ယနေ့အတွက် ဖတ်စရာကဏ္ဍ


“ယုံချင်ယုံ မယုံချင်နေ ၊ တာတေကပြောတယ် - မဖဲဝါအသက် ၄၄ နှစ် ရှိပြီတဲ့ရှင်”

…..

စာအုပ်အမည် - မဖဲဝါ အသက် ၄၄ နှစ်
စာရေးသူ - တာတေ 

စာမြည်း 

…….

ကျုပ်လည်း ကိုကြီးစိန်သောင်းနဲ့ စကားပြောရင်း စဉ်းစားကြည့်တာပဲဗျ၊ ဒါဘာဖြစ်တာတုံး ဆိုတာ ကျုပ်ဖြင့် နားကို မလည်ဘူးဗျာ၊ ခေါင်းပေါ်မှာ မဖဲဝါ အသက်(၄၄)နှစ်လို့ ထွင်းထားတာက ဘာသဘောတုံး။ မဖဲဝါ သေတုန်းက ထည့်ပြီး မြှုပ်တဲ့ ခေါင်းဆိုရင်လည်း ကြာလှပြီပဲ။ ရှိပါဦး မလား။ မြေကြီးထဲမှာ ဆွေးသွားမှာပေါ့ဗျ။ တစ်ယောက်ယောက် နောက်တာလား။ ဒါတော့ မဖြစ် နိုင်ဘူးဗျ။

ခဏနေတော့ အဘနဲ့ အမေ ပြန်ရောက်လာကြတယ်။
“ဟဲ့…ဒါဘန့်ဘွေးကုန်းက လုံးကြည်ရဲ့သား စိန်သောင်းမို့လား”
အမေက မျက်လုံးပေါ်မှာ လက်ကလေးကာပြီး မေးသဗျ။
“ဟုတ်တယ်လေ အရီး၊ ဘိုးဉာဏ် နေကောင်းရဲ့လား”
ကိုကြီးစိန်သောင်းက အဘကိုလည်း နှုတ်ဆက်တယ်ဗျ။
“ဟကောင် စိန်သောင်း၊ မင်း အခုထိ အိမ်ထောင်မပြုသေးဘူးလား၊ လူဆိုတာ အသက်ကြီး လာရင် ဆေးပေးမီးယူဆိုတာ လိုတယ်နော်”
“ဟာ…ဘိုးဉာဏ်ရာ၊ ဆေးပေးမီးယူတွေ မရှိရင်လည်း နေပါစေဗျာ၊ ကျုပ်ဖြင့် အိမ်ထောင်ပြု ချင်စိတ်ကို မရှိပါဘူးဗျာ”
“နို့…နင် အခု ဘယ်ကလှည့်လာတာတုံး စိန်သောင်းရဲ့”
“ဘယ်ကမှ လှည့်မလာဘူး အရီးရေ၊ တာတေ့ဆီကိုပဲ တန်းလာတာဗျ”

ကိုကြီးစိန်သောင်းက အဖြစ်အပျက်ကို တစ်ခါထပ်ပြီးပြောပြတယ်။ အဘရော အမေရော အံ့သြကြတာပေါ့ဗျာ။ ကျုပ်လည်း နဂါးဆေးပေါ့လိပ်ကလေးဖွာရင်း ကိုစိန်သောင်း ပြောတာကို တစ်ခါ ပြန်ပြီးနားထောင်တယ်။ ဒါပေမဲ့ ကျုပ် ဘာမှမသိပါဘူးဗျာ။ အမေက ထမင်းပွဲပြင်ပြီး ကိုစိန်သောင်းကိုပါ ကျွေးတယ်။

ဒါကျုပ်တို့ အညာဓလေ့လေဗျာ။ အိမ်မှာ ထူးထူးခြားခြား ဟင်းကောင်းလေးဘာလေး ချက် တဲ့နေ့ဆိုရင် ဧည့်သည်မျှော်ကြတာဗျ။ ကိုယ့်အိမ်ရောက်လာတဲ့လူကို ကျွေးချင်မွေးချင်လွန်းလို့လေ ဗျာ။

ကျောက်ခဲတို့ သံမဏိတို့ဆိုတာ ကျုပ်တို့အိမ်မှာ စားနေကြ သောက်နေကြ ကောင်တွေပေါ့ ဗျာ။ ဟင်းကောင်းချက်တဲ့နေ့မျိုးမှာ ဘယ်သူမှမလာရင် အမေနဲ့အဘက ကျုပ်ကိုလွှတ်ပြီး ကျောက်ခဲ နဲ့ သံမဏိကို ခေါ်ခိုင်းတာဗျ။

