ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 

ဝန်ဇင်းစာချစ်သူ ပရိသတ်ကြီးအတွက် ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ မိတ်ဆက်ပေးမယ့် စာအုပ်ကောင်းတစ်အုပ် ရှိနေပါတယ်။ အဲ့ဒီစာအုပ်ကတော့ ဘာသာပြန်နဲ့ ပင်ကိုရေး စာရေးဆရာကြီး ဆရာကျော်အောင် ဘာသာပြန်ထားတဲ့ “အိုက်ဗန်၏ နိဂုံးကမ္ပတ်” ဆိုတဲ့ စာအုပ်ပါပဲခင်ဗျ။ 

ဒီစာအုပ်ဟာ ရုရှားစာရေးဆရာကြီး လီယိုတော်လ်စတွိုင်း ( Leo Tolstoy ) ရေးတဲ့ “The Death of Ivan Ilych” ဆိုတဲ့ စာအုပ်ကို ဆရာကျော်အောင်က “အိုက်ဗန်၏ နိဂုံးကမ္ပတ်” အဖြစ် ဘာသာပြန် ရေးသားထားတာပါ။ ရုရှားစာရေးဆရာကြီး လီယိုတော်လ်စတွိုင်းဆိုရင် War and Peace ( စစ်နှင့်ငြိမ်းချမ်းရေး - ဆရာမြသန်းတင့် မြန်မာပြန်ထား )၊ Anna Karenina ( အင်နာကာရနီနာ - ဆရာတင်မောင်မြင့် မြန်မာပြန်ထား ) စတဲ့ ကမ္ဘာ့ဂန္ထဝင်ဝတ္ထုရှည်ကြီးတွေကို ရေးသားခဲ့တဲ့ စာရေးဆရာကြီးအဖြစ် စာဖတ်သူတွေ သိရှိပြီးဖြစ်ပါတယ်။ လူ့သဘာဝအဖွဲ့တွေကို ကျွမ်းကျင်နိုင်နင်းစွာ ဖွဲ့ဆိုသွားတဲ့ တော်လ်စတွိုင်းဟာ အခုစာအုပ်ပါးကလေး၊ “အိုက်ဗန်၏ နိဂုံးကမ္ပတ်” မှာတော့ သေခြင်းတရားအကြောင်းကို နက်နက်နဲနဲ ဆင်ခြင်ပြီး သူ့ရဲ့အမြင်တွေကို ဒီစာအုပ်ထဲမှာ အသေးစိတ် ဖွင့်ချထားပါတယ်။ လူ့ဘဝဆိုတာဘာလဲ၊ အသက်ရှင်သန်နေထိုင်ခြင်းနဲ့ သေခြင်းတရားတို့ဟာ ဘာလဲဆိုတာကို နာမည်ကျော်ရှေ့နေကြီး အိုက်ဗန်အီလျစ်မက်ချနီကော့ရဲ့ ဘဝကို ပုံဖော်ရင်း ရေးသားတင်ပြထားတယ်။ 

