ယနေ့အတွက် ဖတ်စရာကဏ္ဍ [ Special Issue ]


“ဒေါ်အောင်ဆန်းစုကြည်ပြောသော ဂျာနယ်ကျော်မမလေးနှင့် သူမ၏ စာအုပ်များ”

မင်္ဂလာပါခင်ဗျ …

ဝန်ဇင်းပရိသတ်ကြီးလည်း သိပြီးဖြစ်တဲ့အတိုင်း ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ( သြဂုတ် ၂၈ ရက်နေ့ ) ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ် ကျောင်းသားကျောင်းသူတို့ရဲ့ ‘ရသစာပေစကားဝိုင်း’ ကျင်းပသွားပါတယ်။ ဒီလို ကျင်းပခဲ့ရာမှာတော့ စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့ စာအုပ်အချို့ကိုလည်း ထည့်သွင်းပြောဆိုသွားတာ တွေ့ရမှာပါ။

ဆရာမကြီး ဂျာနယ်ကျော်မမလေးဟာ မြန်မာ့ဝတ္ထုလောကရဲ့ စင်မြင့်ပေါ်က အမျိုးသမီးစာရေးဆရာမတစ်ဦးပဲ ဖြစ်ပါတယ်။ စာပေနှင့်ဘဝကို အချိုးကျကျ ပေါင်းစပ်ပြီး သရုပ်ဖော် စာပေအမျိုးအစားတွေ အများအပြား ရေးသွားခဲ့တယ်။ အများအားဖြင့် ဆရာမကြီးရဲ့ စာအုပ်တွေထဲမှာ မြန်မာအမျိုးသမီးတွေရဲ့ လူနေမှုဘဝပုံရိပ်၊ ကိုယ်ကျင့်တရားလက္ခဏာနဲ့ စိတ်နေသဘောထားတို့ ထင်ဟပ်နေတာကို တွေ့ရမှာပါ။ ဒါ့အပြင် အမျိုးသမီးကောင်းတို့ရဲ့ စရိုက်လက္ခဏာတွေကိုလည်း ချီးကျူးဖော်ထုတ် ရေးသားလေ့ရှိသလို မြန်မာအမျိုးသမီးတို့ရဲ့ စွမ်းရည်သတ္တိတွေကို ပြသွားတဲ့ စာရေးဆရာမကြီးတစ်ဦးအဖြစ် ‘ဂျာနယ်ကျော်မမလေး’ ကို လူသိများကြပါတယ်။ 

အခု ဖော်ပြမယ့် စာအုပ်တွေကတော့ ရသစာပေစကားဝိုင်းမှာလည်း ထည့်သွင်းပြောဆိုသွားတဲ့၊ ဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့ လက်ရာတွေအနက် အထင်ရှားဆုံး စာအုပ်အချို့ပဲ ဖြစ်ပါတယ်။ ‘မုန်း၍မဟူ’ ဆိုရင် ( ၁၉၅၅ ) ခုနှစ် စာပေဗိမာန်စာပေဆု ရရှိခဲ့သလို ရသစာပေစကားဝိုင်းမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က “မုန်း၍မဟူကို မကြိုက်ကြဘူးလား” ဟုဆို၍ ‘သူလိုလူ’ ‘သွေး’ စတဲ့ စာအုပ်တို့နဲ့ ဆက်စပ်ပြီး မေးခွန်းထုတ်ဖြစ်ခဲ့သည်အထိ နာမည်ကြီးတဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ 

ကဲ … ဒီတော့၊ ရသစာပေစကားဝိုင်းမှာ ထည့်သွင်းဆွေးနွေးသွားတဲ့၊ ဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့ စာအုပ် ( ၃ ) အုပ်ရဲ့ စာအုပ်ဖတ်ညွှန်းလေးတွေကို ကြည့်လိုက်ရအောင်။ အခုဖော်ပြလိုက်တဲ့ စာအုပ်တွေကိုလည်း ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုနိုင်ပြီဖြစ်ကြောင်း တစ်ဆက်တည်း သတင်းကောင်းပါးလိုက်ပါရစေ။ 

၁။ သူလိုလူ ( ၁၉၄၇ )

စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးလို့ ဆိုလိုက်ရင် ‘သူလိုလူ’ စာအုပ်နဲ့ တွဲပြီး မှတ်သား မြင်ယောင်မိလေ့ ရှိကြတယ်။ ဂျာနယ်ကျော်မမလေးရဲ့ အခြားစာအုပ်တွေကို မဖတ်ဖူး မကြားဖူးရင်တောင်မှ ‘သူလိုလူ’ ကို စာဖတ်သမားအများစု ဖတ်ဖူး၊ ကြားဖူးကြတယ်။ တကယ်တော့ သူလိုလူဟာ ရှားမှရှားပေ့ဆိုတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ ပုံရိပ်။ သူလိုလူဟာ ဂျာနယ်ကျော်မမလေးရဲ့ ခင်ပွန်း ‘ဂျာနယ်ကျော်ဦးချစ်မောင်’ ရဲ့ အတ္ထုပ္ပတ္တိ ကောက်ကြောင်းပဲ ဖြစ်ပါတယ်။ နိုင်ငံအတွက် စင်ပေါ်မတက် လူရှေ့မထွက်ဘဲ ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်ခဲ့သူ။ အလွန်ရိုးသားပြီး ကိုယ့်ရဲ့ ခံယူချက်ကို နည်းနည်းမှ သစ္စာမဖောက်ခဲ့သူ။ ဒီလို အရည်အချင်းမျိုးတွေနဲ့ ‘သူလိုလူ’ ဟာ အဲ့ဒီအချိန်အခါက နိုင်ငံရေးလှုပ်ရှားမှုနဲ့ စာပေရေစီးကြောင်းကိုလည်း ထင်ဟပ်နေတဲ့ သုတရသ အတ္ထုပ္ပတ္တိစာပေပဲ ဖြစ်ပါတယ်။ တကယ့်ကို နာမည်ကြီးတဲ့ စာအုပ်တစ်အုပ်ဖြစ်ပြီး စာဖတ်သမားတိုင်း ဖတ်ဖူးထားသင့်တဲ့ စာအုပ်ပါပဲ။

