Wun Zinn's Choice of the Week (52)


[ ဂျပန်နိုင်ငံရဲ့ လှိုင်းထန်နေတဲ့ကာလကို ဒဿနဆန်ဆန် ပြန်လည်တွေးဆထားတဲ့ ဝတ္ထုတွေ ]

…..

စာအုပ်အမည် - ဆင်တစ်ကောင်လုံးပျောက်ဆုံးခြင်း

ဘာသာပြန်စာရေးဆရာ - ဒီနိုဗို

မူရင်းစာအုပ် - The Elephant Vanishes by Haruki Murakami

ဝန်ဇင်းတွင် ဝယ်ယူဖတ်ရှုနိုင်မည့် ဈေးနှုန်း - မြန်မာငွေ *၆၀၀* ကျပ်

စာအုပ်ဖတ်ညွှန်း - 

“သူ့ရဲ့ စတိုင်က ပဟေဠိဆန်ပြီး အလန့်တကြား ဖြစ်စေတယ်” ( ဖိလစ်ဂေဘရီယယ် ) 

“သူဟာ စာဖတ်သူတွေ မျှော်လင့်ထားတဲ့ အရှေ့တိုင်း အငွေ့အသက်တွေကို ပထမဆုံး ချိုးဖျက်ခဲ့တဲ့ ဂျပန်စာရေးဆရာလည်း ဖြစ်ပါတယ်။ အခုချိန်မှာတော့ သူ့ကို ဂျပန်စာရေးဆရာအဖြစ် မမြင်ကြတော့ပါဘူး” ( အမ်နာဇီလင်စကီအီလီယော့ )

“သူဟာ ကျွန်တော်တို့ခေတ်ရဲ့ အသံလား၊ ဘယ်သူသိနိုင်မလဲ။ ဒါပေမဲ့ ယဉ်ကျေးမှုပေါင်းစုံက လူတွေဆီက ပြန်ကြားရသမျှ သူ့စာတွေဟာ ဖမ်းဆုပ်ဖို့ ခက်ခဲတဲ့ အရည်အသွေးတစ်ခု ရှိနေခဲ့တယ်။ အဲ့ဒီ အရည်အသွေးတွေက သူ့စာတွေကို သက်ဝင်နေစေခဲ့တယ်” ( ဂျေးရူဘင် ) 

“ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်တွေက ကျွန်တော့်ဝတ္ထုကို သုံးလေးကြိမ် ပြန်ဖတ်လေ့ရှိကြတယ်။ ဘာဖြစ်လို့လဲဆို ဖတ်ရလွယ်တာကိုး။ ဒါပေမဲ့ ဝတ္ထုတွေက နားလည်ရတော့ မလွယ်ပါဘူး” ( ဟာယုကီမူယာကာမိ )

ဒီစာအုပ်ရဲ့ Review ရေးသူအမြင်အနေနဲ့ “ဟာယုကီမူယာကာမိ ဆိုတာ သူ့အရေးအသား၊ သူ့ဝတ္ထုတို၊ ဝတ္ထုရှည်၊ အက်ဆေး၊ ဆောင်းပါးတွေကို ဖတ်လိုက်ရချိန်မှာ သူရေးတာတွေက ကိုယ်တောင် ရေးလို့ရတယ်လို့ ထင်ကြပေမဲ့ တကယ့်တကယ် ချရေးရင် သူ့ခြေဖျားတောင် မီဖို့ အလွန့်အလွန် ခက်ခဲတဲ့ စာရေးနည်းမျိုးရေးတဲ့ စာရေးဆရာ လူတော်တစ်ဦးလို့ ပြောလိုက်ချင်တာပဲ”

မူယာကာမိဟာ သူ့ရဲ့ ငါးအုပ်မြောက်စာအုပ် Norweigian Wood ဝတ္ထုနဲ့ ကမ္ဘာ့စာပေလောကမှာ အလွန်အောင်မြင်ထင်ရှားတဲ့ စာရေးဆရာဖြစ်ခဲ့သူပါ။ ယခု စာအုပ် - ဆင်တစ်ကောင်လုံးပျောက်ဆုံးခြင်း - ကတော့ သူ့ရဲ့ ပထမဆုံးဝတ္ထုတိုပေါင်းချုပ် စာအုပ်ပဲ ဖြစ်ပါတယ်။ အဲ့ဒီဝတ္ထုတိုတွေထဲမှာ မူယာကာမိက စိတ်ကူးနဲ့ အစစ်အမှန်၊ အမှတ်ရမှုများနဲ့ ထင်ယောင်မှားမှုများ၊ ပြင်ပရုပ်လောကနဲ့ ရုပ်လွန်နယ်ပယ်တွေကို ရောမွှေရေးသားထားပါတယ်။ 

ဇာတ်ကောင်အများစုက ကောလိပ်ကျောင်းသားတွေ၊ စီးပွားရေးသမားတွေ၊ စတိုးဆိုင်စာရေးတွေ၊ ဂျာနယ်မဂ္ဂဇင်းလုပ်ကြသူတွေ၊ အိမ်မှုကိစ္စဆောင်ရွက်သူတွေဖြစ်ပြီး လောကကြီးကို စိတ်ပျက်မှု၊ ငြီးငွေ့ဘဝင်မကျမှု၊ ဗလာဟင်းလင်းဖြစ်မှု၊ အထီးကျန်မှုစတဲ့ ခေတ်ပေါ်မြို့ပြ ရောဂါလက္ခဏာတွေကို ခံစားနေကြသူတွေပေါ့။ တကယ့်ဘဝထဲမှာ ထင်ယောင်မှားမှုတွေ ဖန်တီးနေထိုင်ကြသယောင် ဇာတ်ကောင်တွေ ဖြစ်တယ်။ ဆိုတော့ကာ ဒီစာအုပ် ဆင်တစ်ကောင်လုံးပျောက်ဆုံးခြင်းထဲက ဝတ္ထုတိုတွေကို အနည်းငယ်လောက်ဖြစ်ဖြစ် မြည်းစမ်းကြည့်ကြရအောင်လားဗျာ။ 

