ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်ပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ ...
 
ဒီနေ့မှာ ဝန်ဇင်းစာချစ်သူများအတွက် ယနေ့ထွက်စာအုပ်များကဏ္ဍကနေ တင်ဆက်လိုတဲ့ စာအုပ်များကတော့ စာရေးဆရာ မောင်ကိုကိုရေးတဲ့ "မိုးသားတွေနဲ့အတူပြေးလွှား ကျွန်တော်ဟာ ဂျစ်ပစီလေးများလား" ၊ ဆရာချစ်ဦးညိုရဲ့ "ဣန္ဒပတ္ထနှလုံးသား" နဲ့ မိုးစက်ပွင့်ရဲ့ "ညယမင်းရဲ့လမင်းကိုကို" စတဲ့ စာအုပ်များပဲ ဖြစ်ပါတယ်ခင်ဗျ။ 

( ၁ )
ဦးစွာမိတ်ဆက်ချင်တဲ့ စာအုပ်ကတော့ ဆရာမောင်ကိုကိုရဲ့  "မိုးသားတွေနဲ့အတူပြေးလွှား ကျွန်တော်ဟာ ဂျစ်ပစီလေးများလား" ဆိုတဲ့ စာအုပ်ပါပဲ။ ဂျစ်ပစီဆန်တဲ့ ကောင်လေးတစ်ယောက်ဟာ သူမြင်တွေ့၊ သိရှိနေရတဲ့ အကြောင်းအရာတွေကို ပြောပြထားပုံက ကဗျာဆန်လှတယ်။ အဲ့ဒီကောင်လေးရဲ့ အတွေးအမြင်တွေဟာ  ကောင်းကင်ပြင်ကျယ်ကြီးထဲက မိုးသားတိမ်တိုက်တွေလို လေနှင်ရာ ရွေ့ရင်း ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲသွားတာ တွေ့ရမှာပါ။
ကျွန်တော်ဟာ ရေဒီယို တစ်လုံး မဟုတ်ဘူး။
ကျွန်တော်ဟာ ကွန်ပျူတာ တစ်လုံးလည်း မဟုတ်ဘူး။
ကျွန်တော်ဟာ အင်တာနက်လည်း မဟုတ်ဘူး။
ကျွန်တော်ဟာ ဂြိုဟ်တုနဲ့ ဆက်သွယ်ထားတဲ့ ရုပ်မြင်သံကြားလည်း မဟုတ်ဘူး။
ကမ္ဘာကြီး … ဟုတ်လား။
ကမ္ဘာကြီး တစ်ခုလုံးကို ကျွန်တော် ဘယ့်နှယ်လုပ်ပြီး နှံ့စပ်သေချာအောင် သိပါ့မလဲဗျာ။ အင်ဖော်မေးရှင်းဆိုတဲ့ သတင်းအချက်အလက်တွေ အားလုံးကို စုပ်ယူထားတဲ့ စက်တစ်လုံး မဟုတ် သလို ကျွန်တော်ဟာ သတင်းစာတစ်စောင်လည်း မဟုတ်ပြန်ဘူးလေ။
အိုး အမှန်တကယ်ပဲ …။ ကျွန်တော် နေထိုင်ခွင့်ရတဲ့ ကမ္ဘာက ကျဉ်းကျဉ်းမြောင်းမြောင်း လေးရယ်။ ( စာအုပ်မှ ... ) 
စာအုပ်ထဲက လူငယ်ဟာ သူ့ရင်ဆိုင်ရတဲ့ လောကကြီး၊ အချစ်၊ မိသားစု၊ အလွမ်း၊ အတွေး၊ အဆွေး၊ အမုန်းနဲ့ မရေရာမှု၊ မသေချာမှု၊ မမြင်ရတဲ့ ကြမ္မာအပါအဝင် လူသားရဲ့ ဖြစ်တည်ခြင်း တို့အပေါ် လူငယ်တစ်ယောက်အဖြစ် ရှုမြင်ပုံကို စာဖတ်သူအနေနဲ့ ဆန်းသစ်ပြီး စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာပါ။ 

