ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …

ဝန်ဇင်းစာချစ်သူတွေအနေနဲ့ ဖတ်စရာစာအုပ်ကောင်းတွေကို စဉ်ဆက်မပြတ် ဖတ်ရှုနိုင်အောင်လို့ ကျွန်တော်တို့ ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ နေ့စဉ် စာအုပ်အသစ်တွေ ထွက်ရှိနေပါတယ်။ ဒီနေ့မှာဆိုရင်လည်း ဝန်ဇင်းကနေ အသစ်ထွက်ရှိလာတဲ့ စာအုပ် ( ၃ ) အုပ်ကို စာချစ်သူတွေအတွက် မိတ်ဆက်ဖော်ပြပါရစေ။ အဲ့ဒီစာအုပ်တွေကတော့ ဆရာဦးတင်ဦး ( ကျူရှင် ) မြန်မာပြန်ဆိုတဲ့ “ပါဝဲလ်မူများ”၊ ဂါဦးနွန်းကိုရေးတဲ့ တစ္ဆေစုံထောက်မိန်းကလေးစီးရီးမှ “အဆောင်တစ္ဆေ ဝေလေလေ” နဲ့ ဆရာဒဂုန်ရဲ့ “ဗေဒင်ဆရာရဲ့လွယ်အိတ်” စတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်ခင်ဗျ။ 

( ၁ ) 
ဦးစွာ မိတ်ဆက်ပေးမယ့်စာအုပ်ကတော့ ဆရာဦးတင်ဦး ( ကျူရှင် ) မြန်မာပြန်ဆိုထားတဲ့ “ပါဝဲလ်မူများ” ဆိုတဲ့ စာအုပ်ပါပဲ။ မူရင်းစာအုပ်ကတော့ Oren Harari ရဲ့ “THE POWELL PRINCIPLES - 24 Lesson from Colin Powell Battle – Proven Leader” ဆိုတဲ့စာအုပ်ကို ‘ပါဝဲလ်မူများ’ အဖြစ် မြန်မာပြန်ဆိုထားတာပါ။ အမေရိကန်နိုင်ငံမှာ ပေါ်ပေါက်ခဲ့ဖူးသမျှ  အကောင်းဆုံး ခေါင်းဆောင်များအနက် တစ်ဦးအပါအဝင်ဖြစ်တဲ့ ကောလင်းပါဝဲလ် ( Colin Powell ) ဟာ အမေရိကန် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေကို ဦးဆောင်ညွှန်ကြားရာမှာ အရေးပါ အချက်အချာကျသူ တစ်ဦးလည်းဖြစ်ခဲ့တယ်။ ၁၉၉၃ ခုနှစ်မှာတော့ စစ်တပ်ကနေ အငြိမ်းစားယူခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ သမ္မတဘုရှ် အစိုးရထဲမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်ထားခြင်းခံရသူလည်း ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာတော့ ပါဝဲလ်အနေနဲ့ သူ့ဘဝတစ်လျှောက် ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေး၊ စစ်ရေးအတွေ့အကြုံတွေက ရရှိခဲ့တဲ့ ခေါင်းဆောင်မှုပညာရပ်ဆိုင်ရာ သင်ခန်းစာတွေကို ထုတ်ဖော်တင်ပြထားတာ တွေ့ရမှာပါ။

“စာဖတ်သူသည် စီးပွားရေးလုပ်ငန်းငယ်ကလေး တစ်ခုကို လည်ပတ်လုပ်ကိုင်နေသည်ပဲ ဖြစ်ဖြစ်၊ အမျိုးသားစောင့်တပ်ကြီးကို ကြီးကြပ်အုပ်ချုပ်နေရသည်ပဲဖြစ်ဖြစ်၊ ယခုဖော်ပြမည့် ခေါင်းဆောင်မှု သင်ခန်းစာများက စာဖတ်သူ၏ ခေါင်းဆောင်မှု အရည်အချင်းကောင်းများကို မြှင့်တင်ပေးလိမ့်မည် ဖြစ်သည်။ ထိုသင်ခန်းစာများကို သင် ကြုံနေရသော အခြေအနေတွင် လက်တွေ့ဘယ်ပုံ ကျင့်သုံးသွားရမည်ဟူသော ပညာကိုလည်း ပေးကြပေလိမ့်မည်။” ( စာအုပ်အမှာစာမှ …. ) ဒီစာအုပ်ဟာ ခေါင်းဆောင်မှုပညာကို စိတ်ပါဝင်စား လေ့လာလိုသူ လူငယ်တိုင်းအတွက် ဖတ်ရှုထားသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်လို့ ညွှန်းဆိုပါရစေ။

( ၂ )
ဒုတိယမိတ်ဆက်မယ့် စာအုပ်ကတော့ ဂါဦးနွန်းကိုရေးတဲ့ တစ္ဆေစုံထောက်မိန်းကလေးစီးရီးမှ အပိုင်း ( က )၊ အခန်း ( ၄ ) ဖြစ်တဲ့ “အဆောင်တစ္ဆေ ဝေလေလေ” ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်ခင်ဗျ။ ဂါဦးနွန်းကိုရဲ့ ပင်ကိုရေးဝတ္ထုတွေအဖြစ် ရှေ့မှာ ထွက်ရှိထားတဲ့ သေမင်းနှုတ်ခမ်းဝမှ ပြေးထွက်လာသူ၊ စောင့်ကြည့်နေသူများ၊ လိမ်လိုသူခမျာ လိမ်ပါစေ စတဲ့ စာအုပ်တွေရဲ့ အဆက်ဆိုလည်း မမှားပါဘူး။ 