အမေ့လက်ရာ ဝက်သားဟင်းသုံးမျိုးကို စားရတဲ့ ကိုကြီးစိန်သောင်းဆိုတာ ခေါင်းတောင် မဖော်တော့ဘူးဗျို့။ ထမင်းစားပြီးတာနဲ့ ကျုပ်နဲ့ ကိုကြီးစိန်သောင်းလည်း ဘန့်ဘွေးကုန်းကို ထွက်လာခဲ့ကြရော ဗျ။

ဟုတ်ပါ့ဗျာ။ ဘန့်ဘွေးကုန်းရောက်တော့ ကိုကြီးစိန်သောင်းတို့ ဝိုင်းရှေ့က မန်ကျည်းပင် အောက်မှာ ချထားတဲ့ ညိုမဲမဲခေါင်းကြီးကို တွေ့ရတယ်။ လူတွေကလည်း အုံကြည့်နေကြတုန်းပဲဗျ။ ဟုတ်တယ်ဗျို့။ ခေါင်းပျဉ်ပေါ်မှာ စာလုံးတွေ ထွင်းထားတာဗျ။

မဖဲဝါ အသက်(၄၄)နှစ်တဲ့ဗျို့။ ခေါင်းပျဉ်ပေါ်မှာ နာမည်ထွင်းတာ ဒီဘက်ခေတ်မှာ မရှိတော့ ပါဘူးဗျာ။ စက္ကူပေါ်မှာ စာရေးပြီး ခေါင်းမှာ ကပ်ကြတာပါပဲ။ ဒီဓလေ့နဲ့ ခေါင်းပေါ်မှာ ထွင်းထားတဲ့ စာလုံးတွေရဲ့ ရေးဟန်ပုံစံကို ကြည့်ရတာတော့ တော်တော်ကို ရှေးကျတဲ့အချိန်ဆိုတာ ကျုပ် မှန်းမိ တယ်။

ကျုပ်က ခေါင်းကို သေသေချာချာကြည့်တယ်။ ရွှံ့တွေ ဘာတွေပေနေတာ ဘာမှမရှိဘူးဗျ။ အမြဲတမ်းကို တိုက်ချွတ်ပြီး သန့်ရှင်းထားတဲ့ပုံပဲဗျ။

ကျုပ်က ခေါင်းဖုံးကို ဖွင့်ကြည့်တယ်။ လေတော်တော်လုံတာဗျို့။ စရွေးကို ကိုက်နေတာဗျ။ တော်တော် တော်တဲ့ လက်သမားကောင်းတစ်ယောက် လုပ်ထားတဲ့ လက်ရာဗျ။
“တာတေ မင်းကို အရီးမယ်ဆိုးက တွေ့ချင်လို့တဲ့”

ခေါင်းကို တိုင်းကြည့်နေတဲ့ ကျုပ်ကို ကိုကြီးစိန်သောင်းက လာပြောတာဗျ။ ကျုပ်လက်နဲ့ တိုင်းကြည့်တာ ခေါင်းအရှည်က ခြောက်တောင်ရှိတယ်။ ဒီခေါင်းဟာ ရှေးခေတ်ကခေါင်းဆိုတာ သေချာတာပေါ့ဗျာ။ ရှေးခေတ်လူတွေက အရပ်ရှည်ကြတော့ ခေါင်းကို အခုလို ခုနစ်ပေ၊ ရှစ်ပေ လုပ်ကြရတာဖြစ်မှာပေါ့ဗျာ။

အရီးမယ်ဆိုးဆိုတဲ့ ဘွားတော်ကြီးက ဒီဘန့်ဘွေးကုန်းမှာတော့ အသက်အကြီးဆုံးဗျ။ အသက် ၉၀ ကျော်ပြီ။ ဒါပေမဲ့ သန်လိုက်မြန်လိုက်တာတော့ ပြောမနေနဲ့ဗျို့။ အခုထိကို သွက်သွက် သွက်သွက် ဖြစ်နေတဲ့ ဘွားတော်ကြီးဗျ။

ပြီးတော့ အရီးမယ်ဆိုးက ဒီအရပ်သူလည်း မဟုတ်ဘူး။ အောက်သူဗျ။ အညာသားနဲ့ အိမ်ထောင်ကျပြီး လိုက်လာတာ။ ဒီမှာအနေကြာလို့သာ အညာသူဖြစ်သွားတာ။ ဘန့်ဘွေးကုန်းမှာ တော့ အလှူအတန်းတွေ မင်္ဂလာဆောင်တွေရှိရင် ဘွားတော်ကြီး အရီးမယ်ဆိုးကို ဘာမဆိုတိုင်ပင် ပြီးမှ လုပ်ကြတာလေဗျာ။ ဘွားတော်ကြီးကလည်း မယ်ဆိုးသာဆိုတာ၊ လွှတ်စိတ်ကောင်းရှိတာဗျ၊ စိတ်စေတနာကလည်း လွှတ်ကောင်းတဲ့ ဘွားတော်ကြီးပါဗျာ။