ဒီဝတ္ထုကို တော်လ်စတွိုင်းအနေနဲ့ ၁၈၈၆ မှာ စတင်ရေးသားခဲ့ပြီး နှစ်နှစ်ကြာ ရေးသားခဲ့ရတာပါ။ “ထိုအချိန်တွင် တော်လ်စတွိုင်းသည် တရားလွန်ခြိုးခြံရေး အယူဝါဒကို တစ်ကိုယ်တောင် ထူထောင်နေစဖြစ်ပါသည်။ အလိုရမ္မက် ဆန္ဒနောက်သို့မလိုက်ဘဲ အစားတွင် ခြိုးခြံသည်။ အရာရာတွင် ခြိုးခြံသည်။ ထိုအချိန်တွင် သူသည် သေခြင်းတရားကို နက်နက်နဲနဲဆင်ခြင်သည်။ သေရမှာကို ဘာ့ကြောင့် လူတွေ ကြောက်ကြသလဲ။ သူကိုယ်တိုင်လည်း လူပင်ဖြစ်ရာ သေရမည်ကို ကြောက်မည်မုချဖြစ်သည်။ မသေခင် သေအံ့မူးမူးအချိန်တွင် သေရမှာကြောက်သည့်စိတ်ကို သူဆင်ခြင်ကာ ကမ္မဋ္ဌာန်းတစ်ခုကို ပွားများကြည့်ရာမှ ဤဝတ္ထု ထွက်လာခြင်းဖြစ်သည်ဟု ဆိုသည်” ( ဆရာကျော်အောင်၏ အမှာစာမှ … ) 
တူလာခရိုင် အစိုးရရှေ့နေကြီး အိုက်ဗန်အီလျစ်မက်ချနီကော့ရဲ့ဘဝအစဟာ ရှေ့နေတစ်ယောက်ရဲ့ အောင်မြင်ကျော်ကြားမှုနဲ့ အစပြုခဲ့ပြီး နောက်ပိုင်း အိမ်ထောင်ပြုပြီးတဲ့အခါမှာတော့ စိတ်ပျက်ဝမ်းနည်းစရာ နဲ့အတူလောကဓံမုန်တိုင်းတွေ ပေါ်ပေါက်လာခဲ့တယ်။ နောက်ဆုံးမှာတော့ အိုက်ဗန်ဟာ သူ့ဘဝကိုသူ ပြန်လည်သုံးသပ်ပြီး ဘဝတစ်လျှောက်လုံး ဘာတွေလုပ်ခဲ့သလဲ၊ အမှားအမှန် လုပ်ရပ်တွေကို ပြန်လည်ဆန်းစစ်ပြီး ပတ်ဝန်းကျင်က မိတ်ဆွေတွေ တဖြုတ်ဖြုတ်နဲ့ မရဏလမ်းပေါ် ရောက်သွားကြတာ မြင်တွေ့ရတဲ့အခါမှာတော့ ဘဝရဲ့အဓိပ္ပါယ်နဲ့ အနှစ်သာရကို မေးခွန်းထုတ်လာခဲ့တယ် …………… ။

ဒီဝတ္ထုကို စာဖတ်သူအနေနဲ့ ဘဝမှာပြည့်စုံခြင်းနဲ့ အနှစ်သာရကင်းမဲ့ခြင်း နှစ်ခုတို့ ရောယှက်နေတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိကို ဖတ်ရမှာလည်း ဖြစ်သလို စာရေးဆရာကြီး တော်လ်စတွိုင်းရဲ့ ဘဝနဲ့သေခြင်းတရား၊ လောကကြီးတို့ကို ပြန်လှန် မေးခွန်းထုတ်လိုက်တဲ့ အတွေးအခေါ် သဘောတရားတွေကို ဖတ်ရှုရမှာမို့ ရသနဲ့ အတွေးအခေါ် ရောစပ်ထားတဲ့ အရသာကို ခံစားမိပါလိမ့်မယ်။ စဉ်းစားဆင်ခြင်၊ သုံးသပ်ဝေဖန်ရတာ နှစ်သက်တဲ့ ဝန်ဇင်းစာချစ်သူတွေအဖို့ ဒီဝတ္ထုကို မဖြစ်မနေ ဖတ်ရှုသင့်ပါတယ်။ အကြောင်းကတော့ ကျွန်တော်တို့ဆီကိုလည်း သေခြင်းတရားဟာ မမျှော်လင့်တဲ့အချိန်၊ မမျှော်လင့်တဲ့နေရာမှာ မမျှော်လင့်တဲ့ အဖြစ်အပျက်မျိုးနဲ့ မဖိတ်ခေါ်ဘဲ ရောက်လာတတ်လို့ပါပဲ။ ဒီလိုရောက်မလာခင် မရဏမင်းနဲ့ စကားစမြည်ပြောထားတဲ့အခါကျတော့ တကယ့်တကယ် ရောက်သွားတဲ့အခါ ထိတ်လန့် တုန်လှုပ်စရာမလို၊ ရင်းနှီးပြီးသား ဖြစ်တာပေါ့ဗျာ … ။ 

“ဘာကြောက်စရာရှိသလဲ၊ သေခြင်းတရားဆိုတာ တကယ်တော့ ရှိမှမရှိဘဲ၊ သေခြင်းတရား နေရာမှာ အလင်းရောင်တစ်ခု မြင်ရပြီလေ။ သေတယ်ဆိုတာလည်း မရှိတော့ဘူး” ( စာအုပ်တစ်နေရာမှ … ) 

ကဲ … အထွေအထူး မပြောတော့ဘူး၊ ဝန်ဇင်းစာချစ်သူတွေ ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့ပါနဲ့ဦးခင်ဗျ … ။

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ် ခင်ဗျာ ။ ၀န်ဇင်းစာချစ်ပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 



Related Posts