ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ … 

အတာသင်္ကြန်ကာလလည်း လွန်မြောက်ခဲ့ပြီဆိုတော့ ဝန်ဇင်းစာချစ်သူတွေ စာအုပ်ပြန်ကိုင်ဖို့ အချိန်ပေးကြတော့မယ် ထင်ရဲ့ဗျ။ ဒါကြောင့် စာချစ်သူများအတွက် ကျွန်တော်တို့ ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ ထွက်ရှိလာတဲ့ စာအုပ်ကောင်းတစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေခင်ဗျ။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာကြီး ဆရာမြသန်းတင့်ရဲ့ “လွမ်းမောဖွယ် ကမ္ဘောဇ သို့မဟုတ် သံလွင်၊ ဒုဋ္ဌဝတီ၊ ရွှေလီရုပ်ပုံလွှာ” ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်ခင်ဗျ။ 

စာရေးဆရာ မြသန်းတင့်ဟာ စာမျိုးစုံရေးသားမှုမှာ ဘက်စုံ ဂုဏ်ထူးထွက်သူပါ။ ဘာသာပြန်၊ ပင်ကိုယ်ရေး ဝတ္ထုတို၊ ရှည်၊ ကဗျာ၊ ဆောင်းပါး အစုံရေးတဲ့အပြင် ခရီးသွားဆောင်းပါး ရေးတဲ့နေရာမှာလည်း ဆရာတစ်ဆူပါ။ ဒီစာအုပ် လွမ်းမောဖွယ်ကမ္ဘောဇဟာ ဆရာမြရေးခဲ့တဲ့ ခရီးသွားဆောင်းပါး စာအုပ်ကောင်းများထဲက တစ်အုပ်ပါပဲ။ 

"ခရီးသွားသည့် အရသာသည် ရှုခင်းမြင်ကွင်းအသစ်များ၊ မျက်နှာများ၊ အသွေးအရောင်များ၊ ဓလေ့ထုံးစံများ၊ ရာသီဥတုအပြောင်းအလဲများ၊ အစားအသောက်များ၊ ဗိသုကာဖွဲ့စည်းမှု စသည့် အနုပညာများကို စူးစမ်းလေ့လာ အရသာခံခြင်းဖြစ်ပါသည်" ( မြသန်းတင့် )

ခရီးသွားသည့် အရသာကို အထက်ပါအတိုင်း ဖွင့်ဆိုတဲ့ မြသန်းတင့်ရဲ့ ရှမ်းပြည်နယ်အပေါ် မြင်တဲ့ အမြင်က "ရှမ်းပြည်နယ်တွင် ခရီးသွားရခြင်းသည် ဘယ်တော့မှ ရိုးအီသွားခြင်းမရှိ၊ ရှုခင်းသည် အသစ်အသစ်ပြောင်းနေသည်။ အံ့ဩဖွယ်တို့သည် အသစ်အသစ်ဖြစ်နေသည်" တဲ့။ အရမ်းကို လှပတဲ့ အမြင်လေးပါပဲ။

ခု ဆရာမြ သွားရောက် လေ့လာ လည်ပတ်ခဲ့ပြီး အရှိကို အရှိအတိုင်း ရိုးရိုးရှင်းရှင်း ရေးထားတဲ့ ရှမ်းပြည်နယ် ခရီးသွားဆောင်းပါးတွေကို ဖတ်ရှုရင်း ကျွန်တော်တို့ ရှမ်းပြည်နယ်ကို အလည်တစ်ခေါက် သွားကြရအောင်လားဗျာ။ ဒီနေရာမှာ ပြောစရာရှိတာက တကယ်ကောင်းမွန်တဲ့ခရီးသွားစာပေဆိုတာ ဖတ်ရှုတဲ့သူကို မျက်စိထဲ သူရေးပြတာကို မြင်ယောင်လာအောင် ရေးဖွဲ့နိုင်ရမယ်ဆိုတာပါပဲ။ ခရီးလမ်းကြမ်းတဲ့အကြောင်းရေးဖွဲ့ရင် ဖတ်သူအနေနဲ့ပါ လမ်းကြမ်းတဲ့ ဒုက္ခကို ခံစားနေမိမယ်။ မြို့တစ်မြို့ရဲ့အစားအသောက်ကောင်းတယ် ဆိုတာကိုရေးပြရင် ဖတ်သူအနေနဲ့ တကယ်စားချင်လာမယ်။ ဒီလို အရေးအဖွဲ့မျိုးဟာဖြင့် တကယ်ကောင်းမွန်တဲ့ ခရီးသွားစာပေလို့ သတ်မှတ်ရမှပဲ ဖြစ်တယ်။ လွမ်းမောဖွယ်ကမ္ဘောဇစာအုပ်ဟာဖြင့် တကယ့်ကို ကောင်းမွန်တဲ့ ခရီးသွားစာပေတန်းဝင် ဖတ်လို့အရမ်းကောင်းတဲ့ စာအုပ်တစ်အုပ်ဆိုတာ အသေအချာပါပဲ။