ကျုပ်က ကိုကြီးစိန်သောင်းတို့ အိမ်ပေါ်ကို တက်လိုက်သွားတယ်။ ဘုရားခန်းမှာ အရီး မယ်ဆိုးက ထိုင်လို့ဗျ။ ဖွေးနေတဲ့ ဆံပင်တွေကို ခေါင်းမှာ ဆံထုံးလေးထုံးလို့။ ပခုံးပေါ်မှာ ယောဂီ တဘက်ကလေး တစ်ထည်ကလည်း တင်ထားသေးတယ်။ လက်ကောက်ဝတ်မှာတော့ စိပ်ပုတီး လေးတစ်ကုံး ပတ်ထားတယ်။

“လာကွဲ့ ထိုင် လူလေး မောင်တာတေ”
“ဟုတ်ကဲ့ အဘွား”
ကျုပ်က ပြောပြောဆိုဆိုနဲ့ ဘွားတော်ကြီးရှေ့ မလှမ်းမကမ်းလေးမှာ ဝင်ထိုင်လိုက်တယ်ဗျ။
“အေး…မောင်တာတေရေ၊ အဘွားက မင်း လာမယ်ဆိုလို့ မျှော်နေတာကွဲ့၊ တော်တော်နဲ့ ရောက်မလာလို့တောင် စိတ်ထဲပူမိသေးတယ်”
“ကိုကြီးစိန်သောင်း ရောက်လာတော့ ကျုပ်အဘနဲ့ အမေတို့က ဆရာတော့်ကျောင်းကို ဆွမ်း ပို့သွားနေလို့ စောင့်နေရတာ အဘွားရဲ့၊ အမေတို့ ပြန်လာတော့ ထမင်းစားပြီးမှ သွားကြလို့ပြောလို့ ကိုကြီးစိန်သောင်းရော ကျုပ်ရော ထမင်းစားနေရတာ အဘွားရဲ့”
“ဪ…ဒါကြောင့် မင်းတို့ကြာနေတာကိုး၊ အေး အေး ဒီလိုကွဲ့ မောင်တာတေရဲ့၊ အခု ဝိုင်း ရှေ့မှာ ရောက်နေတဲ့ခေါင်းက မဖဲဝါ သေတုန်းက ထည့်ပြီး မြှုပ်တဲ့ခေါင်းအစစ်ပဲ လူကလေး”
“ဗျာ…အဘွား သိတယ် ဟုတ်လား”
“အေး…အဘွား သိတယ်ကွဲ့၊ ဒါပေမဲ့ အဘွား ကိုယ်တိုင်မီခဲ့တာတော့ မဟုတ်ဘူး၊ အဘွားတို့ ဘိုးဘွားတွေ အစဉ်အဆက်ပြောခဲ့ကြလို့ သိတာ”
ခင်ဗျားလည်း သိတာပဲဗျာ။ တာတေဆိုတဲ့ ကျုပ်က ဒါမျိုးဆိုရင် လွှတ်စိတ်ဝင်စားတဲ့ကောင် ဗျ။
“ဟာ ပြောပြပါ အဘွားရယ်၊ ကျုပ် စိတ်ဝင်စားလို့ပါဗျာ”
“မဖဲဝါတို့  မောင်နှမပိုင်ခဲ့တဲ့ အင်းကြီးက အဘွားတို့ ဘိုးဘွားတွေနေတဲ့ နယ်ထဲမှာပဲကွဲ့၊ မဖဲဝါရဲ့ အစ်ကို ဦးစံမဲ့ကြီး အရှင်လတ်လတ်ကနေ သရဲကြီးဖြစ်သွားတာတော့ မောင်တာတေ ကြား ဖူးတယ်မို့လား”
“ဟုတ်ကဲ့ အဘွား၊ ကျုပ် ကြားဖူးပါတယ်”
“အေး…သူ့အစ်ကိုက အရှင်လတ်လတ်ကနေ သရဲကြီးဖြစ်ပြီး ပျောက်သွားတဲ့အခါကျတော့ မဖဲဝါဟာ တော်တော်ကြောက်သွားတာတဲ့။ ဒါနဲ့ အင်းလုပ်ငန်းတွေလည်း ရပ်ပစ်လိုက်ပြီး သူတို့ ချမ်းသာသမျှကို လှူတန်းလုပ်တော့တာပဲတဲ့ကွယ်။ ဒါပေမဲ့ သိပ်နောက်ကျသွားပြီလေ။ သူတို့ မောင်နှမနှစ်ယောက် လုပ်ခဲ့တဲ့ အကုသိုလ်က နည်းတာမှမဟုတ်တာ၊ တိုတိုပြောကြပါစို့ကွယ်။ သူ့အစ်ကိုအတွက် စိတ်မကောင်းဖြစ်တဲ့စိတ်၊ သူတို့လုပ်ခဲ့တဲ့ အကုသိုလ် အလုပ်တွေအတွက် စိတ်မကောင်းဖြစ်တဲ့စိတ်တွေနဲ့ ဦးစံမဲ့ မရှိတဲ့နောက် သိပ်မကြာဘူးတဲ့၊ အိပ်ရာထဲမှာ ဗုန်းဗုန်းလဲ တော့တာဆိုပဲ။ ဆေးဆရာတွေပင့်ပြီး ကုပေမဲ့ အကုသိုလ်တွေ ဖိစီးနေတော့ ဆေးက မတိုးဘူးပေါ့ ကွယ်။ ဒါနဲ့ပဲ အသက် ၄၄ နှစ်မှာ မဖဲဝါ သေခဲ့တာ”
“အသက် သိပ်မကြီးသေးဘူးနော် အဘွား”
ကျုပ်က ဘွားတော် ဒေါ်မယ်ဆိုးကို ပြောလိုက်တာဗျ။
“အေးပေါ့ လူကလေးရဲ့၊ ၄၄ နှစ်ဆိုတဲ့ အသက်ဟာ ဘာကြီးလို့တုံး”
“ဟုတ်ကဲ့ အဘွား ဆက်ပြောပါဦးဗျ”
“အေး အေး၊ အဘွားပြောပြပါ့မယ်၊ မဖဲဝါက အင်းသူကြီး ဦးစံမဲ့ရဲ့ နှမပဲကွယ်၊ ချမ်းသာတာ ပေါ့၊ ဒီတော့ ခေါင်းစပ်တာတောင် ကျွန်းပျဉ်အကောင်းစားနဲ့စပ်ပြီး ခေါင်းမှာလည်း မဖဲဝါ အသက် ၄၄ နှစ်ဆိုပြီး ကမ္ပည်းသေသေချာချာထိုးပြီးမှ မြေမြှုပ်သင်္ဂြိုဟ်တာဆိုပဲ။ ဒါပေမဲ့ ရက်လည်တဲ့နေ့မှာပဲ တစ်နယ်လုံး အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရတယ်တဲ့ဟေ့”
“ဟင်…ဘာဖြစ်လို့တုံး အဘွားရဲ့”
“မဖဲဝါကို မြှုပ်ထားတဲ့နေရာမှာ မြေပုံပွင့်ထွက်သွားပြီး ခေါင်းရော အလောင်းရော ပျောက် သွားလို့တဲ့ဟေ့”

