Wun Zinn's Choice of the Week (11)


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …

သင်္ကြန်ရုံးပိတ်ရက်အတွင်းမှာ ဝန်ဇင်းစာချစ်သူများ ဖတ်ရှုနိုင်ဖို့အတွက် ဒီတစ်ပတ်ရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များ ကဏ္ဍကနေ ရွေးချယ်လိုက်တဲ့ စာအုပ်ကတော့ စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့ “ယဉ်ကျေးမှုခရီးသည်” ဆိုတဲ့ စာအုပ်ပါပဲ။ ၁၉၅၀ ခုနှစ်ကနေ ၁၉၆၀ ခုနှစ်အတွင်း ရှုမဝမဂ္ဂဇင်းမှာ ဆရာမကြီးရေးသားခဲ့တဲ့ ခရီးသွားဆောင်းပါးတွေကို ယခုစာအုပ်ထဲမှာ တစုတစည်းတည်း ဖတ်ရှုရမှာပါ။ 

“ယဉ်ကျေးမှုခရီးသည်” ဆိုတဲ့အတိုင်း ဆရာမကြီးဟာ သူခရီးသွား ရောက်ရှိခဲ့တဲ့ နေရာဒေသမှာ ဖြစ်ပျက်၊ တည်ရှိနေတဲ့ အတိတ်သမိုင်းနဲ့ မျက်မှောက်ပစ္စုပ္ပန်ရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ခရီးသွားဆောင်းပါးအဖြစ်နဲ့ ရေးသားတင်ပြရင်း သူမ ပြောပြချင်တဲ့ ယဉ်ကျေးမှုချစ်စိတ်ကို ဖော်ထုတ်ထားပါတယ်။ ယဉ်ကျေးမှုဆိုရာမှာ နိုင်ငံတစ်နိုင်ငံမှာရှိနေတဲ့ ရုပ်ဝတ္ထုတွေသာမက နိုင်ငံသူနိုင်ငံသားတို့ရဲ့ ဓလေ့ထုံးစံ၊ အကျင့်စာရိတ္တနဲ့ သူတို့ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ ခေတ်ကာလစနစ်ကြီးတစ်ခုလုံးပါ ပါဝင်ပါတယ်။ 

ဒီစာအုပ်ရဲ့ ဦးဆုံးဆောင်းပါးမှာဆိုရင် မြန်မာနိုင်ငံရဲ့ ဘုရင့်နေပြည်တော်လို့ဆိုရမယ့် မန္တလေးမြို့ကြီးရဲ့ အတိတ်သမိုင်းကြောင်းနဲ့ မန္တလေးသမိုင်းမှာ ပါဝင်ခဲ့တဲ့ ဘုရင်နဲ့ပြည်သူတွေ၊ မန္တလေးနန်းမြို့ရိုးထဲမှာ စံတည်နေတဲ့ နန်းတော်ထဲက သမိုင်းမှတ်တမ်း အထောက်အထားတွေကို ဆရာမကြီးကိုယ်တိုင် သွားရောက်လေ့လာရင်း ခရီးသွားဟန်လွဲ မှတ်တမ်းဆောင်းပါးအဖြစ် တင်ပြထားတယ်။ ဒီ့အပြင် သူမ သွားရောက်ခဲ့တဲ့ ဂျပန်ပြည်ခရီးစဉ်တွေ၊ မြန်မာနိုင်ငံအထက်ပိုင်း ကချင်၊ ကရင်နဲ့ ချင်းပြည်နယ်ခရီးစဉ်တွေမှာ ကြုံတွေ့ခဲ့သမျှကိုလည်း စာဖတ်ပရိသတ်ထံ ရေးသားတင်ပြထားပါတယ်။ 

