ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါ

ဝန်ဇင်းစာချစ်သူများကို ယနေ့ထွက်စာအုပ်များကဏ္ဍကနေ မိတ်ဆက်ပေးချင်တဲ့စာအုပ်တွေကတော့ ၊  “ ခူးခူး ရဲ့ Sorry ”၊ “စာရေးဆရာမ ခင်နှင်းဦး ရဲ့ သစ္စာတရားဘက်တော်သားနှင့်အခြားဆောင်းပါးများ ” နှင့်  “စာရေးဆရာမ ဆုမြတ်မွန်မွန် ရဲ့ အချစ်သို့တစ်ချက်ငဲ့ကြည့်စဉ်” တို့ပဲဖြစ်ပါတယ်။ 

၁။ Sorry ၊ ခူးခူး
ဒီတပတ်ရဲ့ယနေ့ထွက်စာအုပ်များကဏ္ဍကနေ ပထမဆုံးစာအုပ် အနေနဲ့မိတ်ဆက်ပေးချင်တဲ့စာအုပ်လေးကတော့ ခူးခူး ရေးသားထားတဲ့ “Sorry ” ဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်။ 
စင်တင်စားသောက်ဆိုင် တစ်ဆိုင်မှာလုပ်ကိုင်နေတဲ့ကောင်မလေးတွေနဲ့ ဆိုင်ကိုလာတဲ့ အကောင်ကြီးကြီး အမြီးရှည်ရှည် ဧည့်သည်တွေကို ချိတ်ပေးပြီး ကောင်မလေးတွေဆီက ခေါင်းပုံဖြတ် ၊ ဧည့်သည့်တွေဆီက အကျိုးဆောင်ခယူ နဲ့ ဘဝကို အသက်ဆက်နေသူ ၊ လောကမှာငွေကလွဲလို့ဘာကိုမှစိတ်ဝင်စားသူ“ ဇာတာ” 
စင်တင်စားသောက်ဆိုင်မှာ သီချင်းဆိုသည့် အလုပ်ကို လုပ်ကိုင်နေရသော်လည်း မိန်းမတစ်ယောက်၏ ကိုယ်ကျင့်တရားကို မြဲမြံအောင်ဝတ်ထားပြီး မဟုတ်မခံ စိတ်ရှိသူ“ မျက်ဝန်းဖြူ”. . .
သူတို့နှစ်ယောက်ကျက်စားရာ ဆိုင်ကို “ ဦးသုဝိ ” ဆိုသည့် သူဌေးတစ်ယောက် ရောက်လာချိန်မှာတော့ . . . 
“ပြော… ငါ့ကိုခေါ်တာ ဘာကိစ္စ?”
ဒီလိုဆိုတော့လည်း မဆိုးပါဘူး။ ခေါ်ရင်းကိစ္စကို မေးဖော်ရသေးတဲ့အတွက် စကားစဖို့ခက်နေတဲ့ သူ့အတွက် ထွက်ပေါက်ရသွား၏။ 
“နင့်ကို ငွေအများကြီးရမယ့်အပေါက် ငါဖွင့်ပေးမလို့။ စိတ်ဝင်စားလား”
သူမ စိတ်ဝင်စားသလို သူ့ကို တစ်ချက်ကြည့်သည်။ ပြီးတော့မှ လက်ထဲက အဝတ်ထုပ်ကို ပိုက်လိုက်ရင်း…
“ငါ့ဆီမှာ သီချင်း လာတောင်းနေတာတော့ မဟုတ်ပါဘူးနော်”
ဆိုပြီး မဲ့ပြုံးဖြင့် ပြန်မေးလေသည်။ 
ဒီတော့ သူ ခပ်မြန်မြန်ပဲ ခေါင်းခါပြီး သူမအနားသို့ ပိုနီးအောင် တိုးကပ်သွားရင်း…
“သီချင်းဆိုတာထက်ပိုပြီး ဝင်ငွေဖြောင့်တဲ့ အလုပ်။ နင်ကြိုက်သလောက်တောင်း… ပေးနိုင်တဲ့ ဂယက်တစ်ခု ငါတွေ့ထားတယ်”
ဆိုပြီး ပြောလိုက်တဲ့ တစ်ခဏတော့ သူမငိုင်သွားပြီး သူ့ကိုစိုက်ကြည့်သည်။ . . .  (Sorry စာအုပ်မှ) 
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေတဲ့ “ဇာတာ” က လေလုံးကြီးသူတွေ သဘောကျလေ့မရှိတဲ့        “ဦးသုဝိ ”ကိုမှ သွားပြီး လေကျွံမိတဲ့အချိန်မှာတော့ သူနဲ့ “ မျက်ဝန်းဖြူ ” ကြားမှာ ဇာတ်လမ်းတစ်ခု စတင်ဖြစ်လာပါတော့တယ်။ အကျင့်စရိုက်ခြင်း လုံးလုံးလျားလျား ကွဲပြားနေတဲ့ သူတို့နှစ်ယောက်ဇာတ်လမ်း.. ဘယ်အချိန်မှာ ဘယ်လိုတွေဖြစ်သွားမှာလဲဆိုတာ ကို ဝန်ဇင်းစာချစ်သူတွေ စိတ်ဝင်စားတယ်ဆိုရင်ဖြင့် ဝယ်ယူဖတ်ရှုပြီးခံစားကြည့်ပေးပါဦးခင်ဗျာ ။

