ယနေ့အတွက် ဖတ်စရာကဏ္ဍ


“လူနာဟာ ဆရာဝန်ဆီ မလာရဘူး၊ ဆရာဝန်က လူနာရှိရာကို သွားရမယ်”
…
စာအုပ်အမည် - နှလုံးလှဆရာဝန်
ဘာသာပြန်စာရေးဆရာ - ကျော်အောင်
မူရင်းစာအုပ်မည် - The Scalpel, the Sword: The Story of Doctor Norman Bethune

ဖတ်ညွှန်းတို -  နောမန်ဗက်သွန်း ကွယ်လွန်သွားတာဟာ လာမယ့် နိုဝင်ဘာ ၁၃ ရက်နေ့မှာဆိုရင် နှစ်ပေါင်း ( ၈၀ ) ပြည့်ပြီပဲ ဖြစ်ပါတယ်။ ဒေါက်တာနော်မန်ဗက်သွန်း ( Dr. Norman Bethune ) ဟာ ကနေဒါလူမျိုး ခွဲစိတ်ဆရာဝန်၊ ကွန်မြူနစ်တစ်ယောက်။ ဒါပေမဲ့ သူ့ကို ပြည်သူတွေ သိကြတာက ရှားမှရှားတဲ့ ဆရာဝန်တစ်ဦးအဖြစ်။ သူဟာ  သိပ်ကို စိတ်စေတနာပြည့်ဝပြီး ကိုယ်ကျိုးစွန့်အနစ်နာခံ ခွဲစိတ်ကုသပေးတဲ့ ဆရာဝန်တစ်ယောက်ပဲ။ ဒီလို သိကြတယ်။ သမိုင်းမှာလည်း ဒီလိုပဲ ရှိခဲ့တယ်။ 

“လူနာဟာ ဆရာဝန်ဆီ မလာရဘူး၊ ဆရာဝန်က လူနာရှိရာကို သွားရမယ်” - ဒီဆောင်ပုဒ်ကို မြင်လိုက်တာနဲ့ ဒါဟာ ဒေါက်တာဗက်သွန်းမှန်း သိမိလိုက်အောင်ကိုပဲ သူရဲ့ ဆရာဝန်ဘဝဟာ လူနာတွေအတွက် ဘုရားသခင်ရဲ့ တမန်တော်တစ်ပါး ဖြစ်ခဲ့တယ်။ ဗက်သွန်းရဲ့ ခံယူချက်တွေက စူးရှတယ်၊ ပြတ်သားတယ်။ 

ဆရာဝန်ကို အခကြေးငွေပေးမှ ရောဂါကုသပျောက်ကင်းနိုင်မယ့် လူကုံထံအသိုင်းအဝိုင်းနဲ့ ငွေမရှိလို့ ဆေးမကုနိုင်ရှာတဲ့ မျက်နှာမွဲ အခြေခံလူတန်းစားနှစ်ရပ်အကြားက ဆေးပညာလောကရဲ့ ယန္တရားကို ရှုတ်ချခဲ့တယ်။ ဆရာဝန်ကို ပိုက်ဆံပေးနိုင်မှ ရောဂါသက်သာပျောက်ကင်းရတယ် ဆိုတာ ဆေးပညာမဟုတ်ဘူး၊ ကုန်သွယ်စီးပွားရှာတာလို့ ဆိုခဲ့တယ်။ 

သူကိုယ်တိုင်းလည်း အဲ့ဒီလို နေထိုင်ခြင်း မပြုခဲ့ဘူး။ ဒါကို သူပါဝင်ခဲ့တဲ့ စပိန်ပြည်တွင်းစစ်နဲ့ ဖက်ဆစ်ကိုတော်လှန်နေတဲ့ တရုတ်စစ်ပွဲအတွင်းက သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင် မြင်ပါလိမ့်မယ်။ လူသားချင်း စာနာနားလည်တဲ့စိတ် ၊ အနစ်နာခံ ကူညီလိုစိတ်တို့က ဆရာဝန်တစ်ဦးမှာ ထားရှိရမယ့် အခြေခံ ကိုယ်ကျင့်တရားကို ထောက်ပြသွားတယ်။

ပြဿနာတစ်ရပ်ကို ဖြေရှင်းနည်းကလည်း လေးစားလောက်စရာပဲ။ ပြဿနာတစ်ရပ်ကို နောက်တစ်ကြိမ် ထပ်မဖြစ်အောင် အမြစ်ပြတ် ဖြေရှင်းနည်း - စစ်မြေပြင်က စစ်သားတွေ သွေးထွက်လွန်ပြီး သေဆုံးမှု များလာလို့ ၊ အဲ့ဒီ ဒဏ်ရာရ စစ်သားတွေအတွက် စစ်မြေပြင်မှာပဲ သွေးသွင်းပြီး အသက်ကယ်ကုသတဲ့နည်းကို တီထွင်ခဲ့တယ်။ 