[ ကျွန်မမှာ ပင်ပန်းလွန်း၍ အိပ်ချင်နေသည်။ တိတ်ဆိတ်စွာပင် နားထောင်နေရလျက်၊ တစ်ချက်တစ်ချက် ငိုက်မျဉ်းသွားသည်။ “ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ကျွန်တော်တို့ကလည်း လိုလားပါတယ်” … ကျွန်မမှာ မျက်လုံးကျယ်သွားလေ၏။ ကျွန်မ ထိုင်စောင့်မျှော်ခဲ့ရသော ဖိုးလမင်းကြီးနဲ့ တူလေ၏။ တိုင်းပြည်ကြီး သာယာဝပြောဖို့ရာ လွတ်လပ်ရေးတည်တံ့ဖို့ရာ ပြည်တွင်းငြိမ်းချမ်းမှုရှိမှသာ ဖြစ်လိမ့်မည်။  
“ဒီမှာရှင် လက်နက်ကိုင်နေကြတာ ကိုးနှစ်ဆယ်နှစ် ရှိပါပြီ။ ပြည်သူလူထုဟာ ဖွတ်ဖွတ်ကြေနေပြီ။ ပြည်သူလူထုရဲ့ ဘဝအခြေအနေရော၊ စိတ်ဆန္ဒရော ငြိမ်းချမ်းရေးကို ရေဆာသလို ဆာနေကြပါတယ်။ ကျွန်မတို့ဟာ တိုင်းရင်းသား အချင်းချင်းတွေပါပဲ၊ တစ်ဦးနဲ့တစ်ဦး  မေတ္တာပျက်ကြဖို့ မဟုတ်ဘူး” ] ( ရှုမဝမဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၁၉၅၈ - ‘ဒိုးနတ်’ ဆောင်းပါးမှ .. ) 

ဒီစာအုပ်ထဲမှာ မန္တလေး ရုက္ခစိုးဘဏ္ဍာ၊ မန်းရာပြည့်နှစ်တစ်ရာပွဲ၊ ဗမာ့ငြိမ်းချမ်းရေး၊ အရှေ့တစ်ခွင်ရောက်ခဲ့စဉ်က၊ ဟီရိုရှီးမား၊ သာသောအခါ သာပါလိမ့်၊ ငြိမ်းချမ်းရေးအလံ၊ နာဂါဆာကီး၊ ကချင်ပွဲတော်၊ သီရိလက်ျာတောင်မြေ၊ ဟင်းချိုမ၊ တီဘီလား … စတဲ့ ဆောင်းပါးရှည်တွေ ပါဝင်ပြီး ၁၉၅၀ ခုနှစ်ဝန်းကျင်ကာလက မြန်မာပြည်ရဲ့ အခြေအနေနဲ့ လက်နက်ကိုင်တိုင်ပွဲတွေကြောင့် ဖြစ်ပွားရတဲ့ ပြည်တွင်းမငြိမ်မသက်မှုတွေ၊ ပြည်သူတွေ ကြုံတွေ့ခံစားရတဲ့ အဖြစ်အပျက်နဲ့ သဘောထားတွေကိုပါ ဖတ်ရှုရမှာပါ။ 

ပြည်တွင်းငြိမ်းချမ်းရေးအပေါ် ဆရာမကြီးရဲ့ အမြင်သဘောထားတဲ့ ပြည်သူတွေရဲ့ ခံစားချက်တွေ၊ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်တဲ့ ယဉ်ကျေးအမွေအနှစ်တွေနဲ့အတူ မိမိနိုင်ငံနှင့်လူမျိုးကို ချစ်ခင်မြတ်နိုးစိတ် တိုးပွားလာအောင် ရေးသားတင်ပြထားတဲ့ ဒီစာအုပ်ကို ဝန်ဇင်းစာချစ်သူများ မဖတ်ရှုဘဲ မနေသင့်ပါဘူး။
ကဲ … ဒီတော့ ဝန်ဇင်းစာချစ်သူများအနေနဲ့ ဆရာမကြီးရဲ့ ဒီစာအုပ်ကို ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှု လိုက်ကြရအောင်လားခင်ဗျာ ။ 

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့ပါနဲ့ဦးနော် ... ????
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 

ဝန်ဇင်းစာချစ်သူများ နှစ်ကူးအတာသင်္ကြန်ကာလမှာ ကျန်းမာပျော်ရွှင်ပါစေကြောင်း ဝန်ဇင်းဝိုင်းတော်သားများက ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာ ... ။ 


Related Posts