ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 

ဝန်ဇင်းကို အမြဲအားပေးနေတဲ့ စာချစ်သူပရိသတ်ကြီး နေ့စဉ် စာအုပ်တွေ ဖတ်ရှုနိုင်အောင်လို့ ကျွန်တော်တို့ ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ နေ့စဉ် စာအုပ်အသစ်တွေ ထွက်ရှိနေပါတယ်။ ဒီနေ့မှာလည်း အသစ်ထွက်ရှိလာတဲ့ စာအုပ် ( ၃ ) အုပ်နဲ့ မိတ်ဆက်ပေးပါရစေခင်ဗျ။ အဲ့ဒီစာအုပ်တွေကတော့ အဲမွန်တာရာရဲ့ “ရယ်စရာစာပြောင်ပုံပြင်များ”၊ “မောင်လေးအောင်နှင့်ကဗျာလောက စုစည်းမှု - ၇” နဲ့ သျှင်မရဲ့ “ခပ်ဖိုင့်ဖိုင့်အရုပ်လေး” စတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်ခင်ဗျ။ 

( ၁ ) ဦးစွာမိတ်ဆက်ပေးမှာကတော့ ( ဆရာ ) အဲမွန်တာရာရဲ့ “ရယ်စရာစာပြောင်ပုံပြင်များ” ဆိုတဲ့ စာအုပ်ပါပဲ။ ဒီစာအုပ်ထဲမှာ လောကကြီးထဲက အဖြစ်အပျက်တွေကို သရော် လှောင်ပြောင်ထားတဲ့ ပုံဝတ္ထုတိုလေးတွေ၊ စာစုလေးတွေကို ဖတ်ရှုရမှာပါ။ “ကမ္ဘာလောကကြီးမှာ အထူးဆန်းဆုံးအရာကို ပြပါဆိုရင် အချစ်ကိုပြကြရပေလိမ့်မယ်။ အချစ်ကို ပြပါဆိုရင်တော့ လူအမျိုးမျိုး စိတ်အထွေထွေ ပြချင်ရာကို ပြကြတော့မှာပါ။ အချို့က ကိုယ့်ရည်းစား ကိုယ်လက်ညှိုးထိုးပြီးတော့၊ အချို့က ကြောင်ကလေး၊ ခွေးကလေးတွေကို။ အချို့က မိမိကိုယ်မိမိ ရင်ဘတ်ကြီးကို ထုထုပြီး … ။ 

ကမ္ဘာလောကကြီးကို စတင်စည်ပင် ဖွံ့ဖြိုးစေတာလည်း အချစ်ဖြစ်သလို ကမ္ဘာလောကကြီးကို ပျက်စီးလောင်မြိုက်စေတာလည်း အချစ်ပဲ ဖြစ်ပါတယ်။ အချစ်ကြောင့် သိင်္ဂိုလ်ပြည်ကြီး မီးလောင်ပျက်စီးခဲ့ရသလို အချစ်ကြောင့် ကလီယိုပါထရာရဲ့ အီဂျစ်ပြည်ကြီး စစ်မီးလျှံက လွတ်မြောက်ခဲ့ရဖူးတယ်။ အချစ်ကြောင့် ဖြစ်ပျက်ခဲ့ရတဲ့ ရသအဖုံဖုံနဲ့ ဇာတ်လမ်းအစုံစုံမှာ ယ္ခုစာရေးသူ တင်ပြမယ့် ပုံဝတ္ထုလေးဟာလည်း ပဟေဠိပမာ အဖြေညှိစရာလေးတွေ ဝေဝေဆာဆာ ရှိနေပြန်ပါတယ်။…” ( ချစ်အဓိပ္ပါယ်မှ ) စာပုဒ်တိုင်းဟာ စာဖတ်သူအတွက် ရယ်မောစေရမှာ ဖြစ်သလို တွေးတော စဉ်းစားစရာ အကြောင်းအရာတွေကိုလည်း ချန်ထားခဲ့ပေးပါလိမ့်မယ်။ သံယောဇဉ်နတ်ကွန်းစာမူ၊ သူရဲပေါ သူရဲကောင်း သူရဲလည်၊ ချစ်အဓိပ္ပါယ်၊ သဲကိုးဖြာနှင့် ခဲမိုးရွာ၊ ဇီဇာကြောင်သူများ၊ ကံ စိတ် ဥတု အာဟာရ၊ လက်တွေ့စမ်းသပ်ခြင်း၊ ဒုတိယအကြိမ် စကားပြောသော အသည်းနှလုံး … စတဲ့ ခေါင်းစဉ်တွေအောက်မှာ ဘယ်လိုအကြောင်းအရာတွေကို ဘယ်လိုပုံနဲ့ စာပြောင်အဖြစ် ရေးသားထားလဲ သိရအောင် ဖတ်ရှုဖို့ မမေ့ပါနဲ့ဦးခင်ဗျ။

