ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“လူတိုင်း လေ့လာသိရှိထားသင့်သော ကမ္ဘာ့အလိုရှိဆုံး လူတစ်ယောက်၏ အတွင်းရေးဇာတ်လမ်း”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 

ဝန်ဇင်းစာချစ်သူတွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ လေ့လာစရာ သုတ၊ ရသ၊ ဘာသာပြန် စာအုပ်ကောင်းတွေကို ကျွန်တော်တို့ ဝန်ဇင်းမှ နေ့စဉ်ထွက်ရှိ မိတ်ဆက်ပေးလျက် ရှိပါတယ်။ ဒီနေ့မှာလည်း ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ အသစ်ထွက်ရှိလာတဲ့ စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေ။ အဲ့ဒီစာအုပ်ကတော့ ကမ္ဘာကျော် ဂါးဒီးယန်းသတင်းစာကြီးရဲ့ သတင်းစာဆရာဖြစ်သူ လု(စ်)ဟာဒင်း ( Luke Harding )၊ သူရေးသားပြုစုတဲ့ ‘The Snowden Files’ ဆိုတဲ့စာအုပ်ကို စာရေးဆရာ ဟိန်းလတ်က ဘာသာပြန် ရေးသားထားတဲ့ “စနိုးဒန်ဖိုင်တွဲများ - ကမ္ဘာ့အလိုရှိဆုံး လူတစ်ယောက်၏ အတွင်းရေးဇာတ်လမ်း” ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်ခင်ဗျ။  

ဒီစာအုပ်ဟာ ၂၁ ရာစုပွဲဦးထွက်မှာ အကြီးကျယ်ဆုံးပေါ်ပေါက်ခဲ့တဲ့ သမိုင်းဝင်အဖြစ်အပျက်နဲ့  ဒီဖြစ်ရပ်ကို ပေါ်ပေါက်စေခဲ့သူ လူငယ်တစ်ဦးတို့ရဲ့ ဇာတ်လမ်းကို ချပြထားတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ 

ဒီစာအုပ်ဟာ ဒဏ္ဍာရီမဟုတ်ဘူး၊ ပုံပြင်မဟုတ်ဘူး၊ အရပ်ပြော ဇာတ်ပြော ဇာတ်လမ်းတစ်ပုဒ်မဟုတ်ဘူး။ မကြာသေးခင် နှစ်အနည်းက လောလောလတ်လတ်ကြီး ဖြစ်သွားတဲ့အပြင် လက်ရှိမှာလည်း အသက်ဝင်နေဆဲဖြစ်တဲ့ အကြောင်းဖြစ်ရပ်တစ်ခုပဲ ဖြစ်တယ်။ ဒီ့အပြင် ဒီဖြစ်ရပ်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်နိုင်ငံနဲ့ လူငယ်တစ်ဦးကြားက ဇာတ်လမ်းတစ်ခုမျှတင် မဟုတ်ပြန်ဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းလူတိုင်းနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ ကိစ္စကြီးပဲ ဖြစ်တယ်။ ဒါကြောင့် စာချစ်သူတွေ၊ ဘယ်သူမဆို လေ့လာသိရှိထားသင့်တဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်တယ်လို့ ဆိုလိုက်ရခြင်းပဲ ဖြစ်ပါတယ်။ 

