'သင်သိထားသင့်တဲ့ ၈၈၈၈ ပြည်သူ့အရေးတော်ပုံ ရက်စွဲများ … ' [ Special Issue ]


'သင်သိထားသင့်တဲ့ ၈၈၈၈ ပြည်သူ့အရေးတော်ပုံ ရက်စွဲများ … '

၁၉၈၈ ခုနှစ်၊ သြဂုတ်လ ( ၈ ) ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရဟန်းရှင်လူ ကျောင်းသားပြည်သူများ အပါအဝင် လူတန်းစား အလွှာပေါင်းစုံက “ဒီမိုကရေစီရရှိရေး” ကြွေးကြော်သံတွေကို အတူတူ ဟစ်ကြွေးတောင်းဆိုရင်း လမ်းမတွေထက်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး မဟာလူထု တိုက်ပွဲကြီးတစ်ရပ် ပေါ်ပေါက်ခဲ့သည်မှာ ယနေ့ ( သြဂုတ် ၈ ရက်၊ ၂၀၁၈ ခုနှစ် ) ဆိုလျှင် နှစ်ပေါင်း ( ၃၀ ) ပြည့်ပြီပဲ ဖြစ်ပါတယ်။ ‘ဒုတိယ လွတ်လပ်ရေးတိုက်ပွဲ’ ဟု ဆိုရလောက်တဲ့အထိ ယုံကြည်ချက်ကို ဆုပ်ကိုင်ကာ ဒီမိုကရေစီရေးအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့ကြသော ပြည်သူ့အရေးတော်ပုံကြီးနှင့် ပတ်သက်ပြီး ထိုအချိန် ထိုကာလ ၁၉၈၈ ခုနှစ်၊ သြဂုတ်လအတွင်း ရက်စွဲများနောက်ကွယ်က သမိုင်းကို ဝန်ဇင်းပရိသတ်များအပါအဝင် အများ လေ့လာနိုင်ရန် အောက်ပါအတိုင်း ဖော်ပြလိုက်ရပါတယ်။ 

………….

။       ။ အောက်ပါ အချက်အလက်များကို ပဲ့တင်သံ စာတည်းအဖွဲ့က ပြုစုသည့် ‘၈၈၈၈ အရေးတော်ပုံမှတ်တမ်း’ စာအုပ်မှတစ်ဆင့် ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။ 

‘ရှစ်လေးလုံး အရေးတော်ပုံကာလ သြဂုတ်လ ရက်စွဲများနမှတ်တမ်း’ 

၁ သြဂုတ် ၁၉၈၈ - နိုင်ငံတော်ကို ထိပါးနှောင့်ယှက်မည့် အန္တရာယ်မှ ကြိုတင်ကာကွယ်ရန်ဟုဆိုကာ ဦးအောင်ကြီးအပါအဝင် ( ၉ ) ဦးကို အာဏာပိုင်တို့က ထိန်းသိမ်းလိုက်သည်။ 

၂ သြဂုတ် ၁၉၈၈ - ရွှေတိဂုံရင်ပြင်ပေါ်တွင် ကျောင်းသားများ ဆန္ဒပြခြင်း၊ ဟောပြောခြင်းများ ပြုလုပ်ကြသည်။ အာဏာပိုင်တို့ဘက်က ရွှေတိဂုံပေါ်တွင် ဆန္ဒပြသူများကို “ရင်ပြင်တော်ပေါ်တွင် စာကပ်ခြင်း၊ ရဟန်းသာမဏေငယ်များအား ဆန့်ကျင်ဘက်တရား ဟောကြားရန် လှုံ့ဆော်ခြင်း၊ ကမ္ဘာလှည့်ခရီးသည်များအား မမှန်မကန်သတင်းများ ပြောကြားပြီး ဓါတ်ပုံရိုက်စေခြင်း၊ ဘုရားဖူး လုပ်သားပြည်သူအချို့ကိုလည်း ကိုယ်ထိလက်ရောက် အနှောင့်အယှက် ပြုလုပ်ကြသည်” ဟု စွပ်စွဲရေးသားသည်။

