ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“မီ ရဲ့ စိတ်ထဲကို ဝင်ကြည့်ဖို့ ကြိုးစားလေလေ၊ မီ ကို နားလည်ရ ခက်လေလေ”
“မီ ကို ရှာဖွေလေလေ၊ မီ ဟာ ပျောက်ဆုံးလေလေ”

မီ

စာရေးဆရာမကြီး ကြည်အေး ရဲ့ ဝတ္ထုတစ်ပုဒ်။ ဝတ္ထုအမည်က ‘မီ’ တဲ့။ ၁၉၄၈ ခုနှစ်လောက်က ရေးခဲ့တာ ဖြစ်ပေမင့် ဒီဝတ္ထုဟာ အချိန်ရဲ့ တိုက်စားမှုကို ခံနိုင်စွမ်းရှိတဲ့၊ တနည်း၊ ခုချိန်ထိ အသက်ဝင်နေဆဲဖြစ်တဲ့ ဂန္ထဝင် ဝတ္ထုတစ်ပုဒ်လို့ ဆိုရမှာ ဖြစ်တယ်။ ‘မီ’ ဆိုတဲ့ မိန်းမတစ်ယောက် အကြောင်းကို အဓိက ရေးထားတဲ့ ဒီဝတ္ထုဟာ သိပ်ကို ရိုးရှင်းတယ်။ ပြီးတော့ သိပ်ကိုလဲ သိမ်မွေ့နက်နဲတယ်။ ‘မီ’ ကို ဖတ်မိသူတိုင်းကို မီက ပြန်ပြီး ပြုစားတတ်တယ်။ 

-	မီကို နားလည်ရ ခက်စေတယ်။
-	နားလည်ရ ခက်တာကိုပဲ ဘိန်းလို စွဲလမ်းစေတယ်။

ဒီလိုနဲ့ ‘မီ’ ထွက်ပြီးပြီးချင်းပဲ ဝေဖန်ရေးဆရာတွေ ခေါင်းချင်းဆိုင်ကြတယ်။ ကြည်အေးရဲ့ အတွေးအခေါ်နဲ့ ရေးသားတင်ပြပုံတွေကို စာပေဓာတ်ခွဲခန်းထဲမှာ ခွဲစိတ်ကြတယ်။ ပြီးတော့ သုံးသပ်ချက် တစ်ခု တင်ပြလာတယ်။ အဲ့ဒါကတော့ - ကြည်အေးဟာ အတွေးဆန်းတယ်၊ အရေးဆန်းတယ် - တဲ့။ ရေးရခက် တင်ပြရခက်ခဲတဲ့ ရိုးရှင်းလှတဲ့ တင်ပြမှုပုံစံ/စနစ် ကို ကြည်အေး က အကောင်းဆုံး တည်ဆောက်ပြနိုင်သူလို့ ပြောကြတယ်။ နိုင်ငံတကာနဲ့ ယှဉ်ပြီး ကြည်အေးကို မြန်မာစာပေမှာ အစောဆုံးနဲ့ အထင်ရှားဆုံး အိတ်ဇစ်သမား (Existentialist - အတ္တဘဝအမှန်ဝါဒီ) တစ်ဦးအဖြစ် ခေါ်ဆိုလိုက်ပြန်တယ်။ ဒီလို သတ်မှတ်တာကို လက်မခံကြောင်း ငြင်းခုံမှုတွေလဲ ရှိလာတယ်။ ဒါနဲ့ပဲ ကြည်အေးရဲ့ စာပေလက်ရာနဲ့ သူ့ရဲ့ တွေးခေါ် တင်ပြပုံတွေဟာ ဒဿနစားပွဲပေါ်အထိ အလိုလို ရောက်လာတော့တယ်။ နာမည်အကြီးဆုံးနဲ့ ငြင်းခုံဝေဖန်မှု အမြင့်ဆုံး လက်ရာကတော့ ‘မီ’ ပဲပေါ့။ ခုဆို ရုပ်ရှင်ကားကြီးအဖြစ် တင်ဆက်ထားပြန်တော့ ‘မီ’ ရဲ့ အုတ်အော်သောင်းနင်း ဖြစ်မှုက အတိုင်းထက် အလွန်လို့ ဆိုရမှာပဲ မဟုတ်လား။