၂။ သစ္စာတရားဘက်တော်သားနှင့်အခြားဆောင်းပါးများ ၊ ခင်နှင်းဦး 
ဒုတိယတစ်အုပ်အနေနဲ့ဝန်ဇင်းစာချစ်သူတွေကို မိတ်ဆက်ပေးချင်တာကတော့ စာရေးဆရာမ ခင်နှင်းဦးရေးသားသော သစ္စာတရားဘက်တော်သားနှင့် အခြားဆောင်းပါးများ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာတော့. . .
လူထုနှင့်နိုင်ငံရေးအနုပညာ ၊ မကျက်တကျက်ပေါင်မုန့်၊ နောက်ဆက်တွဲဇာတ်လမ်း၊ သူဘက်ကကြည့်တော့ခေါင်း ကိုယ့်ဘက်ကကြည့်တော့ပန်း၊ ပညာပေးခြင်းနှင့်အရေးယူဒဏ်ခတ်ခြင်း ၊ သံမဏိကြိုးတစ်ချောင်းပြတ်ပြန်ပြီ ၊ ဗိုလ်ချုပ်ကိုရှက်ပါ အမေကြီးဒေါ်အေးကြည်ကိုရှက်ပါ ၊တို့စတဲ့ ဆောင်းပါးတွေအပါအဝင် အခြား သုတ၊ရသ၊ အတွေးအမြင်ဆောင်းပါးပေါင်းများစွာပါဝင်ပါတယ် ။
"နိုင်ငံခြားတိုင်းပြည်တွေမှာ ဒေါ်အောင်ဆန်းစုကြည်လို တော်တဲ့သူတွေပေါတယ်။ ဒီမှာက တော်တာ၊ ချွန်တာက ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်း ဖြစ်နေတာက အတော်ခက်တာပဲ" ဟူ၏။
ကျွန်မကတော့ သူ့စကားကိုပြန်ဆွေးနွေးပါသည်။ ကျွန်မတို့ တိုင်းပြည်တွင် ဒေါ်အောင်ဆန်း စုကြည်လောက်မတော်လျှင်ပင် ဒေါ်အောင်ဆန်းစုကြည်နီးပါးတော်သူများ များစွာ ရှိကြပါသည်။ ထို့ ပြင် နည်းမှန်လမ်းမှန်ဖြင့် စနစ်တကျ ပြုစုပျိုးထောင်ပေးမည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ တော်သော၊ ထူးချွန်ထက်မြက်သော မြန်မာများအများအပြား ပေါ်ထွက်လာမည် ဖြစ်ပါသည်။
"ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးနှင့်သူရဲကောင်းဝါဒကို လက်ခံနေကြဆဲ မြန်မာများ က ကိုးကွယ်နေကြခြင်းသာ" ဟူသောလူငယ်လေး၏ စကားကိုလည်း ကျွန်မလက်မခံနိုင်ပါ။
ကျွန်မတစ်ဦးတည်း၏ အမြင်သဘောထားကို ပြန်စဉ်းစားပါသည်။ ဒေါ်အောင်ဆန်းစုကြည် သည် မှတ်ကျောက်တင်ခံနိုင်သော ခေါင်းဆောင်ဖြစ်၍ ကျွန်မ လေးစားချစ်ခင်ခြင်းဖြစ်ပါသည်။ ကျွန် မကဲ့သို့ပင် အခြားသူများလည်း ဆန်းစစ်လက်ခံကြခြင်းဟု ယုံကြည်ပါသည်။ (ကျူ(Q) စနစ်မရှိသည့် မြန်မာများနှင့်
ဒေါ်အောင်ဆန်းစုကြည်၏ စာပေဆွေးနွေးပွဲ ဆောင်းပါးမှ) 
ကဲဝန်ဇင်းစာချစ်သူများလည်း စိတ်ဝင်စားရင် ဝတ်ယူဖတ်ရှုအားပေးကြပါဦးနော် ။