၃ သြဂုတ် ၁၉၈၈ - ကျောင်းသူကျောင်းသားများနှင့် ပြည်သူအချို့ ပူးပေါင်းပြီး ရန်ကုန်မြို့တွင်း၌ ဆန္ဒပြလှည့်လည်မှုများ ပြုလုပ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း အရေးပေါ်အခြေအနေ ကြေညာ၍ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်သည်။ 

၎ သြဂုတ် ၁၉၈၈ - ရန်ကုန်မြို့တွင်း လှည့်လည်ဆန္ဒပြသူများကို အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလျက် ရှိသည်။ ပဲခူးမြို့တွင် ကျောင်းသားများ ဆန္ဒပြကြသည်။ 

၅ သြဂုတ် ၁၉၈၈ - ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်း ထုတ်ပြန်ထားသည့် စစ်အုပ်ချုပ်ရေးအမိန့်ကို ဖီဆန်၍ ဆန္ဒပြသူများကို ဖမ်းဆီးသည်။ သြဂုတ် ၄ ရက်နှင့် ယနေ့တို့တွင် လုယက်သဖြင့်လည်းကောင်း၊ လုံခြုံရေးအရလည်းကောင်း၊ လုံခြုံရေးအရလည်းကောင်း ဖမ်းဆီးထိန်းသိမ်းထားသူ ၁၄၉ ဦး ရှိသည်ဟု အာဏာပိုင်တို့ သတင်းထုတ်ပြန်သည်။ 

၆ သြဂုတ် ၁၉၈၈ - ဆန္ဒပြမှုများ နေရာကွက်ကျားတွင် ဆက်လက်ဖြစ်ပွားသည်။ ပဲခူး၊ သနပ်ပင်၊ ရေနံချောင်းမြို့များတွင် ဆန္ဒပြ လှုပ်ရှားမှုများကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည်။
 
၇ သြဂုတ် ၁၉၈၈ - စစ်အုပ်ချုပ်ရေး နယ်နိမိတ်အတွင်း ထိန်းသိမ်းထားသူများအနက် လူပေါင်း ၈၀ ကို ပြန်လွှတ်ပေးလိုက်ကြောင်း အာဏာပိုင်တို့က ကြေညာသည်။ ရေနံချောင်းတွင် ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပေါ်နေသည်။ 

၈ သြဂုတ် ၁၉၈၈ - တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူထုအုံကြွမှုကြီး ပေါက်ကွဲဖြစ်ပွားသည်။ လူထုသည် အစိုးရကို တိုက်ပွဲဝင်ရန် အထွေထွေ သပိတ်ကြီးကို ယနေ့တွင် စတင်လိုက်ကြသည်။ ရန်ကုန်၊ မန္တလေးနှင့် မြို့နယ်အသီးသီးတွင် ထောင်ပေါင်းများစွာသော ပြည်သူများက လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ကြသည်။ ညပိုင်းတွင် ရန်ကုန်မြို့တွင်း၌ ဆန္ဒပြလူထုကို ပစ်ခတ်ဖြိုခွင်းခြင်းများ ရှိခဲ့သည်။ 

၉ သြဂုတ် ၁၉၈၈ - အခြေခံပညာကျောင်းများကို ပိတ်လိုက်သည်။ ဆန္ဒပြမှုများ အရှိန်အဟုန်ဖြင့် ဆက်လက် ဖြစ်ပွားသည်။ ရန်ကုန်တိုင်းအတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်သည်။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် လုံထိန်းနှင့် စစ်တပ်က ဆန္ဒပြသူ ရာဂဏန်းကို ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားသည်။ 