၂။ မုန်း၍မဟူ ( ၁၉၅၅ ) 

အကြိမ်ပေါင်းများစွာ ရိုက်နှိပ်ထုတ်ဝေထားရတဲ့ နာမည်ကြီးဝတ္ထုပဲ ဖြစ်တယ်။ ဒါ့အပြင် တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှား၊ နဲ့ ဥဇဘက် စတဲ့ ဘာသာစကား ( ၅ ) အမျိုးအထိ ပြန်ဆိုခြင်းခံရတဲ့ ထင်ရှားလှတဲ့ မြန်မာဝတ္ထုတစ်အုပ်အဖြစ် မှတ်တမ်းတင်ထားရပါသေးတယ်။ ဒီဝတ္ထုထဲမှာ ယဉ်ကျေးမှုအသိုင်းအဝိုင်း မတူညီသူ ဇာတ်ဆောင်နှစ်ဦးကို တင်ပြရင်း ပေါ်ပေါက်လာတဲ့ ယဉ်ကျေးမှု ပဋိပက္ခဖြစ်စဉ်ကို မီးမောင်းထိုးပြထားတယ်။ နိုင်ငံတော်အတိုင်ပင်ခံရဲ့ အမြင်အတိုင်း ပြန်ပြောရရင်တော့ ‘မုန်းလို့တော့မဟုတ်ဘဲ ချစ်ပုံချစ်နည်းမတူ’ ခြင်းကြောင့် ပေါ်ပေါက်လာတဲ့ အကျိုးသက်ရောက်မှုတွေကို မြင်တွေ့ရမှာပါ။ ဒါ့အပြင် စာရေးသူ ဂျာနယ်ကျော်မမလေး ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေးနောက်ခံကိုလည်း ရောင်ပြန်ဟပ်နေတာကို တွေ့ရပါဦးမယ်။ အဓိက,ကတော့ ဘိလပ်ယဉ်ကျေးမှုကို အလွန်အထင်ကြီးတဲ့ ခင်ပွန်းနဲ့ မြန်မာ့ယဉ်ကျေးမှုကို စံထားလိုက်နာသူ ဇနီးသည်တို့အကြား စရိုက်မတူညီတဲ့ အိမ်ထောင်ရေး တည်ဆောက်လိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ရင့်နင့် ကြေကွဲဖွယ်ရာတွေကို သိရှိ ခံစားရပါလိ့မယ်။ 

၃။ သွေး ( ၁၉၇၃ )

ဒီဝတ္ထုထဲမှာ ဆရာမကြီး ဂျာနယ်ကျော်မမလေးက စစ်ပြီးခေတ်ကာလ အဖေတူ မအေကွဲ မောင်နှမနှစ်ယောက်ရဲ့ သံယောဇဉ်ကို စာဖတ်သူရဲ့ စိတ်အာရုံနဲ့ နှလုံးအိမ်တို့မှာ အထင်းသား ပေါ်လွင်လာအောင် ရေးဖွဲ့ထားတယ်။ ၂၀၀၃ ခုနှစ်မှာ ၊ ဂျပန်ဒါရိုက်တာတစ်ဦးက ရုပ်ရှင်အဖြစ် အထူးတလည် ရိုက်ကူးဖန်တီးခဲ့ရတဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ ဂျပန်ပြည်မှာ မြန်မာစာအဓိကယူ လေ့လာခဲ့တဲ့ ‘ယုမိစံ’ ဟာ ဂျပန်ခေတ်က မြန်မာနိုင်ငံကို ရောက်ပြီး မြန်မာအမျိုးသမီးနဲ့ အိမ်ထောင်ပြုခဲ့သူ၊ သူမဖေဖေရဲ့ ဓာတ်ပုံလေးတစ်ပုံနဲ့ မောင်လေးတစ်ယောက်ရှိတယ်ဆိုတဲ့ အသိနဲ့အတူ သူမရဲ့ သွေးသားရင်းချာကို ရှာပုံတော်ဖွင့်တဲ့ ဇာတ်လမ်းပဲ ဖြစ်တယ်။ ယုံကြည်ချက်နဲ့ မျှော်လင့်ခြင်းတွေကို ထွေးပိုက်ရင်း မြန်မာနိုင်ငံကို ရောက်လာတဲ့အချိန်၊ သူမရဲ့ သံယောဇဉ်ကြိုးဖြစ်တဲ့ မောင်လေးကို တွေ့ဆုံဖို့ ကြိုးပမ်းတဲ့ အဖြစ်အပျက်တွေဟာ စာဖတ်သူရဲ့ နှလုံးသားကို ဆွဲကိုင်လှုပ်ရမ်းသွားပါလိမ့်မယ်။ ပြီးတော့ မိုင်ထောင်ချီတဲ့ အကွာအဝေးကို ချုံ့ပစ်နိုင်တဲ့ ချစ်ခြင်းမေတ္တာရဲ့ အစွမ်းသတ္တိကို စာဖတ်သူတို့ နင့်နင့်နဲနဲ ခံစားမိပါလိမ့်မယ်။ 

ကဲ … ဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့ လက်ရာတွေကို ဖတ်ရှုခံစားနိုင်ဖို့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေ။

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦး” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။




Related Posts