ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ ...

ဒီနေ့မှာ ဝန်ဇင်းစာချစ်သူ ပရိသတ်ကြီးအတွက် ယနေ့ထွက် စာအုပ်များကဏ္ဍကနေ မိတ်ဆက် တင်ပြလိုတဲ့ စာအုပ်တွေကတော့ စာရေးဆရာမ ကလျာရဲ့ "ဝင်ကစွပ်ကောင်လိုလူ"၊ ခူးခူးရဲ့ "အချစ်စစ်ကိုသာ သက်သေပြုပါ၏" နဲ့ သျှင်တေဇမာလာ ( နဂါးပေါ် ) ရဲ့ "ဘဝကကြိုးပေါ်မှာ" စတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်ခင်ဗျ။ 

( ၁ ) 
ဦးစွာ စာရေးဆရာမ ကလျာရဲ့ "ဝင်ကစွပ်ကောင်လိုလူ" စာအုပ်နဲ့ မိတ်ဆက်ပေးပါရစေ။ 

မြန်မာ့ပင်လယ်ကမ်းရိုးတန်းသွား သင်္ဘောကြီးနဲ့အတူ သားအဖနှစ်ယောက်တည်း ခရီးထွက်လာတဲ့ ချစ်ဖူးငုံ၊ ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ မောင်းတောကို တာဝန်အရပြောင်းလာတဲ့ လဝကဝန်ထမ်း ဦးလှစိုးချစ်ဟာ သူမရဲ့ ဖေဖေ။ ရမ္မာဝတီဆိုသော ရမ်းဗြဲကျွန်း၊ မေဃဝတီဆိုသော မာန်အောင်ကျွန်း၊ ဒွါရဝတီဆိုသော သံတွဲနဲ့ ဓညဝတီဆိုတဲ့ စစ်တွေမြို့တွေ ပေါင်းဆုံတဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ကြတဲ့ ခရီးလမ်းမှာ မြစ်ထဲလက်ပစ်ကူးတလှည့် မျောပါတလှည့် ဒုက္ခရောက်လာတဲ့ လူငယ်ကို ကယ်ပြီးတဲ့နောက်မှာတော့ ... ဒီဝတ္ထုတစ်ခုလုံးဟာ သူ့အပေါ်မှာ အခြေပြုပြီး လှုပ်ရှားသွားတာကို စိတ်ဝင်တစား ဖတ်ရှုရမှာပါ။

ကြုံစဖူး - မြင်ဖူးမှ ယုံစဖွယ်
ဖြူနီဝါပြာ တစ်စုနှင့်
ခရုထွေလာဆန်း
ကမ်းကွေ့ပတ်လည်
ရွှေမင်တံ သံပခြုပ်နှင့်
ဟန်ရုပ်ပြသွယ်သွယ်
နတ်မယ်လျဆံထိုး
"ဝင်ကစွပ်"
မြင်စွတ်ကကြည်ဖို့ရာ
ဟိုသို့လာ - သည်သို့သွားနှင့်
အငှါးခန္ဓာမြှောင်ရတယ်
ဆန်းခေါင်ထိမျိုး ... ဆိုပြီး စာဆိုဦးကြင်ဥရဲ့ ကဗျာကို စာရေးသူက ဝတ္ထုရဲ့ ဦးဆုံးစာမျက်နှာမှာ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။ ဒီကဗျာနဲ့ ဝတ္ထု ဘယ်လိုဆက်နွယ်မှုရှိလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ 

ရခိုင်ပြည်နယ်ဆိုင်ရာ သမိုင်းမှတ်တမ်းများကို နောက်ခံထား ဖော်ပြမှုများ ပါဝင်တဲ့ ဒီစာအုပ်ဟာ စာဖတ်သူအတွက် ပျင်းစရာကောင်းမှာ မဟုတ်ဘူးလို့ ပြောပါရစေ။ သားအဖနှစ်ယောက်ကယ်လိုက်တဲ့ လူငယ်ရဲ့ အတိတ်မေ့မှုကနေ အချစ်၊ အလွမ်း၊ မျက်ရည်နဲ့ ပျော်ရွှင်မှုတွေကို ပေါ်ပေါက်စေခဲ့တယ်၊ စာချစ်သူများအတွက်  ဘယ်နည်းဘယ်ပုံ ရသမျိုး ခံစားရမလဲဆိုတာသိရအောင် ဖတ်ရှုကြည့်ကြပါလို့ တိုက်တွန်းပါတယ်။ 

( ၂ ) 
ဒုတိယမိတ်ဆက်ပေးလိုတဲ့ ခူးခူးရဲ့ လုံးချင်းဝတ္ထုသစ်ဖြစ်တဲ့ "အချစ်စစ်ကိုသာသက်သေပြုပါ၏" ဆိုတဲ့ စာအုပ်ကတော့ အချစ်အမုန်း၊ မာနနဲ့အတ္တတွေကို ရောထွေးပြီး ဇာတ်ကောင်စရိုက်ကို ခပ်သွက်သွက် ပုံဖော်ထားတဲ့ အရေးအသားတွေကို စာဖတ်သူများ ဖတ်ရှုရမှာပါ။ ဇာတ်အိမ်မကြီးမားသော်လည်း အဓိကဇာတ်ကောင်ဖြစ်ကြတဲ့ နှိုင်းရမေမေ နဲ့ သားကိုကို တို့ကြားက ဆန့်ကျင်ဘက် အကြောင်းအရင်းတွေကတော့ ထွေပြားလှပါတယ်။ 

နာမည်ကြီးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ သားကိုကိုဟာ နှိုင်းရမေမေရဲ့ Secretary တစ်ယောက်၊ အသက်လေးလမျှသာကြီးတဲ့ နှိုင်းရမေမေနဲ့ သူ့ရဲ့ ဆက်ဆံရေးဟာ ... 