၁၀ သြဂုတ် ၁၉၈၈ - မြောက်ဥက္ကလာ၊ တောင်ဥက္ကလာနှင့် သာကေတ မြို့နယ်များမှ ရဲစခန်းများ၊ ပြည်သူ့ရဲ အိမ်ထောင်တန်းလျားများကို ဒေါသထွက်နေသည့် လူအုပ်ကြီးက မီးရှို့ဖျက်ဆီးသည်။ ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း ပစ်ခတ်မှု ဖြစ်ပွားသည်။ သူနာပြုဆရာမအချို့ ဒဏ်ရာရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆရာဝန်များအသင်း၊ ရန်ကုန်ဆေးတက္ကသိုလ် ၁၊ ၂ နှင့် မန္တလေး ဆေးတက္ကသိုလ်တို့မှ အောင်မြင်ထားသည့် အလုပ်သင် ဆရာဝန်များက ကြေညာချက်ထုတ်၍ ကန့်ကွက်သည်။ 

၁၁ သြဂုတ် ၁၉၈၈ - ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားသည်။ လူထုကြီးက တပ်ဖွဲ့ဝင်တို့၏ မော်တော်ယာဉ်များ အလွယ်တကူ ရွေ့လျားသွားလာခြင်း မပြုနိုင်စေရန် လမ်းများကို ပိတ်ဆို့ထားသည်။ 

၁၂ သြဂုတ် ၁၉၈၈ - လူထု၏ အရှိန်အဟုန်ဖြင့် ပြုလုပ်လျက်ရှိသည့် ဆန္ဒပြပွဲများကြောင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌဦးစိန်လွင် ရာထူးမှ နုတ်ထွက်သည်။ ထိုနေ့တွင်ပင် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ်အစည်းအဝေးကို လာမည့် သြဂုတ် ၁၉ ရက်တွင် ပြုလုပ်ရန် ကြေညာသည်။ 

၁၅ သြဂုတ် ၁၉၈၈ - ယနေ့မှစတင်ပြီး ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းတွင် လူစု၍ နေ့စဉ် ဒီမိုကရေစီတောင်းဆိုသည့် တရားပွဲများကို ကျင်းပသည်။ ဆရာဝန်၊ စာပေနှင့် အနုပညာရှင်များက အလှည့်ကျ ဟောပြောသည်။ ရန်ကုန်၊ စစ်ကိုင်းနှင့် အခြားမြို့များတွင် ဆန္ဒပြသူများကို အာဏာပိုင် လုံထိန်းတပ်ဖွဲ့ဝင်များက ပစ်ခတ်ခြင်း၊ နှိမ်နင်းခြင်းများနှင့် ပတ်သက်၍ ရှုတ်ချကြောင်း မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ထုတ်ပြန်သည်။ စာပေနှင့် အနုပညာသည်များကလည်း ရာနှင့်ချီ၍ လက်မှတ်ရေးထိုးးပြီး ပစ်ခတ်သတ်ဖြတ်ခြင်း မပြုရေး၊ ဖမ်းဆီးထားသူများ ပြန်လွှတ်ရေး၊ ပြည်သူ့ဆန္ဒ ခံယူရေးများကို တောင်းဆိုလိုက်သည်။ ယနေ့တွင် ကျောင်းသားနှင့် အစိုးရကြားတွင် ဝင်ရောက်စေ့စပ်နိုင်ရန်အတွက် ပြည်သူ့အတိုင်ပင်ခံ ကော်မတီတစ်ရပ် ဖွဲ့စည်းပေးရန် အာဏာပိုင် အသိုင်းအဝိုင်းထံသို့ အဆိုပြုတစ်စောင် ပေးပို့သည်။

၁၉ သြဂုတ် ၁၉၈၈ - ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေးက နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌနှင့် သမ္မတအဖြစ် ဒေါက်တာမောင်မောင်အား ရွေးချယ်တင်မြှောက်သည်။ ထို့နောက် ပြည်သူ့တရားသူကြီးချုပ် ဦးတင်အောင်ဟိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ပြည်သူ့ဆန္ဒ လေ့လာစုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းသည်။ 