( ၂ ) ဒုတိယမိတ်ဆက်ပေးမှာကတော့ “မောင်လေးအောင်နှင့်ကဗျာလောက စုစည်းမှု - ၇” ဆိုတဲ့ စာအုပ်ပါပဲ။ ဆရာ မောင်လေးအောင် ကွယ်လွန်ခဲ့တာ လာမယ့် မေလ ( ၁၉ )  ရက်နေ့ဆိုရင် နှစ်ပေါင်း ( ၄၁ ) နှစ်ရှိပါပြီ။ ဒီစာအုပ်ဟာ ကဗျာဆရာ မောင်လေးအောင်ကို အမှတ်ရခြင်းများစွာနဲ့ ထုတ်ဝေထားတဲ့ ကဗျာစုစည်းမှုစာအုပ်ဆိုလည်း မမှားပါဘူး။ “ကျွန်တော်တို့ရဲ့ အထင်ကရ ကဗျာဆရာ မောင်ချောနွယ် ပြောတာကတော့ ခေတ်ပေါ်ရနံ့ကို ကိုလေးအောင်ဆီက ရခဲ့တာပါ တဲ့” ( စာအုပ်မှ )

ဒီစာအုပ်ထဲမှာ ဘာသာပြန်ကဗျာနဲ့ ကဗျာဆိုင်ရာ ဆောင်းပါးတွေ၊ ဂျွန်ကိတ်စ်ရဲ့ ကဗျာနဲ့အတူ သရုပ်ဖော်ကာတွန်းကို မြန်မာပြန်ဆိုထားတဲ့ ဘာသာပြရုပ်ပြ၊ ဘာသာပြန်ဝတ္ထု နဲ့ ကဗျာဆိုင်ရာ အင်တာဗျူးတွေ၊ ကွယ်လွန်သူ ကဗျာဆရာ မောင်လေးအောင် ရေးသားခဲ့တဲ့ ပင်ကိုရေးစာတွေနဲ့ ကိုယ်တိုင်ရေးကဗျာတွေ၊ ကဗျာဆရာနဲ့ စာရေးဆရာများစွာတို့ရဲ့ မောင်လေးအောင်သို့ အမှတ်တရ စာစုတွေ အပါအဝင် ‘မြန်မာကဗျာလောက’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖော်ပြထားတဲ့ ကဗျာစုစည်းမှု … စတာတွေကို ဝေဝေဆာဆာနဲ့ တဝကြီးဖတ်ရှုကြရမှာပါ။ 
( ၃ ) နောက်ဆုံးမိတ်ဆက်မယ့် စာအုပ်ကတော့ စာရေးဆရာမ သျှင်မရဲ့ “ခပ်ဖိုင့်ဖိုင့်အရုပ်လေး” ဆိုတဲ့ လုံးချင်းဝတ္ထုပဲ ဖြစ်ပါတယ်ခင်ဗျ။ ဒီဝတ္ထုကတော့ စာဖတ်သူတွေကို တက္ကသိုလ်က ပျော်စရာကောင်းခဲ့တဲ့ အချိန်တွေဆီကို ပြန်ခေါ်သွားပါလိမ့်မယ်။ [ သူမ သွားလာလှုပ်ရှားနေတာ မြင်လိုက်ရတိုင်း ဝိုင်းဝန်းလှောင်ရယ်နေကြသလို ခံစားမိနေသဖြင့် ဒီတိုင်း နေနေတာကို သူလည်းမကြိုက်ပေ။ အထူးသဖြင့် သူများတကာလို ချစ်သူတစ်ယောက် ရရှိရေးအတွက် သူမ လုံးပန်း ကြိုးစားနေတာက သူများတကာ မျက်စိနောက်ဖွယ် ဖြစ်နေခြင်းသာ …. ဝလို့ ကြိုက်မယ့်သူ မရှိဘူးဆိုသည့် အဖြစ်ကို သူမ လက်မခံနိုင်။ သူများတွေ ချစ်သူနဲ့တွဲသွား ကြည်နူးနေကြတိုင်း ချစ်သူမရှိသည့် သူမအတွက် မျက်နှာငယ်သည်လို့ ထင်နေ၏။ တော်တော်ခက်တဲ့ မီ …. ] ( သမယ ) 

