Wun Zinn's Choice of the Week (19)


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …

ဒီတစ်ပတ်ရုံးပိတ်ရက်မှာ ဝန်ဇင်းစာချစ်သူတွေ အနားယူရင်း ဖတ်ရှုနိုင်ဖို့အတွက် ကျွန်တော်တို့ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍကနေ ရွေးချယ်ပေးထားတဲ့ စာအုပ်ကောင်း တစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေ။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာမ သန်းမြင့်အောင် ရေးသားတဲ့ “ပြောလို့မကုန်သောဝတ္ထုများ” ပဲ ဖြစ်ပါတယ်ခင်ဗျ။ ဒီစာအုပ်နဲ့ ပတ်သက်ပြီး စာချစ်သူတို့ အနည်းငယ် သိရှိခံစားနိုင်ဖို့အတွက် စာအုပ်အညွှန်းကို အောက်ပါအတိုင်း တင်ဆက်ပေးလိုက်ပါတယ်။

ဖတ်ညွှန်း

စာကောင်းကောင်းကလေးများ ဖတ်ရပြီဆိုလျှင် တစ်ပုဒ်ပြီးတစ်ပုဒ် ဆက်တိုက် ဖတ်ချင်ကြသည်မှာ စာဖတ်သူတိုင်း၏ အာသီသဖြစ်ပါသည်။ ယခုစာအုပ် ပြောလို့မကုန်သသော ဝတ္ထုများတွင် ဆရာမ သန်းမြင့်အောင်၏ ဝတ္ထုတို ဝတ္ထုလတ် ၉ ပုဒ်ပါရှိပါသည်။ သန်းမြင့်အောင်သည် အရေးအသားပိုင်း ညက်ညောသည်သာမက ဝတ္ထုရေးသည့် အကြောင်းအရာပိုင်းမှာလည်း လက်ဖျားခါရလောက်သူ ဖြစ်ပေ၏။ ဝတ္ထု ၉ ပုဒ်စလုံးသည် ပစ်ရက်စရာ တစ်ပုဒ်မှ မရှိ။ ကောင်းလှပေသည်၊ အရသာရှိလှပေသည်ဟု ညွှန်းဆိုလိုက်ပါသည်။

ဆရာမ သန်းမြင့်အောင်ရဲ့ ဝတ္ထုတိုများသည် 'အဆာ'ကောင်းကောင်း သွတ်ထားသော 'စမူဆာ'ကလေးများနှင့် ပမာတူသည်ဟု ဆိုစကားရှိသည်။ ပြောချင်သည်မှာကား 'အဆာ'ကောင်းကောင်း သွတ်ထားသော 'စမူဆာ'ကလေးများ စားရပြီဆိုလျှင်တစ်ခုပြီးတစ်ခု ဆက်ကာဆက်ကာ စားချင်သကဲ့သို့ စာကောင်းကောင်းကလေးများ ဖတ်ရပြီဆိုလျှင် တစ်ပုဒ်ပြီးတစ်ပုဒ် ဆက်တိုက် ဖတ်ချင်မိပါစေသည်။ 

သန်းမြင့်အောင်ရဲ့ စာအရေးအသားနဲ့ ပက်သက်၍ 'ဖတ်ပြီးလျှင် စာဖတ်သူရင်ထဲမှာ ဝေဒနာတစ်ခုခု ချန်ထားခဲ့ခြင်းနှင့် ရေပက်မဝင်အောင် ပိရိသေသပ်သည်'ဟု ဖတ်ခဲ့ဖူးပါသည်။ သန်းမြင့်အောင်သည် အရေးအသားပိုင်း ညက်ညောသည်သာမကဝတ္ထုရေးသည့် အကြောင်းအရာပိုင်းမှာလည်း လက်ဖျားခါရလောက်သူ ဖြစ်ပေ၏။ 