၂၀ သြဂုတ် ၁၉၈၈ - သြဂုတ် ဂ ရက်နေ့ပိုင်း ဖြစ်ပွားခဲ့သည့် လူထုဆန္ဒပြပွဲများတွင် ရန်ကုန်ဆေးရုံကြီးသို့ အမှန်တကယ် ရောက်ရှိလာသူများအနက် ဒဏ်ရာရသူ ၂၆၇ ဦးနှင့် သေဆုံးသူ ၁၁၃ ဦးသာ ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနကို ကိုးကား၍ အာဏာပိုင်တို့က သတင်းထုတ်ပြန်သည်။ ထို့အတူ လွန်ခဲ့သည့် ရက်အနည်းငယ်က ရန်ကုန်ဆေးရုံကြီးတစ်ဝိုက် ဖြစ်ပွားသော အရေးအခင်းတွင် ကျန်းမာရေးဝန်ထမ်း လေးဦးသာ ဒဏ်ရာရသည်ဟုလည်း အာဏာပိုင်တို့က ဆိုသည်။ 

၂၂ သြဂုတ် ၁၉၈၈ - ပြည်သူ့ဆန္ဒ လေ့လာစုံစမ်းရေးကော်မရှင်က ပြည်သူတို့အနေဖြင့် မိမိတို့ဆန္ဒ သဘောထားများကို လွတ်လပ်ပွင့်လင်းစွာ တင်ပြနိုင်ကြောင်း၊ ထိုသို့ တင်ပြခြင်းနှင့် စပ်လျဉ်း၍ အဖွဲ့အစည်းကိုဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးချင်းကိုဖြစ်စေ နိုင်ငံတော်က တစ်စုံတစ်ရာ အရေးယူခြင်း မရှိစေရဟု အာမခံလိုက်သည်။ လာမည့် ၂၄ ရက်၊ နံနက် ၉ နာရီမှစ၍ ဦးဝိစာရလမ်းရှိ အင်ဗွိုင်းခန်းမတွင် ဖွင့်လှစ်ထားမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းများသို့လည်း သွားရောက်စုံစမ်းမည်ဟု ကြေညာသည်။ 

၂၃ သြဂုတ် ၁၉၈၈ - ဆန္ဒပြပွဲများ ကြီးထွားလာသည်။ ကျောင်းသူကျောင်းသားများသာမကပဲ အစိုးရရုံးများ၊ စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများပါ စီတန်းလှည့်လည်ပွဲ ပါဝင်ဆင်နွဲကြသည်။ ထိုရက်များအတွင်း ဆန္ဒပြပြည်သူများက ကြွေးကြော်ကြသည်မှာ …

-	ကြားဖြတ်အိမ်စောင့်အစိုးရ ဖွဲ့စည်းပေးရေး၊
-	ပါတီစုံဒီမိုကရေစီအခွင့်အရေးပေးရေး၊
-	ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံး လွှတ်ပေးရေး၊ 
-	အကြမ်းဖက်နှိမ်နင်းခြင်းမပြုရေးများကို တောင်းဆိုလာသည်။ 
-	
‘ဒီမိုကရေစီရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို ကြိုဆိုထောက်ခံပါသည်’ ဆိုသော ဆိုင်းဘုတ်များ ရပ်ကွက်တိုင်းတွင် ပေါ်ထွက်လာသည်။ 