…….

အခုဖော်ပြခဲ့တဲ့ စာမြည်းကတော့ ‘မဖဲဝါအသက် ၄၄ နှစ်’ ဆိုတဲ့ ဝတ္ထုလေးထဲကပဲ ဖြစ်ပါတယ်နော်။ ဒ့ါအပြင် အခြား စိတ်ဝင်စားဖို့လည်းကောင်း ၊ နည်းနည်းလည်း ကျောချမ်းဖို့ကောင်းတဲ့ ဝတ္ထုလေးတွေကို ဖတ်ရဦးမှာရှင့်။ အဲ့ဒီဝတ္ထုလေးတွေရဲ့ ခေါင်းစဉ်တွေကတော့
-	ခေါင်းရောင်းတဲ့ဆိုင်
-	တစ္ဆေလေးနေတဲ့အိမ်
-	ခွေးနက်ကြီးရဲ့အူသံ
စတာတွေကိုလည်း ဖတ်ရဦးမှာနော်။ 

ကဲ … ဒါကြောင့် ၊ ဝန်ဇင်းရဲ့ စာချစ်ပရိသတ်ကြီးတွေ ဘာမှစဉ်းစားမနေနဲ့ ။ စိတ်ညစ်နေတာတွေ ပျောက်သွားအောင် အပျင်းပြေဖတ်ဖို့ တာတေရဲ့စာအုပ်ကို ဝန်ဇင်းမှာ ခုပဲ ဝယ်ဖတ်လိုက်ရအောင် ။ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်လိုက်တာနဲ့ ဒီစာအုပ်ကို 
မြန်မာငွေ *၂၀၀* ကျပ်ထဲနဲ့ ဖုန်းထဲကနေ ဖတ်လို့ရနေပါပြီရှင့်။ 

.............

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်နော်။

…………	

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦး” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……	
စာချစ်သူများကို အမြဲတမ်းချစ်ခင်နေမယ့် ဝန်ဇင်း

Related Posts