အခုအချိန်မှာ ဖေဖေဟာ ကျွန်တော့်အတွက် ဂျူလီယာရောဘတ်ထက်တောင် စိတ်ဝင်စားဖို့ ကောင်းနေသလိုပဲ။ ဖေဖေဟာ ပို့စ်မော်ဒန် စကားပြေ ဖြစ်နေတယ်။ ဖေဖေဟာ စိတ္တဇ ပန်းချီကားကြီးတစ်ချပ် ဖြစ်နေတယ်။
My Father = Post Modern Prose
My Father = A Large Abstract Art
ဖေဖေဟာ အေဘီစီသံဘူးဘီယာလေးကို ကိုင်ကြည့်ရင်း ကြွက်အသေတစ်ကောင် ကိုင်ထား ရသလို ခံစားသွားရသလား မသိဘူး။ ဖေဖေ တွန့်ဆုတ်သွားတယ်။ အေဘီစီကို ရေခဲသေတ္တာထဲ ဖေဖေ ပြန်ထည့်လိုက်တယ်။ ရေပုလင်းတစ်လုံးကို ဖေဖေ ဆွဲထုတ်လိုက်တယ်။ ဖန်ခွက်ထဲကို ရေ ပုလင်းထဲက ရေငှဲ့ထည့်နေတယ်။ ကျွန်တော် ကြည့်နေတဲ့ Sleeping With The Enemy ထဲက နောက်ခံဂီတသံနဲ့ ဖန်ခွက်ထဲ ရေကျသံဟာ ရောထွေးလို့။ ( စာအုပ်မှ ... ) 
ကဲ...စာအလေးကြီးတွေဖတ်ပြီး ပျင်းနေတယ်ဆိုရင် အခုစာအုပ်လေးက စာဖတ်သူရဲ့အတွေးနဲ့စိတ်ကို တစ်မျိုးတစ်ဖုံ ဆန်းသစ်သွားစေမှာပါလို့ ညွှန်းဆိုပါရစေ။ 

( ၂ ) 
ဒုတိယမိတ်ဆက်ပေးချင်တာက စာရေးဆရာ ချစ်ဦးညိုရေးသားတဲ့ "ဣန္ဒပတ္ထနှလုံးသား" စာအုပ်ပဲ ဖြစ်ပါတယ်။ ဒီ "ဣန္ဒပတ္ထနှလုံးသား"ဝတ္ထုဟာ ဆရာတော်မင်းဘူးဦးသြဘာသ ရေးသားခဲ့တဲ့ ဇာတ်တော်ကြီးဆယ်ဘွဲ့ထဲက "ဝိဓူရ" ဇာတ်တော်ကြီးကို အခြေပြုပြီး ပြန်လည် ခံစားရေးဖွဲ့ထားတဲ့ ဝတ္ထုတစ်ပုဒ်ပါပဲ။
ဝိဓူရသုခမိန်က သူ့ရဲ့ နှလုံးသားကို ဗဟိုပြုပြီး ဣန္ဒပတ္ထနဂိုရ်ပြည်ကြီးကို အလှူဒါန၊ ဥပုသ်သီလ၊ ဖြူစင်မွန်မြတ်တဲ့ အကျင့်သီလ၊ စရဏတရား နဲ့ ပညာဂုဏ်တွေနဲ့ ငြိမ်းချမ်းသာယာတဲ့ လောကဘုံကြီးဖြစ်အောင် ဆောင်ရွက်ခဲ့မှုတွေကို စိတ်ဝင်တစား ဖတ်ရှုရမှာပါ။ 
" ဤစာအုပ်၏ စာမျက်နှာများထက်မှ အက္ခရာဝဏ္ဏများ၊ ဝါဒများ၊ ဝါကျများ၊ အမှုန်းအဖွဲ့အချဲ့ အမွှမ်းများ၏ နောက်ကွယ်၌ ဤဝတ္ထုရေးသူနှင့် ဖတ်သူအကြား မမြင်ရသော အခြေခံဆက်သွယ်မှုလေးတစ်ခု ရှိနေမည်ဟု ဝတ္ထုရေးသူအနေဖြင့် ယုံကြည်မျှော်လင့်ပါသည်။ " ( ချစ်ဦးညို )
ဇာတ်ကြီးဆယ်ဘွဲ့ထဲက ကိုးခုမြောက်ဖြစ်တဲ့ ဝိဓူရဇာတ်တော်ကြီးအကြောင်းကို ဇာတ်လမ်းဇာတ်အိမ်နဲ့ စိတ်ဝင်စားဖွယ် ဖတ်ရှုလိုတယ်ဆိုရင်တော့ ဆရာချစ်ဦးညိုရဲ့ အခုစာအုပ်က စာဖတ်သူရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါလိမ့်မယ်။ 