၂၄ သြဂုတ် ၁၉၈၈ - ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံးအကြိမ်အဖြစ် လူထုမြင်ကွင်းတွင် ထွက်ပေါ်လာသည်။ သူသည် ရန်ကုန်ဆေးရုံကြီးရှေ့ရှိ စာပေနှင့် အနုပညာရှင်များ စင်မြင့်ပေါ်မှနေ၍ လူထုကို မိနစ်အနည်းငယ်ကြာ မိန့်ခွန်းပြောသည်။ လာမည့် ၂၆ ရက်တွင် ရွှေတိဂုံ အနောက်ဘက်မုခ်တွင် မိန့်ခွန်းပြောမည်ဟု လူထုကို သတင်းပေးပြီး ပြန်လည်ထွက်ခွာသွားသည်။ ဆန္ဒပြသူများကလည်း လမ်းမများပေါ်တွင် စစ်ကြောင်းကြီးများခွဲ၍ ဆန္ဒပြချီတက် ကြွေးကြော်ကြသည်။ အဖွဲ့အစည်းစုံ၊ သပိတ်တပ်ဖွဲ့များ အစုံအလင် ပါဝင်ကြသည်။ ထိုနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း ပြည်မြို့တို့တွင် ထုတ်ပြန်ထားသည့် စစ်အုပ်ချုပ်ရေးအမိန့်ကို ရုတ်သိမ်းလိုက်သည်။ 

လမ်းမများပေါ်ရှိ ဆန္ဒပြသူများမှ စစ်အုပ်ချုပ်ရေး အမိန့်ရုတ်သိမ်းကြောင်း သိကြရသည့်အခါ ပျော်မြူးဝမ်းသာစွာဖြင့် အနီးအနားရှိ တပ်မတော်သားများကို ဖက်နမ်းသူကနမ်းသည်။ ပွေ့ဖက်သူက ပွေ့ဖက်သည်။ အစားအသောက်များ ပေးကမ်းသူက ကမ်းသည်။ တာဝန်ချ စစ်သားများ ရုတ်သိမ်းနေသည့် သံဆူးကြိုးများကို လူထုကြီးက ကူညီရုတ်သိမ်းပေးသည်။ သံချပ်ကာကားများဖြင့် တပ်မတော်သားများ ပြန်လည်ထွက်ခွာသွားသောအခါ လူထုကြီးသည် ‘ပြည်သူ့တပ်မတော် - တို့တပ်မတော်၊ ပြည်သူ့စစ်သား - တို့စစ်သား’ ဟု အားရဝမ်းသာ ကြွေးကြော်သည်။ 

ပြည်သူ့ဆန္ဒ လေ့လာစုံစမ်းရေးကော်မရှင်ကို ဖျက်သိမ်းသည်။ ပြည်သူ့ဆန္ဒကို ပိုမိုထိရောက်စွာ သိနိုင်မည့် နည်းလမ်းများ ရှိသောကြောင့်ဟု အာဏာပိုင်တို့က အကြောင်းပြသည်။ ညပိုင်းတွင် ဒေါက်တာမောင်မောင်က တိုင်းပြည်သို့ မိန့်ခွန်းပြောသည်။ 

၂၅ သြဂုတ် ၁၉၈၈ - သတင်းစာတိုက်ပေါင်းစုံ ဝန်ထမ်းထုက ဆန္ဒပြကြသဖြင့် ၂၅၊ ၂၆၊ ၂၇ တို့တွင် သုံးရက်တိတိ သတင်းစာမထွက်ဘဲရှိသည်။ ယနေ့တွင် ဇူလိုင်လဆန်းက အဖမ်းခံရသော ဦးအောင်ကြီးနှင့် အပေါင်းအပါများ ပြန်လည်လွတ်မြောက်လာသည်။ ထိုနေ့ ညနေ ၄ နာရီခွဲတွင် ပဒုမ္မာကွင်း၌ လူထုတရားပွဲ ပြုလုပ်သည်။ တပ်မတော်မှ ဗိုလ်မှူးကြီးတစ်ဦး ခေါင်းဆောင်၍ ပြည်ထောင်စုဘဏ်မှ ငွေကျပ် ကုဋေ ၆၀ ကို ယနေ့ညနေပိုင်းတွင် ထုတ်ယူသွားသည်ဟု သတင်းများ ထွက်လာသည်။ 

