက ဘယ်လို ဘာသာပြန်သွားတုန်းဆိုတော့ ‘ရသေ့ကျောင်းသင်္ဃန်းကဲ့သို့ အေးချမ်းဆိတ်ငြိမ်သော’ လို့ပေါ့။ အရမ်း perfect ဖြစ်တယ် သူ ပြန်တာတွေက။ အဲ့ဒါမျိုးတွေ ကြိုက်တယ်။ ဗမာစာလည်း ကျနော့်အမြင်ပေါ့နော်။ ဆရာရွှေဥဒါင်းရေးတာ အရမ်းကို ချောပါတယ်။ ဆရာမြတို့တွေလည်း ချောတာပါပဲ။ ဆရာနတ်နွယ်တို့လည်း ရေးတာ ချောတယ်။ ဆရာဦးလှအောင်လည်း ရေးတာချောတယ်။ ဒါပေမဲ့ ကျနော်တို့ရင်ထဲမှာ ဦးဆုံးဝင်လာတာက ဆရာရွှေဥဒေါင်း စာအုပ်ပါ။ ဇော်ဟိတ်တို့ဘာတို့ဆို ကျနော်တို့ အသည်းစွဲတွေပါ။ ဗမာစာအရေးအသားနဲ့ ပတ်သက်လို့ ဆရာရွှေဥဒေါင်းစာအုပ်တွေက ကျနော်တို့အပေါ်မှာ အများကြီး လွှမ်းမိုးခဲ့ပါတယ်။

အပိုင်း ( ၂ ) ဆက်ရန် … 

( ဝန်ဇင်းမိသားစု ) 

Related Posts