အဲ့ဒီကိစ္စကတော့ လွန်ခဲ့တဲ့ လေးနှစ်ကျော်ငါးနှစ်ဝန်းကျင်ခန့်က ပေါ်ပေါက်ခဲ့တဲ့ ကမ္ဘာ့သမိုင်းမှာ အကြီးကျယ်ဆုံး လျှို့ဝှက်ချက် ပေါက်ကြားမှုကြီးပါပဲ။ အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ ဗြိတန်နိုင်ငံတို့ကို ပျာယာခတ်သွားစေခဲ့တဲ့ ကိစ္စကြီးဆိုလည်း မမှားပါဘူး။ ဒါကို အကောင်အထည်ဖော်၊ ပြည်သူနဲ့ ကမ္ဘာကိုချပြခဲ့သူကတော့ အသက် ၂၉ နှစ်အရွယ်၊ စနိုးဒန် ( Snowden ) ဆိုတဲ့ ကွန်ပျူတာပညာရှင်၊ အိုင်တီသမား လူငယ်တစ်ယောက်ပဲ ဖြစ်ပါတယ်ခင်ဗျ။ ဒီစာအုပ်ထဲမှာ အင်အားကြီးနိုင်ငံတို့ရဲ့ လျှို့ဝှက်ချက်ကြီးကို ကမ္ဘာကို သိစေခဲ့တဲ့ စနိုးဒန်ရဲ့ သဘောထားနဲ့ လုပ်ရပ်၊ ပေါက်ကြားခဲ့တဲ့ လျှို့ဝှက်ချက်တွေအကြောင်းကို စိတ်ဝင်တစား ဖတ်ရှုသိရှိခွင့်ရကြမှာပါ။
………….
အမေရိကန်ပြည်ထောင်စုမှာ ၁၉၅၂ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး အဖွဲ့အစည်း NSA ( အမျိုးသားလုံခြုံရေးအေဂျင်စီ ) ဟာ သမ္မတကနေ အောက်ခြေလူထုအထိ လူတိုင်းကို ထောက်လှမ်းနိုင်စွမ်းရှိတဲ့ အာဏာပိုင် အဖွဲ့အစည်းတစ်ရပ်၊ NSA ရဲ့ မူလရည်မှန်းချက်ဟာ “ပြည်ပမှထောက်လှမ်းရေး သတင်းအချက်အလက် စုဆောင်းခြင်း” ဖြစ်ပေမယ့် ဒီတာဝန်တွေကိုကျော်လွန်ပြီး ပြည်တွင်းပြည်ပက နိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် လူသန်းပေါင်းများစွာရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စောင့်ကြည့်စုဆောင်းမှုတွေ ပြုလုပ်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ သန်းပေါင်းများစွာသော အမေရိကန်ပြည်သူတွေအပြင် ကမ္ဘာပေါ်မှာ နေရာအနှံ့က နိုင်ငံသူနိုင်ငံသားတွေဟာ သူတို့ကိုယ်တိုင် မသိရှိလိုက်ဘဲ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ချိုးဖောက်ခံနေရ၊ စောင့်ကြည့်ခံနေရ၊ ကိုယ်ရေးအချက်အလက်တွေ စုဆောင်းခံနေရတယ်။ 

NSA ဟာ 
-	၂၀၁၂၊ ဒီဇင်ဘာ မှ ၂၀၁၃၊ ဇန်နဝါရီလအထိ တစ်လအတွင်း ပြင်သစ်တယ်လီဖုန်းခေါ်ဆိုမှုပေါင်း ၇၀ ဒသမ ၃ သန်းကို ကြားဖြတ်ဖမ်းယူခဲ့။
-	၂၀၁၃ ခုနှစ် ဖေဖော်ဝါရီကနေ မတ်လအထိ တစ်လအတွင်းမှာတင် နေရာအနှံ့က တယ်လီဖုန်းအချက်အလက် ၁၂၄ ဒသမ ၈ ဘီလျံ နဲ့ ကွန်ပျူတာ အချက်အလက် ၉၇ ဒသမ ၁ ဘီလျံ ခိုးယူခဲ့။ 
-	၂၀၀၆ ခုနှစ်အထိ မှတ်တမ်းအရ ကမ္ဘာ့ခေါင်းဆောင် ၃၅ ဦးရဲ့ တယ်လီဖုန်းတွေကို အသံခိုးဖမ်းခဲ့။ 