ဒီစာအုပ်မှာ ဆရာမြဟာ ရှမ်းပြည်မြောက်ပိုင်းကို သွားတာတစ်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်းကို သွားတာတစ်ပိုင်း ခရီးစဉ် (၂) ခုကို ရေးထားတာ ဖတ်ရပါမယ်။ မြောက်ပိုင်းခရီးစဉ်ဟာ ကမ္ဘောဇခင်လှိုင်ရဲ့ ဖိတ်ကြားမှုကနေ တဆင့် ရှမ်းမြောက်တခွင် ဆရာမြနဲ့အတူ အောင်သင်း၊ ချစ်ဦးညိုနဲ့ ကာတွန်းမြေဇာတို့ အဖွဲ့ စာပေဟောပြောပွဲတွေ လှည့်လည်ဟောရင်း လေ့လာရေး ခရီးထွက်ကြတဲ့ အစီအစဉ်ပါပဲ။ ဆရာမြနဲ့ အဖွဲ့ဟာ ကမ္ဘောဇခင်လှိုင်ရှိရာ လားရှိုးကို အရင်ဆုံးသွား၊ အဲ့ဒီကနေ နမ္မတူကို သွားကြပါတယ်။ နမ္မတူမှာ စားတဲ့ ရှမ်းခေါက်ဆွဲနဲ့ တို့ဟူးကြော်ကို စာဖတ်သူကိုယ်တိုင် စားချင်စဖွယ်ရေးပြထားတာ ဖတ်ရင်း အရသာရှိလှပါတယ်။ နမ္မတူမှာ စာပေဟောပြောပြီးတော့ ဘော်တွင်းကို ထရော်လီနဲ့ စီးသွားရတဲ့အကြောင်း ဖတ်ရတော့ ဖတ်နေရင်းဆရာတို့လို ထရော်လီစီးပြီး ဘော်တွင်းသွားချင်မိပါရော။ ဘော်တွင်းက သတ္ထုမိုင်းတွင်းထဲက အလုပ်သမားလေးတွေနဲ့ ဆုံပြီးအလုပ်သမားလေးတွေရဲ့ လက်ရေးစာစောင်ထဲက ကဗျာ၊စာတွေကို ကောက်နှုတ်ပြတော့ စာဖတ်သူပါ အဲ့ဒီိ တောင်ထိပ်ပန်းလက်ရေးစာစောင်ကို ဖတ်ချင်လာပါတယ်။ ကျောက်မဲက စခန်းသာဟော်တယ်​ကို ရေးပြထားတာလည်း သွားကြည့်ချင်စိတ်ပေါ်လာပါတယ်။ သီပေါ ဘော်ကြိုဘုရားအကြောင်း ဆရာမြရေးတာ ဖတ်ရတော့ ဖူးချင်မိပါရောလေ။ လားရှိုး ရေပူစမ်းကအပြန် နံနက်စာဝင်စားတဲ့ဆိုင်က ငုတ်တုတ်ဆိုင်တဲ့။ နာမည်ပေးတတ်ပုံလေးက ချစ်စရာ၊ ခွေးခြေခုံပုလေးတွေမှာ ထိုင်ပြီး စားပွဲပုလေးတွေနဲ့ငုတ်တုတ် ထိုင်စားရတာမို့ ငုတ်တုတ်ဆိုင်လို့ အမည်တွင်ပါသတဲ့။ ရှမ်းပြည်မြောက်ပိုင်းက မုန်ညင်းကို အဓိကထား စားပြီး တောင်ပိုင်းက ပဲပုပ်ကို အဓိကထား စားသည်ကို တွေ့ရတယ်ဆိုတဲ့ သုံးသပ်ချက်လေးက ဗဟုသုတရစရာပါပဲ။ 