၃။ အချစ်သို့တစ်ချက်ငဲ့ကြည့်စဉ် ၊ ဆုမြတ်မွန်မွန်
ပထမဦးဆုံးအနေနဲ့ ဝန်ဇင်းစာချစ်သူတို့ကိုမိတ်ဆက်ပေးချင်တဲ့စာအုပ်ကတော့ ဆုမြတ်မွန်မွန် ရေးသားထားတဲ့ အချစ်သို့တစ်ချက်ငဲ့ကြည့်စဉ်ဆိုတဲ့ဝတ္ထုစာအုပ်လေးပဲဖြစ်ပါတယ်။ဒီစာအုပ်လေးထဲမှာဆိုရင် မိန်းမတွေကိုစိတ်မဝင်စားတဲ့ လူချောလေးတစ်ယောက်ဖြစ်ရုံသာမက မေဂျာKingတစ်ယောက်လည်းဖြစ်တဲ့ အာကာချန်လင်း နဲ့ နိုင့်ထက်စီးနင်းဖြစ်နေတဲ့ကိစ္စရပ်မျိုးကိုလုံးဝ သဘောကျနှစ်သက်ခြင်းမရှိသူ ကောင်မလေး(ရှိန်း) တို့နှစ်ယောက်ရဲ့ ကျောင်းသားဘဝနောက်ကြောင်းခံ ခံစားမှုဝတ္ထုလေးဖြစ်ပါတယ်။ 
မင်းအသက် အခုမှ ငယ်ငယ်လေး ရှိသေးတယ်”
“လက်ဖက်ရည်လည်း ကုန်အောင်သောက်တယ်၊ စကားကိုလည်း ကုန်အောင်ပြောတယ်ကွာ”
သူက ပြောပြောဆိုဆိုဖြင့် လက်ဖက်ရည်တွေကို အကုန်မော့ချပစ်ကာ ရေနွေးကြမ်းသောက်ရန်အတွက် ရေနွေးအပူ နည်းနည်းထည့်၍ ခွက်ကို ကျင်းပစ်လိုက်သည်။ ပြီးလျှင် ဘေးသို့ ဖျတ်ခနဲ့ သွန်ပစ်လိုက်စဉ်မှာ..
“အား.. ပူလိုက်တာ”
“ဟယ်.. ဘာဖြစ်တာလဲ၊ ဟင်.. ရှိန်း၊ နင့်ခြေထောက်”
နောက်ပါးဆီမှ အသံတွေ ကြားသဖြင့် လှည့်ကြည့်လိုက်လျှင် မိန်းကလေးနှစ်ယောက်ကို တွေ့လိုက်ရသည်။ တစ်ယောက်က ဆောင့်ကြောင့်ထိုင်ချကာ ခြေဖပိုးကို ကြည့်နေသည်။ ဘေးက တစ်ယောက်ကတော့ သူ့ကို မော့ကြည့်လိုက်၊ အောက်ကို ငုံ့ကြည့်လိုက်နှင့် ဘာပြောရမှန်းမသိ ဖြစ်နေပုံရသည်။
“ဟေ့ကောင် ချန်လင်း။ မေးဦးလေကွာ၊ မင်းပက်လိုက်တဲ့ ရေနွေးက စင်သွားပုံရတယ်”
ကျွတ်.. စိတ်ပျက်လိုက်တာ။ မိန်းကလေးတွေနဲ့ မပတ်သတ်ချင်ဘူး ဆိုကာမှ ပြဿနာက တေ့တေ့ဆိုင်ဆိုင်ကို ကြုံလာရတာ ဖြစ်လေသည်။
သူက စိတ်မပါသော်လည်း ကိုယ့်ကြောင့် ဖြစ်နေတာ မတ်တတ်ထရပ်လိုက်ရသည်။
“တော်တော်ပူသွားလား”
ဟင်..သေစမ်းတော့။ မေးမဲ့ မေးတော့လည်း သူ့စကားဟာ ရိုက်ပေါက်ဆန်ဆန် ဖြစ်သွားရပြန်သေးသည်။ မိန်းကလေးတွေနှင့် စကားကောင်းကောင်း မပြောဖူးသူမှန်း ပီသစွာ ဘာပြောလို့ ပြောရမှန်းကို မသိချေ။
သို့သော် သူ့မေးခွန်းကြောင့် ဖျတ်ခနဲ မော့်ကြည့်လာသော မျက်နှာတစ်ခုကို မြင်အတွေ့မှာတော့ သူဟာ ပါးစပ် မဟရုံတစ်မယ် အံ့သြသွားခဲ့ရပါသည်။
“ဪ..ရှင်ကိုး” စတဲ့အဲ့ဒီလို အမြီးအမောက် တစ်စက်ကလေးမှမတည့်သူ နှစ်ယောက်ရဲ့ဇာတ်လမ်းဟာ ဘာတွေဆက်ဖြစ်ပြီး ၊ သူတို့က အရမ်းချစ်သွားတဲ့ချစ်သူတွေဖြစ်သွားမလား . . . ဒါမှမဟုတ် ဘာတွေဆက်ဖြစ်မလဲ ဆိုတာကို ဝန်ဇင်းစာချစ်သူတို့သိရအောင် ဝယ်ယူဖတ်ရှုကြည့်လိုက်ကြပါဦးနော်။

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ် ခင်ဗျာ ။ 

ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 




 

 

 

 

Related Posts