တရုတ်ပြည်မှာလည်း စစ်အတွင်းဖြစ်နေပေမဲ့ သူဟာ မနားခဲ့ဘူး၊ သူ ဆရာဝန်တစ်ယောက်ရဲ့ တာဝန်ကို မနားမနေလုပ်ခဲ့တယ်။ နေရာအနှံ့အပြားမှာ ဆေးရုံဆေးခန်းတွေဆောက်တယ်။ ဆေးပညာနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေကို မျှဝေတယ်။ သုံးရက်နီးပါးလောက် မအိပ်ဘဲ လူနာ ဆယ်ယောက်ကို ခွဲစိတ်ကုသပေးဖူးတဲ့အထိ သူ့ရဲ့ ဆေးပညာ ၊ ဉာဏ်စွမ်းဉာဏ်စနဲ့ ကိုယ်ရည်ကိုယ်သွေးတို့ကို ကိုယ်ကျိုးမငဲ့ဘဲ အပြည့်အဝ အသုံးချခဲ့တယ်။ 
တရုတ်ပြည်မှာ ဒေါက်တာဗက်သွန်း နေထိုင်ခဲ့တာ နှစ်နှစ်တောင်မပြည့်ဘူး။ ဒါပေမဲ့ အဲ့ဒီနှစ်နှစ်အတွင်းမှာ သူ့လုပ်ဆောင်ချက်တွေက စံတင်လောက်တယ်။ ခုချိန်ထိ တရုတ်အမျိုးသားအားလုံးက ဗက်သွန်းကို မမေ့ကြဘူး။ နှစ်ပတ်လည်နေ့ ရောက်တိုင်းမှာ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဆေးရုံဆေးခန်းတွေ ဆောက်ကြတယ်။ အခမဲ့ဆေးကုသတဲ့ ဝန်ဆောင်မှုကို နေရာအနှံ့ပေးကြတယ်။ 

“နှစ်စဉ်နှစ်တိုင်း ထိုနေ့တွင် တရုတ်တစ်ပြည်လုံးရှိ သန်းပေါင်း ငါးရာကျော် လူထုသည် ရှန်ဟဲမှ တိဗက်အထိ လည်းကောင်း၊ ကန်တုံမှ မဟာရံတံတိုင်းကြီးအထိ လည်းကောင်း လူတန်းစားအနေဖြင့် ဆိုလျှင် ဥက္ကဋ္ဌကြီး မော်စီတုန်းမှသည် သူငယ်တန်း ကျောင်းသားလေးများအထိ ဗက်သွန်းကို အမှတ်တရ ဂုဏ်ပြု ချီးကျူးကြလေသည်။

ထိုအထိမ်းအမှတ်ပွဲသို့ ရှန်စီ၊ ရှင်စီ၊ ဟိုပေနယ်တို့မှ လယ်သမားများ၊ ဝူတိုင်းတောင်တန်းမှ လယ်သမားများ၊ တော်လှန်ရေး ရဲဘော်ဟောင်းကြီးများ စသည်ဖြင့် လူပေါင်းစုံ တက်ရောက်ကြသည်။ ရှန်စီတောင်ကြား အမျိုးသားဗိမာန်ကြီးတွင် သူ့နာမည်သည် တစ်ဖန် ပဲ့တင်ထပ်ပြန်သည်။ သူ့နာမည်ကိုအော်၍ တိုက်ပွဲဝင်သည့် စစ်ခေါ်သံသည် ပဲ့တင်ထပ်လာပြန်သည်။ ထိုနောက် ထောင်လိုက်ချီကာ သူ့အထိမ်းအမှတ်ကို အလေးပြုကြသည်။ သူတို့သည် ကျောက်ပေါင်းကူးကြီးအောက်မှ ဝင်ကာ ဗက်သွန်း၏ ကိုယ်တစ်ပိုင်းရုပ်တု ရှိရာသို့ ချီတက်ကြသည်။ ကျောက်ရုပ်နောက်တွင် သူ၏ ကျောက်ဂူရှိသည်။ ကျောက်ဂူ၏ လေးဖက်လေးတန်၌ကား သူ့ကိုချီးကျူးသော စာတန်းများကို တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာ ရွှေစာလုံးများဖြင့် ထိုးထားလေသည်။” ( စာအုပ်မှ ) 

ကဲ … သိပ်ကိုလေးစားဖို့ကောင်းတဲ့ သမိုင်းဝင်ပုဂ္ဂိုလ်ကြီး ဒေါက်တာဗက်သွန်းရဲ့ ဘဝအကြောင်းကို သိချင်တယ်၊ သူ့ရဲ့ ခံယူချက်၊ လုပ်ဆောင်ချက်တွေကို မြင်တွေ့ချင်တယ်ဆိုရင် ဒီစာအုပ်ကို ခုပဲ ဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

“ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဦးနော်” “ဖတ်ချင်တဲ့ စာအုပ်တွေရှိရင်လည်း comment box ထဲမှာ ရေးသားခဲ့နိုင်ပါတယ်” 
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

-	အောင်မြင်သူတိုင်း စာဖတ်ကြသည်။ 
-	သင်လည်း အောင်မြင်ချင်ရင် ဝန်ဇင်းမှာ စာဖတ်ပါ။ 

Related Posts