ထုတ်ဝေသူ ၁၇ ဦးက ငြင်းပယ်ခဲ့သူ စာရေးဆရာ ပေါလ်အော်စတာ ...


ထုတ်ဝေသူ ၁၇ ဦး၏ ငြင်းပယ်မှုကို ခံခဲ့ရသူ စာရေးဆရာ ပေါလ်အော်စတာအကြောင်း

New York ရှိ ထုတ်ဝေသူ ၁၇ ဦးတိတိ ငြင်းပယ်မှုကို ခံရပြီးနောက် The New York Trilogy ၏ ပထမအတွဲ City of Glass ကို San Francisco ရှိ Sum and Moon ပုံနှိပ်တိုက်မှ ၁၉၈၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ထို့နောက် ကျန်နှစ်တွဲဖြစ်သည့် Ghosts နှင့် The Locked Room တို့ကို နောက်တစ်နှစ်အကြာတွင် ဆက်တိုက် ထုတ်ဝေခဲ့သည်။ ထိုအချိန်တွင် အသက် ၃၈ နှစ် ရှိခဲ့ပြီဖြစ်သည့် Paul Auster သည် သည့်မတိုင်ခင်ကတည်းက စာပေ သုံးသပ်ချက်များ၊ ဘာသာပြန်ဆိုခြင်းများကို အမြဲမပြတ် ရေးသားခဲ့သူ ဖြစ်သည်။ စကားပြေကဗျာ White Spaces ကို ၁၉၈၀ တွင် ထုတ်ဝေခဲ့ဖူးသည်။ သို့သော် ဤသုံးအုပ်တွဲ ဝတ္ထုကျမှပဲ သူ၏ စာပေလမ်းကြောင်းကို အမှန်တကယ် စတင်နိုင်ခဲ့သည်။ 

Auster သည် သူ၏ ပုံနှိပ်မခံရခင် နှစ်ကာလများအကြောင်းကို Hand to Mouth; A Chronicle of Early Failure (1997) တွင် ရေးသားခဲ့သည်။ ၆၀ နှစ်ကာလများ နှောင်းပိုင်းတွင် သူသည် Columbia တက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး Paris တွင် ချို့ချို့တဲ့တဲ့ ဘာသာပြန်ဆရာတစ်ယောက် အဖြစ် ပြောင်းရွှေ့အခြေမချခင် ရေနံတင် သင်္ဘောတစ်စင်းတွင် လအနည်းငယ် ဝင်လုပ်ခဲ့ဖူးသေးသည်။ သူသည် သူ၏ ပထမဇနီး စာရေးဆရာမ Lydia Davis နှင့်အတူ Little Hand မဂ္ဂဇင်းကို စတင်ထုတ်ဝေခဲ့ပြီး စာအုပ်ထုတ်ဝေရေး လုပ်ငန်းကိုလည်း ဤအမည်နှင့်ပင် ထူထောင်ခဲ့သည်။ 

၁၉၇၂ ခုနှစ်တွင် သူ၏ ပထမဆုံး ဘာသာပြန်ကဗျာပေါင်းချုပ် A Little Anthology of Surrealist Poems ကို ထုတ်ဝေခဲ့သည်။ ၁၉၇၄ တွင် New York သို့ ပြန်လာခဲ့ပြီး သူတီထွင်ထားသည့် ဘေ့စ်ဘော ကဒ်ဂိမ်း ရောင်းချသည့် လုပ်ငန်းတစ်ခုကို စွန့်စားလုပ်ကိုင်ကြည့်သည်။ ၁၉၈၂ တွင် သူ၏ ပထမဆုံး စကားပြေစာအုပ် The Invention of Solitude ကို ထုတ်ဝေခဲ့သည်။ ယင်းစာအုပ်မှာ သူ့ဖခင်ဆုံးပြီး မကြာမီရေးသားခဲ့သော အမှတ်တရများနှင့် ဖခင်ဘဝကို စေ့ငုခြင်းအကြောင်းများ ဖြစ်သည်။

Auster သည် သုံးအုပ်တွဲ ဝတ္ထုကြီးကို ရေးသားပြီးသည့်နောက် တစ်နှစ်တစ်အုပ် မှန်မှန် ထုတ်ဝေနိုင်ခဲ့သည်။ ၁၉၈၇ တွင် In The Country of Last Things ဝတ္ထု ပေါ်ထွက်ခဲ့ပြီး အခြားဝတ္ထုများဖြစ်သည့် Moon Palace ကို ၁၉၈၉ တွင် လည်းကောင်း၊ The Music of Chance ကို ၁၉၉၀ တွင်လည်းကောင်း၊ Leviathan ကို ၁၉၉၂ တွင် လည်းကောင်း၊ The Book of Illusions ကို ၂၀၀၂ တွင် လည်းကောင်း ဆက်တိုက် ထုတ်ဝေနိုင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ပြင်သစ်အစိုးရမှ ချီးမြှင့်သော စာပေနှင့် အနုပညာ သူရဲကောင်းမှူးမတ်အဖြစ် ခန့်အပ်ခံရသည် (၁၉၉၇ တွင် အရာရှိအဖြစ် တိုးမြှင့်ခြင်းခံလိုက်ရသည်)။

Auster ၏ အနုပညာအလုပ်များမှာ မှတ်သားဖွယ်ရာ စုံလင်လှသည်။ ဝတ္ထု၊ အက်ဆေး၊ ဘာသာပြန်၊ ကဗျာ၊ ပြဇာတ်၊ သီချင်းနှင့် (Sophie Calle နှင့် Sam Messer အပါအဝင်) ပန်းချီဆရာများနှင့် ပူးပေါင်း အနုပညာလုပ်ဆောင်မှုများလည်း ပါဝင်ခဲ့သည်။ သူသည် Smoke (1995), Blue in the Face (1995), Lulu on the Bridge (1998) စသည့် ဇတ်ညွှန်းသုံးခုကို ကိုယ်တိုင်ရေးသားကာ ကိုယ်တိုင် ရိုက်ကူးခဲ့သည်။ သူ၏ ၉ အုပ်မြောက်ဝတ္ထု Oracle Night ကို ယခုနှစ်အတွင်း ထုတ်ဝေဖို့ရာ ရှိနေခဲ့သည်။ 

ဒီနိုဗို

။	။ အခုဖော်ပြခဲ့တဲ့ အကြောင်းအရာကို စာရေးဆရာ ဒီနိုဗိုရဲ့ ‘သြဇာကြီးမား စာရေးဆရာများနှင့် စကားပြောခြင်း’ စာအုပ်ထဲမှ ကောက်နုတ်ထားတာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ကို ဖတ်ချင်တယ်ဆိုရင် လွယ်ကူစွာပဲ၊ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်ခင်ဗျ။ 

ဆရာဒီနိုဗို မြန်မာပြန်ထားသော ပေါလ်အော်စတာရဲ့ စာအုပ်များကို ဝန်ဇင်းတွင် ဝယ်ယူဖတ်ရှုနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

Related Posts