ဆရာမသန်းမြင့်အောင်သည် လူမှုရေးနှင့် ပရဟိတလုပ်ငန်းများကို စိတ်ပါဝင်စားသည်ဖြစ်ရာ -
မိဘမဲ့ကလေးများ ပြုစုပျိုးထောင်ခြင်း
ပညာဒါနကျောင်းများ ဖွင့်လှစ်သင်ကြားပေးခြင်း
လူငယ် ယဉ်ကျေးလိမ္မာသင်တန်းများ ပို့ချခြင်း
သွေးလှူရှင်အဖွဲ့များ ဖွဲ့စည်းလှူဒါန်းခြင်း
HIV/AIDS ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများ 
အနာကြီးရောဂါ ကာကွယ်ရေး
အနာကြီးရောဂါသည်ဟောင်းမိသားစုများ ဘဝရှင်သန်ရပ်တည်ရေး
စိတ်ရောဂါအထူးကုဆေးရုံကြီး၏ စိတ်ကုထုံးသစ်ရှာဖွေရေး
HIV ကူးစက်ခံ မိဘမဲ့ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရန် သုခရိပ်မြုံဂေဟာ ထူထောင်ခြင်း စသည်များကို အင်တိုက်အားတိုက် စိတ်ပါဝင်စားစွာ ပြုလုပ်သော စာရေးဆရာမတစ်ဦးဖြစ်သည့် အားလျော်စွာ ဝတ္ထုတစ်ပုဒ်ခြင်းစီကို ချဉ်းကပ်သောအကြောင်းအရာပိုင်းမှာလည်း တကယ့်လက်တွေ့လူနေမှုဘဝနှင့် အလွန်နီးစပ်သည်ကို တွေ့ရမည်ဖြစ်၏။ 

ယခုစာအုပ် 'ပြောလို့မကုန်သော ဝတ္ထုများ' တွင် သန်းမြင့်အောင်၏ ပင်ကိုယ်ရေး ဝတ္ထုတို/ဝတ္ထုလတ် ၉ ပုဒ်ကို ဖတ်ရပါမည်။ 

၁။ အကျော်တစောနဲ့ ပြောလို့ မကုန်ပေါင်
၂။ သဒ္ဒါရုံ
၃။ အရောင်များကို လုယက်ခြင်း
၎။ ရောင်စုံပန်းခင်း
၅။ ဒိုင်ယာဇီဗင်ည
၆။ ဘဝကို အရောင်ခြယ်ကြသူများ
၇။ ရင်ငွေ့ပန်း
၈။ ဆူးပန်းတစ်ပွင့်၏ သိပ်သည်းဆ
၉။ ဘဝထဲက ချင်းတွင်းဝိညာဉ် ဟူ၍ ပါရှိပါသည်။

အကျော်တစောနဲ့ ပြောလို့မကုန်ပေါင်တွင် အညာဒေသဘက်မှ ဘုန်းကြီးပျံ ကျင်းပပုံအား ကိုယ်တိုင်ရောက်သွားပြီး ကြည့်နေရသကဲ့သို့ ဖတ်ရှုရမည်ဖြစ်သည်။ ဝတ္ထုဖြစ်သည့် အားလျော်စွာ ဝတ္ထုနောက်ခံတွင် ငယ်ရည်းစားများဖြစ်ခဲ့သော်လည်း ကွဲခဲ့သည့် ကိုဘုန်းကျော်နှင့် မခင်ထားတို့ ၂ ဦး၊ ဘုန်းကြီးပျံတွင် ပြန်လည်ဆုံစည်းကြပုံကို အရေးသွက်သွက် အရေးညက်ညက်ဖြင့် ရေးထားသည်ကား ဖတ်ရသည်မှာ အလွန်အရသာရှိလှပေ၏။ 

သဒ္ဒါရုံဝတ္ထုတွင်မူ တစ်ဦးတည်းသော သမီးလေးတာရာမှ မိမိဖခင်ထက် ဆယ်နှစ်သာငယ်သူ မုဆိုးဖို၊ တစ်ခုလပ်(အိမ်ထောင်၂ဆက်ရှိခဲ့သူ) ကလေးအဖေ ဦးတိုင်းအောင်နှင့် အိမ်ထောင်ပြုခဲ့ပြီး ကြုံတွေ့ရသော အကြောင်းများအား ရေးထားသောအိမ်ထောင်ရေး ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ ပုံမှန်ဖတ်ရှုနေကြ ဇာတ်သိမ်းမဟုတ်သည့် ဤဝတ္ထုသည် အဆုံးကို ဖတ်ပြီးလျှင် အထက်တွင်ပြောခဲ့သည့်အတိုင်း ဝေဒနာတစ်ခုခုကို ချန်ထားခဲ့မည်ဖြစ်ပါသည်။ 

အရောင်များကိုလုယက်ခြင်းတွင်လည်း အနာကြီးရောဂါသည်တွေကြားကို သွားရောက် ဗော်လန်တီယာလုပ်ဆောင်ပေးသူချစ်ချစ်ညိုနဲ့ သူ့ချစ်သူ ကိုကိုကြားက ဇာတ်လမ်းကို ရေးထားတာ ဖတ်တဲ့သူအဖို့မှာ ဝတ္ထုတစ်ပုဒ်ဖတ်ရင်း ဗဟုသုတရောရသပါ အရသာစုံ ခံစားသွားရစေပါမည်။ 