( ၃ ) 
မိုးစက်ပွင့်ရဲ့ "ညယမင်းရဲ့လမင်းကိုကို" စာအုပ်ကတော့ အလင်းသစ်ညဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ကို ရေးဖွဲ့တင်ပြထားပါတယ်။ 
ခွင့်လွှတ်နားလည်ချစ်နေမယ် မင်းအတွက် ××× တကယ်ပါ အစားထိုးမရနိုင် နင့်ကို ငါချစ်ခဲ့ ××× ဒါတွေ မင်းလေးသိစေဖို့ ××× ဒါတွေ မင်းလေးနားလည်ဖို့ ××× အရာရာ မင်းအတွက် ပေးဆပ်ပါရမီဖြည့်ဖက် ××× ရင်မှာ ကြိတ်မှိတ်နင့်ကာဆို့ ××× ကြေကွဲမျက်ရည် ငါနင်မသိအောင်ငို ××× ကြေကွဲမျက်ရည် ငါ့ရင်ဘတ်ထဲမှာ ××× ငို’
အတွေးစကို တိခနဲဖြတ်ချ၍ သီချင်းသံထဲမှာ အာရုံနှစ်ထားစဉ် သီချင်းဆိုသူ၏ သီချင်းစာသားနှင့် အသံ၏ညှို့ငင်အားက ကိုယ့်ရင်ဘတ်ကို ဆောင့်ခါလိုက်သလိုပါပဲ။ ဝေဒနာအပိုင်းအစတွေ လွင့်စင်ပြီး လာထိမှန်သလို တစ်ခါမှ အချစ်ကိုမခံစားခဲ့ဖူးပါဘဲ..ဘလိုင်းကြီးသက်သက် ဆွေးမြည့်ခံစားရတာ သူများသိရင်တော့ ရှက်စရာပါ။
အချစ်ဆိုတာ ဘာလဲ?
အသည်းကွဲတာ ဘာလဲ?
ကြေကွဲခြင်းက ဘာလဲ?
အချစ်နဲ့ပတ်သက်ပြီး မေးခွန်းတွေသာ ရှိနေသည့် ညညရင်ဘတ်ထဲမှာ သောကနှင့် အမုန်းကတော့ ရှိနေခဲ့၏။ ( အလင်းသစ်ည )
သူမဟာ မိဘမစုံဘဲ ကြီးပြင်းလာခဲ့သူတစ်ယောက်ဖြစ်ပြီး လွတ်လပ်တဲ့ အတွေးအခေါ်နဲ့ ကလန်ကဆန်လုပ်တတ်တဲ့စိတ် ရှိသူတစ်ဦးလည်း ဖြစ်တယ်၊ ဒီအချစ်ဝတ္ထုထဲမှာ နူးညံ့တဲ့ အရေးအဖွဲ့တွေပဲ တွေရမှာမဟုတ်၊ ပြဿနာတွေ၊ ခလုတ်ကန်သင်းတွေနဲ့ သွက်သွက်ကလေးတင်ပြထားတယ်။ ဒါကြောင့် စာဖတ်သူအနေနဲ့ ပျင်စရာကောင်းမှာမဟုတ်သလို လူကြီးလူငယ်ကြား ဆက်ဆံရေးကိုလည်း စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာပါ။ 

ကဲ .. ဒီလိုဆိုရင်ဗျာ၊ ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်လေး ဝယ်ယူ ဖတ်ရှုလိုက်ရအောင် ...
ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့နဲ့ဦးနော် ... ????
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ် ခင်ဗျာ ။ 
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 




Related Posts