စီပွားရေးတက္ကသိုလ်ကျောင်းသူဖြစ်တဲ့ ဝဝကစ်ကစ်ကောင်မလေး ‘မီ’ ဟာ ‘သမယ’ ရဲ့ ငယ်ကြီးပေါင်းဖော် သူငယ်ချင်းလည်း ဖြစ်တယ်။ ဝနေတဲ့အဖြစ်ကြောင့် ချစ်သူရည်းစားမရှိတဲ့ ‘မီ’ ဟာ ပထမဆုံး ကျောင်းတက်ရက်မှာပဲ ကျောင်းရဲ့ စီနီယာကင်းဖြစ်တဲ့ ‘မင်းရဲ’ နဲ့ ‘ချစ်တိုင်း’ ဆိုတဲ့ လူငယ်နှစ်ယောက်နဲ့ မတော်တဆ ကြုံတွေ့မိရာက ဖြစ်ပျက်လာတဲ့ တက္ကသိုလ်ကျောင်းသား လူငယ်တွေကြားက မေတ္တာ၊ ချစ်ဇာတ်လမ်းကို ကျောင်းရနံ့သင်းသင်းလေးနဲ့ ဖတ်ရှုရမှာပါ။ ဇာတ်ကောင်တွေ အများအပြားပါဝင်တဲ့အပြင် လူငယ်တွေချည်းဖြစ်လို့ လူငယ်စာဖတ်ပရိသတ်ရဲ့ ရင်ဘတ်နဲ့ နီးစပ်မယ်ဆိုတာ သေချာပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ‘မီ’ ဟာ ထင်ထားသလို ဖတ်နေကြဖြစ်တဲ့ ချောမောလှပတဲ့ ဇာတ်ကောင်မိန်းကလေးမဟုတ်ဘဲ ခပ်ဝဝ ကောင်မလေးဖြစ်နေတဲ့အချက်ဟာ စာဖတ်သူကို ဘယ်လိုစိတ်ဝင်စားစေနိုင်မလဲဆိုတာတော့ …………

ကဲ … ဒီနေ့မိတ်ဆက်လိုက်တဲ့ စာအုပ်တွေမှာ ဘာတွေဖတ်ရှုရမလဲ သိရအောင် အခုစာအုပ်တွေကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။

ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ပို့စ်ကို ပြန်လည်မျှဝေ ( share ) ပေးဖို့ မမေ့နဲ့ဦးနော်။ 
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 

“ဒီပို့စ်ကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးဖို့ မမေ့နဲ့ဦးနော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 




Related Posts