၂၆ သြဂုတ် ၁၉၈၈ - ယနေ့နံနက် ၁၀ နာရီခွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ရွှေတိဂုံစေတီ အနောက်ဘက်မုခ်တွင် မိန့်ခွန်းပြောသည်။ သိန်းနှင့်ချီသော လူထုပရိသတ်က တက်ရောက်အားပေးသည်။ လက်ရှိဖြစ်ပွားနေသော အရေးတော်ပုံကြီးကို ‘ဒုတိယလွတ်လပ်ရေးတိုက်ပွဲ’ ဟု ဒေါ်အောင်ဆန်းစုကြည်က သုံးနှုန်းသွားသည်။ ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားခဲ့သော အရေးအခင်း၌ ဖမ်းဆီးထိန်းသိမ်းထားသူများအနက် ပြစ်မှုဆိုင်ရာ ပြစ်မှုကြီးများကို ကျူးလွန်ထားသူများမှအပ ကျန်သူများအားလုံးကို လွှတ်ပေးလျက်ရှိရာ သြဂုတ် ၃ ရက်မှ ၂၅ ရက်အတွင်း လူပေါင်း ၂၇၅၀ ဦးအား ပြန်လွှတ်ပေးလိုက်ပြီဟု အစိုးရက သတင်းထုတ်ပြန်သည်။

၂၇ သြဂုတ် ၁၉၈၈ - နံနက် ၁၀ နာရီတွင် ကာကွယ်ရေးဝန်ကြီးနှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟောင်းဦးတင်ဦးက ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း လူထုကြီးအား မိန့်ခွန်းပြောသည်။ အင်းစိန်ထောင်အတွင်း အကျဉ်းသားများ ဆူပူကြသည်။ အကျဉ်းထောင်အတွင်း အဆောက်အအုံအချို့ကို မီးရှို့ဖျက်ဆီးသည်။ 

၂၈ သြဂုတ် ၁၉၈၈ - ၁၉၆၂ ဇူလိုင် ၈ ရက် နံနက်ပိုင်းက မိုင်းခွဲဖြိုချခံလိုက်ရသည့် ကျောင်းသားသမဂ္ဂ အဆောက်အအုံဟောင်းနေရာတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ အဖွဲ့ချုပ် ( တရားဝင် ) ဖြစ်မြောက်ရေး ဗဟိုကော်မတီ ပထမအကြိမ် ညီလာခံကို ကျင်းပသည်။ အခမ်းအနား ပြီးသောအခါ ကျောင်းသားများသည် ရန်ကုန်မြို့တွင်းသို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်သည်။ အင်းစိန်အကျဉ်းထောင် မီးရှို့ဖျက်ဆီးမှုကြောင့် သေဆုံးအကျဉ်းသား ၅၇ ဦးရှိပြီး အင်းစိန်ဆေးရုံသို့ တင်ပို့ကုသရသည့် ဒဏ်ရာရ အကျဉ်းသားမှာ ၁၀၆ ဦးရှိသည်။ 

စစ်အုပ်ချုပ်ရေး ရုတ်သိမ်းပြီးနောက် ပြည်သူများက မိမိတို့ရပ်ကွက်၊ မြို့နယ်လုံခြုံရေးကို မိမိတို့ဘာသာ တာဝန်ယူနေရသည်။ မကွေးတိုင်း မင်းလှမြို့တွင် ဆန္ဒပြသူ အင်အား ၄၀၀ ခန့်ကို မကျေနပ်သည့် တန်ပြန်ဆန္ဒပြသူများအကြား ပဋိပက္ခဖြစ်ပွားသည်။ မင်းလှရဲစခန်းကိုဝိုင်းရာ ရဲစခန်းမှ ပစ်သဖြင့် လူခြောက်ဦး သေသည်။ မန္တလေး ထုံးဘိုရဲစခန်းမှ ရဲဘက် ၇၉ ဦး ထွက်ပြေးသည်။ 