ဗြိတိသျှစစ်ဌာနချုပ်နဲ့ တွဲပြီး တစ်ကမ္ဘာလုံးက လူပုဂ္ဂိုလ်တွေရဲ့ အချက်အလက်တွေကို ရယူထားတဲ့ NSA ဟာ နည်းပညာကို အသုံးချ၊ google, Microsoft, facebook သာမက apple ကုမ္ပဏီတွေရဲ့ ဆာဗာတွေကို တိုက်ရိုက်ဝင်ရောက် ကြည့်ရှုခွင့်၊ တယ်လီဖုန်းဆက်သွယ်ရေးအတွက် ထားရှိတဲ့ ပင်လယ်ပြင်ရေအောက် ဖိုင်ဖာအော့ပတစ်ကေဘယ်ကြိုး ( Optical Fiber Cable ) ကိုပါ အပိုင်စီးပြီး တစ်ကမ္ဘာလုံးက ဆက်သွယ်မှုတွေကို သိရှိနေတဲ့ အဖွဲ့အစည်းပဲ ဖြစ်တယ်။ ဒီလိုမျိုး အဆင့်မြင့် ထောက်လှမ်းရေးစွမ်းအားရှိတဲ့ အမေရိကန်ထောက်လှမ်းရေး အသိုင်းအဝိုင်းဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို နှစ်ပေါင်းများစွာ ဖုံးဖိထားခဲ့တာပေါ့။ 

အာဏာပိုင်အဖွဲ့အစည်းက ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်၊ ကမ္ဘာပေါ်က ပြည်သူတွေ သိရှိအောင် ချပြခဲ့သူက စနိုးဒန်ဆိုတဲ့ လူငယ်ပဲ ဖြစ်ပါတယ်။ စနိုးဒန် … သူဟာ ဘွဲ့ရသူတစ်ယောက်တော့ မဟုတ်ဘူး။ ဒါပေမယ့် သူဟာ ၁၉၉၉ ခုနှစ်၊ အသက် ၁၉ နှစ်အရွယ်ကစလို့ သူ့ရဲ့ ဝါသနာဖြစ်တဲ့ ကွန်ပျူတာ ဘာသာရပ်ယူပြီး အိုင်တီပညာကို တစိုက်မတ်မတ် လေ့လာခဲ့တယ်။ ဒီလိုနဲ့ CIA မှာ သတင်းအချက်အလက်ဆိုင်ရာ နည်းပညာအလုပ်ရရှိခဲ့ပြီး အဲ့ဒီကတစ်ဆင့် ၂၀၀၅ ခုနှစ်လောက်မှာ မေရီလန်းတက္ကသိုလ်ရဲ့ အဆင့်မြင့် ဘာသာစကားလေ့လာရေး ဌာနမှာ လုံခြုံရေးကျွမ်းကျင်သူအဖြစ် အလုပ်ရခဲ့တယ်။ 

ထင်ထားသလိုမဟုတ်ဘဲ တကယ်လုပ်ခဲ့ရတာက တက္ကသိုလ်ကိုဗန်းပြပြီး NSA ရဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေ၊ ကလစ်တစ်ချက်နှိပ်ရုံနဲ့ ကိုယ်သိချင်တဲ့လူရဲ့ အချက်အလက်မှန်သမျှကို သိရှိနိုင်တဲ့ အဖွဲ့အစည်းကို ထောက်ပံ့လုပ်ကိုင်ပေးနေရတာပဲ ဖြစ်ခဲ့တယ်။ ဒီလို ပုဂ္ဂလိကဆိုင်ရာ ကိုယ်ရေးအချက်အလက်တွေကို ကာယကံရှင်မသိဘဲ ခိုးယူ စောင့်ကြည့်နေတာကို သိရှိလိုက်ရတဲ့ စနိုးဒန်တစ်ယောက် …. 

[ ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အကြား အန်အက်စ်အေ၏ ထောက်လှမ်းမှုလုပ်ရပ် အကုန်အစင်ကို သူ တွေ့ခဲ့ရသည်။ “ဒါတွေဟာ ကမ္ဘာပေါ်မှာ စကားပြောတာမှန်သမျှ၊ လုပ်ကိုင်ဆောင်ရွက်တာ မှန်သမျှ သူတို့ အကုန်သိနေတယ်။” အမေရိကန်စနစ် မှန်မမှန် စောင့်ကြည့်ပြီး အန်အက်စ်အေရဲ့ လုပ်ရန်တွေ မှန်မမှန် စစ်ဆေးနေရမည့် ကွန်ဂရက်ကြီးကြပ်ရေး ကော်မတီကလည်း တာဝန်များကို လျစ်လျူရှုနေတယ်ဟု သူကဆို၏။ 