[ Secretary ဆိုသောရာထူးကို လုပ်ကိုင်သူအများစုက မိန်းကလေးပင်ဖြစ်၏။ ထို့ကြောင့် secretary လုပ်ရသည်ကိုလည်း သူ လွန်စွာမုန်းပါ၏။ သူလုပ်ချင်သည်က manager .. သို့သော် လက်ရှိတော့ သူမ၏ secretary လုပ်နေသည်မှာ သုံးနှစ်ပင် ပြည့်တော့ပေမည်။ 
"သားရယ်၊ မင်းကလူတော်ပါ၊ တစ်ချိန်ချိန်တော့ မင်းဖြစ်ချင်တဲ့ manager ရာထူးကို ရနိုင်ပါတယ်"
ဆရာကြီးလေသံနှင့် ပြောတတ်သူက နှိုင်းရမေမေ၊ သူ့ကို သူမက သားတဲ့။ 
"ငါက မင်းထက် အသက်ကြီးတော့ ငါ့ကို မေမေခေါ်ပေါ့။ ငါကတော့ မင်းနာမည် အပြည့်အစုံခေါ်ရတာ အာညောင်းလို့ သားလို့ပဲခေါ်မယ်။ သေချာတာကတော့ ငါ့ကို ရိုရိုသေသေဆက်ဆံတာပဲ ငါကြိုက်တယ်" ] ... ဒီလို မာနကိုယ်စီနှင့် လူနှစ်ဦးကြား အချစ်က ဘယ်သို့ဘယ်ပုံ ပေါက်ဖွားနိုင်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာပါ။ 

( ၃ ) 
နောက်ဆုံး တင်ပြချင်တာကတော့ ခေတ်စမ်းအတ္ထုပ္ပတ္တိ ဝတ္ထုရှည်လို့ အမျိုးအစားခွဲပေးထားတဲ့ သျှင်တေဇမာလာ ( နဂါးပေါ် ) ရေးသားသော "ဘဝကကြိုးပေါ်မှာ" ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ စာရေးသူ သျှင်တေဇမာလာဟာ ကျောက်ကုန်းတောရ မေဒိနီစာသင်တိုက် နာယကစာရင်းဝင် ရတနာမြင့်ကျောင်းဆောင်မှ အရှင်စန္ဒောဘာသရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ဆရာတော်ကြီးတွေရဲ့မှတ်သားဖွယ်ရာ သြဝါဒတွေ၊ သာသနာရေးဆုံးမစာတွေနဲ့ ထုံမွမ်းပြီး ခေတ်စမ်းဝတ္ထုရှည်ကြီးအဖြစ် ဖန်တီးထားတယ်လို့ ဆိုပါတယ်။ 

အရှင်စန္ဒောဘာသဖြစ်လာမယ့် မောင်ဇော်မင်းရဲ့ အမေဟာ မီးတွင်းမှာပဲ ဆုံးတယ်၊ ကလေးကြောင့် ဇနီးသေရတယ်ဆိုတဲ့အစွဲနဲ့ အဝေးထွက်သွားတဲ့ ဖခင်ဖြစ်သူလည်း ကာလမကြာမီ နှစ်ပိုင်းအတွင်း ဆုံးပြန်တယ်။ ဒီလို လူ့ဘဝကို မျက်လုံးဖွင့် စရောက်ကတည်းက လောကဓံနဲ့ ရင်ဆိုင်ရတဲ့ မောင်ဇော်မင်းဘဝကနေ သာသန ဇေဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ နာယကဆရာတော် အရှင်စန္ဒောဘာသအဖြစ် ရောက်ရှိလာပုံ ဘဝကောက်ကြောင်းကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ 

[ ဤ အတ္ထုပ္ပတ္တိတွင် သာမန်ရဟန်းတော်တစ်ပါး၏ အတ္ထုပ္ပတ္တိ ဖြစ်ခြင်းကြောင့်လည်းကောင်း၊ အကျော်အမော် ပုဂ္ဂိုလ်ကြီးများကဲ့သို့ မဟုတ်ခြင်းကြောင့်လည်းကောင်း၊ ဤအပြင် အတ္ထုပ္ပတ္တိ၏ ဇာတ်လမ်းကျောရိုးသည် သာမန် သူလိုငါလိုထဲတွင် နွယ်ယှက်နေခြင်းကြောင့်လည်းကောင်း၊ ယင်းသို့သော အကြောင်းများဖြစ်နေ၍ စာဖတ်သူ၏ စိတ်ပါဝင်စားမှု အားနည်းသွားမည် စိုးသောကြောင့် လည်းကောင်း၊ ဇာတ်လမ်းနှင့် ကျောရိုးအတိုင်းရေးလျှင် ဖတ်ရသည်မှာ ပေါ့ပျက်ပျက် ဖြစ်နေမည်စိုးသောကြောင့် လည်းကောင်း၊ အစာသွတ်သော အနေအားဖြင့် ကျမ်းကိုးများ အလင်္ကာများ အတွေးအမြင်များကို အံဝင်အောင် အသုံးပြုထားလိုက်ရပေသည်။ ] ( သျှင်တေဇမာလာ ) 

ကဲ .. ဒီလိုဆိုရင် ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်လေးတွေကို ဝယ်ယူ ဖတ်ရှုလိုက်ရအောင်လား ခင်ဗျာ ...
ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့နဲ့ဦးနော် ... ????

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 












Related Posts