၂၉ သြဂုတ် ၁၉၈၈ - ကျောင်းသားလှုပ်ရှားမှု ကြီးကြပ်ကော်မတီဖွဲ့သည်။ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၂၉၀ ကို ပြန်လွှတ်ပေးသည်။ ယခုရက်ပိုင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။ သတင်းနှင့် စာနယ်ဇင်းကော်ပိုရေးရှင်း၊ မြဝတီပုံနှိပ်တိုက်မှ ဝန်ထမ်းများက စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် အလုပ်သမား ရပိုင်ခွင့်များအတွက် ဆက်လက်တောင်းဆိုမည်ဟု ကြေညာသည်။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ ( ယာယီ ) ကို ဖွဲ့စည်းသည်။ 

၃၀ သြဂုတ် ၁၉၈၈ - အင်းစိန်ထောင်မှ အကျဉ်းသားနှင့် အချုပ်သားစုစုပေါင်း ၆၆၄ ဦး လွှတ်ပေးသည်။ လက်ရှိဖြစ်ပေါ်နေသည့် အရေးအခင်းများနှင့် ပတ်သက်၍ အငြိမ်းစားဗိုလ်မှူးချုပ် ဦးအောင်ရွှေ ဦးဆောင်သော တပ်မှူးဟောင်း ၈၅ ဦးက ကြေညာချက်ထုတ်သည်။ ကြေညာချက်တွင် ကျောင်းသားပြည်သူများ၏ ဒီမိုကရေစီတိုက်ပွဲကို ထောက်ခံလိုက်ပြီး တပ်မတော်သည် ပြည်သူတို့၏ အသိအမြင် ဆန္ဒနှင့်အတူ ရပ်တည်သင့်သည်ဟု တိုက်တွန်းလိုက်သည်။ မီးဖိုချောင်သုံးပစ္စည်းများ ဈေးကြီးမြင့်နေသည်။ 

၃၁ သြဂုတ် ၁၉၈၈ - မဆလပါတီဝင်များက မိမိတို့၏ ပါတီဝင်အဖြစ်မှ စွန့်လွှတ်ကြောင်း ပြသသည့်အနေဖြင့် ပါတီဝင်ကတ်ပြား မီးရှို့ပွဲများ ပြုလုပ်သည်။ ပြည်သူတို့၏ ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားမှု သတင်းများကို တိကျမှန်ကန်စွာ သတင်းထုတ်လွှင့်ကြေညာခြင်း၊ ရုပ်သံရိုက်ကူး ထုတ်လွှင့်ခြင်းများ ပြုလုပ်ခွင့်ပေးရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဆန္ဒပြဝန်ထမ်းများက တောင်းဆိုသည်။ နိုင်ငံခြားရေးဌာန ဝန်ထမ်းများကလည်း ကြားဖြတ်အစိုးရ ဖွဲ့စည်းပေးရန် ကြေညာချက်ထုတ်သည်။ ယနေ့အထိ အင်းစိန်ထောင်မှ အချုပ်သားနှင့် အကျဉ်းသား စုစုပေါင်း ၇၀၀၀ ခန့်ကို ပြန်လွှတ်ပေးခဲ့သည်ဟု သတင်းစာများက ရေးသည်။ ပြည်သူများကလည်း လွတ်မြောက်သည့် အကျဉ်းသားများကြောင့် မိမိတို့၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ ရှိနေသည်။ 

………….

‘အခု တင်ပြလိုက်တဲ့ အကြောင်းအရာများကို ဖတ်ရှုပြီး ဝန်ဇင်းပရိသတ်ကြီးအတွက် ဗဟုသုတ တစ်စုံတစ်ရာ ရရှိသွားတယ်ဆိုရင် ဒီပို့စ်ကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦး” “စာချစ်သူတို့ ပြောကြားချင်သည်များကိုလည်း post ရဲ့ comment box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။
 

Related Posts