‘မီ’ ကို 
-	အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ကြတယ်။ 
-	နားလည်ရ ခက်တယ်။
-	လျှို့ဝှက်တယ်။

ဝတ္ထုထဲက ‘မီ’ ဇာတ်ကောင်ဟာ စာဖတ်သူကို အခြားသော ဝတ္ထုတွေထဲက ဇာတ်ကောင်တွေထက် အမြင့်မားဆုံး စိတ်လှုပ်ရှားမှုကို ပေးတယ်။ ပါးစပ်အဟောင်းသားနဲ့ အံ့သြမင်သက်မိစေတယ်။ ဝတ္ထုထဲက ယောက်ျားတိုင်းနဲ့ ပတ်သက်နေတဲ့ မီ့အပေါ် စာဖတ်သူရဲ့ အမြင်ဟာ အမျိုးမျိုး အဖုံဖုံ ပြောင်းလဲနေတယ်။ မီ က သိပ်ဆိုးသလား။ ဒါမှမဟုတ် သိပ်ကို လိမ္မာပါးနပ်လွန်းနေတာလား။ မီ ရဲ့ စိတ်ထဲကို ဝင်ကြည့်ဖို့ ကြိုးစားလေလေ၊ မီ ကို နားလည်ရ ခက်လေလေ။ မီ ကို ရှာဖွေဖို့ ကြိုးစားလေလေ၊ မီ ဟာ တစထက်တစ ပျောက်ဆုံးသွားလေလေပဲ။ 

ဝတ္ထုအဖွင့်ကစလို့ ဝတ္ထုအနားသတ် ဒိုင်ယာလော့ဂ်အထိ ‘မီ’ ဟာ စာဖတ်သူကို အံ့အားသင့်အောင် လုပ်နိုင်စွမ်းရှိတဲ့ အထူးခြားဆုံး ဇာတ်ကောင် တစ်ဦးပဲ။ သူပါတဲ့ ခပ်ပါးပါး ဒီဝတ္ထုလေးဟာ စာဖတ်သူကို ဖမ်းစားထားနိုင်ပုံက တစ်ပတ်။ မဟုတ်ဘူး တစ်လ။ ဒါမှမဟုတ် ဆယ်နှစ်လဲ ဖြစ်ချင်ဖြစ်မယ်။ တစ်သက်လုံးလဲ ဖြစ်သွားနိုင်တယ်။ ဘယ်အချိန်ဖတ်ဖတ် မီဟာ ဟောင်းနွမ်းသွားတယ်ရယ်လို့ မရှိတာကို တွေ့ရလိမ့်မယ်။ မီ နဲ့ တစ်ခေါက် ထိတွေ့လိုက်တိုင်း မီ ဟာ ခင်ဗျားကို ပုံစံတစ်မျိုးနဲ့ ညှို့ယူထားလိမ့်မယ်။ မီ က ညှို့ထားတာလား။ မီ ကို ပုံစံအမျိုးမျိုးနဲ့ ဝိုင်းဝန်း အနက်ပြန်နေတဲ့ ယောက်ျားတွေက စိတ်ဝင်စားဖို့ ကောင်းနေတာလား။ သေချာတာကတော့ ‘မီ’ ဝတ္ထုကို ဖွင့်လိုက်တိုင်းမှာ သင်ဟာ စာဖတ်သူ အဖြစ်ကနေ ပျောက်ဆုံးသွားပါလိမ့်မယ်။ 
………….
စာချစ်သူများအနေနဲ့ ဆရာမကြည်အေးရဲ့ ‘မီ’ ဝတ္ထုကို ဖတ်မယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကို နှိပ်ပြီး ဖတ်ရှုလို့ ရပြီပဲ ဖြစ်ပါတယ်။ ရုပ်ရှင်လည်း ကြည့်ရင်း ဝတ္ထုကိုလည်း ဖတ်ရှုထားဖို့ မမေ့ပါနဲ့လို့ တိုက်တွန်းလိုက်ပါရစေ။

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09969998500 မှာ မေးမြန်း စုံစမ်းနိုင်ပါတယ်။

Related Posts