“ဒါတွေကို ဘယ်သူလုပ်မလဲ စောင့်နေလို့မရတော့ဘူး။ လုပ်မယ့်ခေါင်းဆောင်ကိုလည်း ကျုပ်ရှာကြည့်တယ်။ ကိုယ်က စလုပ်မှ ဖြစ်မယ်ဆိုတာ ကျုပ် သဘောပေါက်လိုက်တယ်” ဟု သူက ဆိုသည်။ ၂၀၁၂ ခုနှစ်တွင် သူ ဂျပန်မှ ထွက်ခွာခဲ့သည်။ ဤနည်းဖြင့် စနိုးဒန်မှာ ဖော်ကောင်တစ်ယောက် ဖြစ်လာတော့သည်။ ] ( စာအုပ်မှ … )

NSA ဟာ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ချိုးဖောက်သည့်အပြင် လူတစ်ဦးချင်းရဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်ကိုပါ ချိုးဖောက်ခြင်းဖြစ်တယ်လို့ ဆိုလိုက်တဲ့ စနိုးဒန်ဟာ NSA နဲ့ ဗြိတိန်စစ်ဌာနချုပ် ( GCHQ ) တို့ရဲ့ ဌာနတွင်း ဆာဗာကွန်ပျူတာတွေကနေ ရယူထားတဲ့ ထိပ်တန်းလျှို့ဝှက်ချက်အဆင့် ၁ ကစလို့ သမ္မတဖြစ်သူတောင် အခွင့်ရှိမှ ကြည့်ရှုခွင့်ရှိတဲ့ အကြောင်းအရာတွေ၊ ဆာဗာကနေ ယူလာတဲ့ အဆင့်အမြင့်ဆုံး လျှို့ဝှက်ချက် စာရွက်စာတမ်းပေါင်း သောင်းသိန်းချီတဲ့ အကြောင်းအရာတွေကို ဖွင့်ချခဲ့တယ်။ 
………….

စနိုးဒန်ကို ဒီလို လျှို့ဝှက်ချက်တွေ ဖွင့်ချဖို့ တွန်းအားပေးခဲ့တဲ့ အရာတွေ …
စနိုးဒန်ရဲ့ ခံယူချက် သဘောထားနဲ့ သူ့ရဲ့ လေးစားစရာစိတ်ဓာတ်နဲ့ ထူးချွန်ထက်မြက်မှုတွေ …
လျှို့ဝှက်ချက်တွေ ပေါက်ကြားစေလိုက်တဲ့ စနိုးဒန်ရဲ့ အနာဂတ် …
လျှို့ဝှက်ချက်တွေကို ကမ္ဘာကို အသိပေးလိုက်တဲ့ ဂါးဒီးယန်းသတင်းစာကြီးရဲ့ စွန့်စားမှု …
နည်းပညာကို အသုံးချပြီး လူတိုင်းရဲ့အချက်အလက်တွေကို စောင့်ကြည့်ရယူနေတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ...
ဒီနိုင်ငံကြီးတွေရဲ့ လျှို့ဝှက်ချက်ကို သိရှိရုံတင်မကဘဲ ပြည်သူကို ချပြဖို့ စွန့်စားအားထုတ်ခဲ့တဲ့ စနိုးဒန်ရဲ့ အကြံအစည်နဲ့ လုပ်ရပ် …

စတာတွေကို ဒီစာအုပ်ထဲမှာ စိတ်လှုပ်ရှားစွာနဲ့ ဖတ်ရှုသိမြင်ကြမှာပဲ ဖြစ်ပါတယ်ခင်ဗျ။ 
ကဲ … ဒီနေ့မိတ်ဆက်လိုက်တဲ့ စာအုပ်ထဲမှာ ဘာတွေပါဝင်မလဲ၊ ကမ္ဘာကျော် ဖြစ်ရပ်မှန် ဇာတ်လမ်းကြီးက ဘယ်လိုလဲဆိုတာ သိရအောင် ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။
ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ပို့စ်ကို ပြန်လည်မျှဝေပေးဖို့ မမေ့နဲ့ဦးနော်။
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
………….
“ဒီပို့ကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးဖို့ မမေ့နဲ့ဦးနော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ......

Related Posts