သိန္နီမှာ ထမင်းစားတော့လည်း သိန်းဖေမြင့်ရေးခဲ့တဲ့ အရှေ့မြောက်တိုင်းတစ်ခွင်ထဲက အဲနွေးတို့ဆိုင်မှာ စားရင်း အဲနွေး ဘယ်သူလဲ လိုက်ခန့်မှန်းတာကိုဖတ်ရတဲ့ ကိုယ်ပါ ရောက်သွားသလို ဖြစ်ရပါတယ်။ ကွတ်ခိုင်ကို အမေရိကန်ရုပ်ရှင်တွေထဲက ကောင်းဘွိုင်မြို့နဲ့တူသည်ဆိုတဲ့ မှတ်ချက်လေးက ချစ်စရာကောင်းလှပါတယ်။ လားရှိုးနဲ့ မိုင် (၇၀) ဝေးပြီး သွားရခက်တဲ့ နမ့်ဆန်မြို့လေးအကြောင်းကလည်း ဖတ်ပြီး သွားလည်ချင်၊ နမ့်ဆန်က ဆရာမြတို့ သောက်ခဲ့တယ်ဆိုတဲ့ လက်ဖက်ရည်အကောင်းစားကို ဖတ်ရင်း လျှာလည်မိ၊ ပြီးတော့ နာမည်ကြီး လက်ဖက်ဖြစ်တဲ့ ဇယန်းလက်ဖက်၊ ဇယန်းလက်ဖက်လို့ ဘာလို့ခေါ်သလဲ ဒီစာအုပ်ဖတ်မှ နားလည်ရပါတော့တယ်။ နမ့်ဆန်ကနေ လားရှိုးပြန်လာပြီး အရှေ့မြောက်ဘက် ထပ်သွား ကွန်လုံရောက်။

ကွန်လုံမှ လားရှိုးပြန်ရောက်လာကြ။ ထိုမှတဖန် ရန်ကုန်မပြန်သေးပဲ ခရီးရှည်ချီတက်ပွဲ နာမည်သတ်မှတ်ပြီး လားရှိုးမှ မူဆယ်၊နမ့်ခမ်းထိ ဆက်သွားကြပါသေးတယ်။ မူဆယ်၊ ရွှေလီ၊ နမ့်ခမ်းခရီးစဉ်အကြောင်းဟာ စိတ်ဝင်စားဖွယ်၊ ဗဟုသုတရစရာ အများအပြားဖြင့် ဖတ်ရမည်ဖြစ်ပြီး ထိုခရီးစဉ်ဟာ ဆရာမြတို့ ရှမ်းပြည်မြောက်ပိုင်းခရီးစဉ်ရဲ့ နောက်ဆုံးခရီးစဉ်ဖြစ်ပါတယ်။

အပိုင်း(ခ) အဖြစ် မောင်သာနိုးနဲ့ ကလောကို အခြေပြုပြီး သွားတဲ့ ရှမ်းပြည်တောင်ပိုင်း ခရီးစဉ်ကိုလည်း စိတ်ဝင်းစားဖွယ် အကြောင်းအရာများကို ဖတ်ရမှာပါ။ မြောက်ပိုင်းခရီးစဉ်ကဲ့သို့ ဗဟုသုတရဖွယ် အများအပြား ပါဝင်ပါတယ်။ 

ဖတ်စေချင်ပါတယ်။ ကိုယ်တိုင် မသွားရောက်ဖူးသူများအနေနဲ့ ဆရာမြရေးထားတာကို ဖတ်ပြီး အရသာခံနိုင်မှာ ဖြစ်သလိုသွားရောက်ဖူးသူများအနေနဲ့လည်း ကိုယ်သွားခဲ့စဉ်က မြင်ခဲ့၊ သိခဲ့တာတွေနဲ့ ဆရာမြရဲ့ အမြင် ဘာတွေတူလဲ၊ ကွဲပြားလဲဆိုတာ သိလာစေမှာမို့ပါ။ 

ကဲ … ဒီလိုဆိုရင် အခုမိတ်ဆက်လိုက်တဲ့ ဆရာကြီး မြသန်းတင့်ရဲ့ ခရီးသွားစာပေလက်ရာကို ဖတ်ရှုခံစားဖို့အတွက် ဒီစာအုပ်ကို ဝန်ဇင်းမှာ ခုပဲ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားဗျာ။ ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့ပါနဲ့ဦးခင်ဗျ ... ????

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 





Related Posts