ယနေ့အတွက် ဖတ်စရာကဏ္ဍ


စာဖတ်သူရဲ့ ရင်ထဲကို စူးခနဲ ဝင်ရောက်သွားမယ့် ‘နှင်းကျွမ်းသစ်ပင်’ ၊ ပြီးတော့ ရင်ခုန်စွာ ဖတ်ရှုရမယ့် ‘အပွင့်ရဲရဲအကြွေရဲရဲ’ …

၁။ စာအုပ်အမည် - နှင်းကျွမ်းသစ်ပင်
စာရေးဆရာမ - မိုးနီလွင်

ဖတ်ညွှန်း ။	။ ဒီစာအုပ်ဟာ စာရေးဆရာမ မိုးနီလွင်ရဲ့ ပဉ္စမမြောက်လုံးချင်းဝတ္ထုသစ်ပဲ ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ကို ချစ်မိကြတဲ့ ယောက်ျားတွေအကြောင်း ၊ ဒါမှမဟုတ် ၊ ယောက်ျားတစ်ယောက်ထဲကိုပဲ ချစ်ခဲ့မိတဲ့ မိန်းကလေးတစ်ယောက်အကြောင်းဟာ စာဖတ်သူရင်ထဲကို ထိထိခိုက်ခိုက် ဝင်ရောက်သွားပါလိမ့်မယ်။

စာမြည်း။	။ “အဲ့ဒီလူကို မင်းချစ်သလား …”

သူ့ရဲ့ ရက်စက်ပါးလှပ်သော မေးခွန်းတစ်ခုကြောင့် သူမ ခန္ဓာကိုယ်လေး နောက်ဘက်သို့ အနည်းငယ် ယိုင်ကျသွားသည်။ ပြီးတော့ သူ့မျက်နှာကို အံ့သြကြေကွဲစွာ ငေးစိုက်ကြည့်နေခဲ့လေသည်။ သူမ၏ နှုတ်ခမ်းပါးလေးတွေ တုန်ယင်စွာ လှုပ်ရှားလာသော်လည်း စကားသံ ထွက်ပေါ်မလာ။ စက္ကန့်အနည်းငယ် ကြာမြင့်သွားပြီးမှ သူမ သူ့ကို တိုးတိတ်စွာ ပြန်ဖြေခဲ့၏။
“အဲဒီမေးခွန်းကို ဘာဖြစ်လို့ မေးရတာလဲကိုကို၊ အဲဒီအဖြေကို .. ကိုကို သိပြီးသားပါ”

“မသိဘူး ..”
သူ တုန်လှုပ်စွာ အော်ဟစ်လိုက်မိပါသည်။ 

“ငါ .. ဘယ်တုန်းကမှ မသိခဲ့ဘူး နှင်းခင်ခင်၊ တကယ်တော့ ငါ ဘာမှ မသိသေးဘူး”
သူမ ခေါင်းကို ခါသည်။ သူ့စကားကို လက်မခံနိုင်သလို ခေါင်းကို သွက်သွက် ခါယမ်းနေသည်။ သူမ၏ မျက်လုံးထဲတွင် သူ တစ်ခါမှ မတွေ့မြင်ခဲ့ဖူးသော အဆမတန် နာကျင်သည့် ဒဏ်ရာတွေကို တွေ့မြင်လိုက်ရလေသည်။

“ဒါပေမဲ့ … ကိုကိုသိအောင် ပြောပြဖို့ .. ကျွန်မမှ …”
သူမ အသံတွေ တုန်ရီလှိုက်မောလာသည်။ 
…
၂။ စာအုပ်အမည် - အပွင့်ရဲရဲအကြွေရဲရဲ
စာရေးဆရာမ - မြသန္တာ

စာမြည်း ။	။ “ဒို့နဲ့မင်းရဲ့ ခင်မင်မှုက ရိုးသားတယ်။ ဖြူစင်တယ်ဆိုတာ ဒို့နှစ်ယောက် အသိဆုံးပဲနော်”  “ဗျာ .. သြော် … ဟုတ် .. ဟုတ်ပါတယ်”

ချော်လဲရောထိုင်ပြီး အထစ်ထစ် အငေါ့ငေါ့ ပြန်ဖြေမိလိုက်သည်။ 
“ဒီတော့ … ဘယ်သူမြင်မြင် .. ဘယ်သူသိသိ ဘာမှ အရေးလုပ်စရာ မလိုတော့ဘူးလေ၊ မင်းကိုလည်း ဘာမှ မပြောကြတော့ဘူးပေါ့” 

ခေါင်းသာ ညိတ်လိုက်ရသည်။ ရင်ထဲမှာတော့ မကျေနပ်ချင်တော့။ မနာလိုချင်သလိုလို၊ မကျေနပ်နေသလိုလို၊ နှမြောတွန့်တိုသလိုလိုနှင့် …
“ဘာပဲဖြစ်ဖြစ် ၊ ဒို့က မင်းကို အချစ်ဆုံး ဆိုတာကို မင်းနားလည်စေချင်တယ် .. ဒို့မင်းကို အကြာကြီး ရှာခဲ့တာလေ ၊ မင်းမျက်နှာလေးကို ဒို့ ဘယ်တော့မှ မမေ့သွားခဲ့ဘူး”
ရင်ထဲမှာ ဒိန်းခနဲ ပေါက်ကွဲထွက်သွားလေတော့သည်။ သူမအား ရင်ဆိုင်၍ မကြည့်ရဲအောင်ပင် ရှက်ရွံ့သွားမိ၏။

“ဒို့မှာ မင်းလို လိမ္မာတဲ့ မောင်လေးတစ်ယောက်ကို ပိုင်ဆိုင်ချင်နေတယ်ကွယ်၊ မင်းကို ပညာတတ်ကြီး ဖြစ်စေချင်နေတယ်”
အမြင့်ဆုံးရောက်ပြီးမှ အောက်သို့ ဝုန်းခနဲ ပြုတ်ကျသွားသလို ခံစားလိုက်ရ၏။ သူ မမနှင့်ပတ်သက်၍ မရိုးသားချင်တော့။ သူ၏ နုနယ်သော စိတ်များက အနည်ထချင်ပြီ။ မမကတော့ သူ့ကို မောင်လေးတစ်ယောက်လို သတ်မှတ်ထားကြောင်း သိရတော့ ရင်ထဲမှာ မလုံမလဲနှင့် မျက်နှာကို မော့မကြည့်ရဲတော့ဘဲ မျက်လွှာချထားလိုက်မိတော့သည်။
 
-	ဒီစာအုပ်တွေကို ဖတ်ရှုမယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်ခင်ဗျ။

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09969998500 မှာ မေးမြန်း စုံစမ်းနိုင်ပါတယ်ခင်ဗျ။

Related Posts