သွန်းဆက်၊ ဆွေဆွေလင်းနဲ့ ဘုန်းအောင်ဖြိုးတို့ လူငယ်သုံးယောက် … ပန်းခြံကြီးတစ်ခုရဲ့ တစ်နေရာမှာ ဆေးသုံးနေတာကို သိရှိပြီး ရဲနဲ့ လုံခြုံရေးတွေ လိုက်ဖမ်းလို့ ထွက်ပြေးကြတဲ့ ဖြစ်စဉ်နဲ့ ဇာတ်လမ်းကို စတင်ထားတယ်။ သူတို့ သုံးဦးသား ပြေးရင်းလွှားရင်းနဲ့ တစ်နေရာရောက်တော့ စိုင်နဲ့သမင်အုပ်တို့နဲ့ ပက်ပင်းတိုးမိသွားကြတယ်။ အုပ်စုလိုက် ဒုန်းစိုင်းပြေးလာတဲ့ သမင်တွေနဲ့ စိုင် အုပ်ကြီးဟာ သူတို့သုံးဦးကို ဝင်တိုက်သွားပေမယ့် အမှန်တော့ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ဖောက်ထွင်းကျော်ဖြတ်သွားတာပဲ ဖြစ်တယ်။ ဒီ့နောက်တော့ သူတို့သုံးဦးသား ဆက်လက် ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေဟာ စိတ်လှုပ်ရှား၊ ခြောက်ခြားဖွယ်ရာပဲ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာတော့တယ်။ ကာယကံရှင်သုံးဦးက သူတို့ကိုယ်တိုင် ဘာဖြစ်မှန်း မသိကြပေမဲ့ သူတို့ဖြစ်စဉ်တွေကို အိပ်မက်ထဲကတစ်ဆင့် မြင်တွေ့လိုက်ရသူက နှင်းဖြူဖြူ ဆိုတဲ့ကောင်မလေး ….

“အဆောင်သို့ ပထမဆုံး ပြောင်းရွှေ့သည့်နေ့ည၌ မြင်မက်သည့် အိပ်မက်က တက္ကသိုလ်၏ အငွေ့အသက်တို့ လွှမ်းခြုံ စိုးမိုးလျက်ရှိသည့် ကြည်နူးပျော်မြူးချင်စဖွယ် စိတ်ကူးယဉ်အိပ်မက်မျိုး မဟုတ်ဘဲ စိတ်တုန်လှုပ်ခြောက်ခြားဖွယ်ရာ တစ္ဆေအိပ်မက်တစ်ပုဒ် … နောက်ပြီး ပဟေဠိများကလည်း ပတ်လည်ဝိုင်းလျက်သား။ စဉ်းစားစရာက တစ္ဆေက ထိုသုံးယောက်လား ဒါမှမဟုတ် စိုင်သမင်တွေလား၊ နောက်တစ်ကွက်ကျ ပုံတူနှစ်ကိုယ်ကွဲဇာတ်ရုပ်က စိတ်ရှုပ်ချင်စရာ” 

နှင်းဖြူဖြူနဲ့ သူမရဲ့ အိပ်မက်ထဲက လူငယ်သုံးယောက်တို့ကြားက ဆက်နွယ်မှု ဘယ်လိုတည်ရှိနေတာလဲ၊ နှင်းဖြူဖြူက အိပ်မက်သက်သက်အဖြစ် မြင်မက်တာလား၊ အခြားတစ်ဖက်မှာ တကယ်ဖြစ်နေတဲ့ အရာတွေကို အိပ်မက်အဖြစ် မြင်ရတာလားဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းလှတဲ့အတွက် စာချစ်သူများ ဆက်လက်ဖတ်ရှုကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

( ၃ ) 
နောက်ဆုံးမိတ်ဆက်ပေးမယ့် စာအုပ်ကတော့ ဆရာဒဂုန်ရဲ့ “ဗေဒင်ဆရာရဲ့လွယ်အိတ်” ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ဗေဒင်ဆရာရဲ့လွယ်အိတ် စာအုပ်အမှတ် ( ၉ ) ပဲ ဖြစ်ပြီး “လက်တစ်ကမ်းမှာရှိတဲ့ ဗေဒင်ပညာများ ခင်ဗျားလွယ်အိတ်ထဲ ရောက်သွားပြီ” လို့ ဆရာဒဂုန်က ဆိုထားပါတယ်။ 

နေမကောင်းရင် ဘယ်လိုလုပ်ရမလဲ၊ ဂြိုဟ်ပြေနံပြေ၊ မဟာဘုတ်ယတြာ၊ ဂြိုဟ်အိပ်ဂြိုဟ်စားအတွက် ယတြာတွေ၊ မဟာဘုတ်အကြွင်းတွေအတွက် သီးသန့်ပြုလုပ်ရမယ့် အစီအရင်၊ ကံပွင့်ဖို့ ဘယ်လို ကံဖွင့်မလဲ၊ နေ့သားအလိုက် ဆောင်ရန်ရှောင်ရန်တွေ၊ နိမိတ်၊ ဂါထာ၊ မန္တန်၊ အဟောပညာရပ် … စတဲ့ လောကီပညာရပ်ဆိုင်ရာ အကြောင်းအရာစုံပါဝင်လို့ ဗေဒင်ဝါသနာပါသူတွေအဖို့ အိမ်တိုင်းဆောင်ထားရမယ့် စာအုပ်လည်း ဖြစ်ပါတယ်။

ကဲ .. ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်တွေကို ဝန်ဇင်းမှာ ခုပဲ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။
ဖတ်ရှုချင်တဲ့ သူငယ်ချင်းတွေလည်း ရှိနေတာမို့ ပြန်မျှဝေ ( Share ) ပေးဖို့လည်း မမေ့ပါနဲ့ဦးခင်ဗျ။
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။ 

ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော် …
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... ။


Related Posts