ရောင်စုံပန်းခင်းမှာဆို သူငယ်ချင်းတွေ အုပ်လိုက်ကြီး တပျော်တပါး ညီညီညွတ်ညွတ် ပူးပေါင်းလုပ်ကြ၊ ပျော်ကြရ၊ ချစ်ကြခင်ကြတာတွေကို ဖတ်ရတာ ပါးစပ်မစေ့နိုင်အောင် တခိခိနဲ့ ဖတ်ခဲ့ရပါသည်။ 

ဆူးပန်းတစ်ပွင့်၏ သိပ်သည်းဆကတော့ ဖတ်တဲ့သူတိုင်း ရင်ထဲကို ထိသွားစေမယ့် ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ ဆရာမရဲ့ ရေးဟန်ကလည်း ဝတ္ထုကို ပိုကြွစေ၏။ အဓိကဇာတ်ကောင် ၂ ဦးဖြစ်တဲ့ အိအိခင်နှင့် ကိုမြင့်ဦးတို့ လင်မယားကြားက ဇာတ်လမ်းကိုအိအိခင်ရဲ့ ညီိမနေရာကနေ ရေးပြထားတာက စာဖတ်သူအနေနဲ့ ဇာတ်ကောင်တွေနဲ့အတူလိုက်ပြီး ခံစားနေရစေမှာပါ။ နယ်ဘက်ကရွာကြီးတစ်ရွာက ချောမောလှပတဲ့ အိအိခင်ကို မြို့က ပညာတတ်၊ ဥစ္စာရှိပေမယ့် ရုပ်ရည်မချောမောတဲ့အပြင် အိအိခင်နဲ့ အသက်ကွာတဲ့ ကိုမြင့်ဦးကို လူကြီးတွေ သဘောကျစီစဉ်ပြီး လက်ထပ်စေရာက အိအိခင်အဖို့ ဒီဇာတ်လမ်းမှာ က ပြဖို့ ဖြစ်လာခဲ့သည်။ မချစ်ပဲ ယူလိုက်ရတဲ့ ကိုမြင့်ဦးနဲ့ ကလေး ၂ ယောက်ရပြီး အိမ်ထောင်သက်အတော်ရလာကာမှ ကိုမြင့်ဦးဟာ စကီဇိုဖရီးနီးယားရောဂါကြောင့် စိတ်ရောဂါကုဆေးရုံကို သွားထားပြီး ကုရသည့် နေ့ရက်များ ရှိလာခဲ့သည်။ နဂိုကတည်းက အချစ်မပါသည့် အိမ်ထောင်ရေးကို စိတ်ပျက်ခဲ့သည့် အိအိခင်အဖို့ ကိုမြင့်ဦးကို စိတ်အပျက်ကြီး ပျက်လာသည့်အခါ ပြောမိ ဆိုမိသည်များကြောင့် သူတို့ အိမ်ထောင်ရေးဇာတ်လမ်းသည် ဖတ်ရသူများ ရင်နင့်စရာများ ကြုံတွေ့ရမည်ဖြစ်သလိုစာရေးဆရာမ၏ ပြောင်မြောက်သောဇာတ်သိမ်းကလည်း ဝေဒနာကြီးကြီးမားမားတစ်ခုကို စာဖတ်သူအား ပေးစွမ်းမည်မှာ မလွဲပါ။ 

ယခုညွှန်းထားသော ဝတ္ထု ၅ ပုဒ်ကဲ့သို့ ကျန်သော ဝတ္ထုများကလည်း ကောင်းလှပါသည်။ ဖတ်ကြည့်ကြပါ။ ကြိုက်မည်မှာအသေအချာပါ။ အဆာကောင်းကောင်းသွတ်ထားသော မုန့်များအား စားရလျှင် မိတ်ဆွေများကို သတိရသကဲ့သို့ ယခုလည်းစာကောင်းပေကောင်း တစ်အုပ်အား ညွှန်းလိုက်ရပေသည်။ 
…..
ကဲ … စာဖတ်သူအတွက် ရသစုံခံစားမှု ပေးစွမ်းနိုင်မယ့် ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများ ရှိဦးမှာမို့ ပြန်လည်အသိပေး မျှဝေဖို့လည်း မမေ့ပါနဲ့ဦး။ 
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။ 

“ဒီပို့စ်လေးကို သဘောကျ နှစ်သက်တယ်ဆိုရင် Like နဲ့ Share လုပ်ပေးဖို့ မမေ့ပါနဲ့ဦးနော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် …. ။ 

Related Posts