ပထမဆုံးတစ်ပုဒ်က "ဒုတိယအကြိမ် ပေါင်မုန့်ဆိုင် လုယက်မှုအကြောင်း" တဲ့။ လက်ထပ်ပြီိး ၂ ပတ်အကြာမှာ ညသန်းခေါင်ကြီး ဗိုက်ဆာလို့ နိုးလာတဲ့ လင်မယား ၂ ယောက်အကြောင်း။ ယောက်ျားဟာ ဗိုက်ဆာလို့ ပြောရင်းဆိုရင်းကနေ သူတစ်ချိန်က ပေါင်မုန့်ဆိုင်တစ်ဆိုင်ကို ခုလိုပဲ ညကြီးမိုးချုပ်မှာ သူ့သူငယ်ချင်းတစ်ယောက်နဲ့ သွားပြီး လုခဲ့ဖူးတာ မိန်းမကို ပြောပြမိတယ်။ အဲ့တုန်းက သူမထင်ပဲ ရခဲ့တဲ့ ကျိန်စာတစ်ခုက သူနဲ့ သူ့မိန်းမက အစပြုလို့ အခုဇာတ်လမ်းဖြစ်တဲ့ ဒုတိယအကြိမ် ပေါင်မုန့်ဆိုင် လုယက်ခြင်းဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်စေခဲ့တာပါပဲ။ 

"လှပသော ဧပရယ်မနက်ခင်းတစ်ခုတွင် ၁၀၀ ရာနှုန်း ပြည့်စုံသော ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရခြင်း" ဆိုတဲ့ ဝတ္ထုတိုကို ဖတ်လိုက်ရတဲ့ ကျနော့်အတွက်တော့ ဆယ်ကျော်သက်ဘဝကို ခေတ္တရောက်သွားစေခဲ့တယ်။ လူတိုင်းလူတိုင်းမှာ ကိုယ်သိပ်နှစ်သက်တဲ့ ရုပ်ရည်လေးတွေ ရှိနေတတ်တာပဲလေ။ အများအမြင်မှာ ချောမောလှပလွန်းတာမဟုတ်ပေမယ့် တစ်ဦးတစ်ယောက်စီအတွက်တော့ ၁၀၀% လှနေတဲ့ အလှပိုင်ရှင်မျိုး။ ဒီိဇာတ်လမ်းမှာ ငယ်ငယ်က ဆုံခဲ့ကြတဲ့ တစ်ဦးကို တစ်ဦး ရာနှုန်းပြည့် ပြည့်စုံတယ်လို့ သတ်မှတ်ကြတဲ့ ချစ်သူ ၂ ဦး တစ်ချိန်မှာ ပြန်ဆုံတာလေးကို ရေးထားတယ်။ သိပ်လှတဲ့ အလှတရားနဲ့ ဝတ္ထုလေးတစ်ပုဒ်။

တတိယ "အအိပ်" ကတော့ မော်ဒန်ဆန်ဆန် ဝတ္ထုကောင်းလေး။ အိပ်ကို မအိပ်ချင်တော့တဲ့ မိန်းမတစ်ယောက်။ အိပ်မက်ဆိုးလိုလို ဘာလိုလို ကြုံရပြီးနောက်ပိုင်း စာဖတ်တာနဲ့ ရေကူးတာပဲလုပ်ချင်နေတဲ့ အသက် ၃၀ ကျော်အိမ်ထောင်ရှိ အမျိုးသမီးတစ်ယောက်ရဲ့ ဇာတ်လမ်း။ 

လေးပုဒ်မြောက် "မိသားစုအရေး" ကတော့ မူရာကာမိဆိုတာ ဒီလိုဆိုတဲ့ ဝတ္ထုမျိုး။ မောင်နှမ နှစ်ယောက်ထဲနေကြတယ်။ “ကျွန်တော် ဆယ့်ခုနစ်နှစ်သား အရွယ် ကွန်ဒုံး ပထမဆုံး ဝယ်တာကို သူ သိသလို သူ ဆယ့်ကိုးနှစ် သမီးမှာ ပထမဆုံး ဇာနားတပ် အတွင်းခံ ဝယ်တာကိုလည်း ကျွန်တော် သိခဲ့တယ်” အဲ့ဒီလို အကိုရဲ့ အတွင်းရေးတွေကို ညီမသိသလို ညီမအကြောင်းတွေကိုလည်း အကိုကသိတယ်။ ဒီလိုနဲ့ နေလာရင်း ညီမက လက်ထပ်မယ့်ရည်းစားနဲ့ အကို့ကို ပေးဆုံတယ်။ ဇာတ်လမ်းအားဖြင့် ဘာရယ်မဟုတ်ပေမယ့် ဂျပန်က လူငယ်တွေရဲ့ဘဝ၊ အလုပ်အကိုင်ကိစ္စတွေ၊ မိသားစုအချစ် တစိမ်းကိုချစ်တဲ့အချစ် အစရှိတဲ့ ဂျပန်လူငယ်သဘာဝ စရိုက်တွေကို ပီပ်ီိပြင်ပြင်ရေးဖွဲ့ထားတဲ့ ဝတ္ထုတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

နံပတ် (၅) - ပြတင်း။ ပေးစာတွေကို စာပြန်ပေးရတဲ့ အလုပ်ဌာနတစ်ခုမှာ အလုပ်လုပ်တဲ့ လူငယ်လေးတစ်ယောက်။ သူ့အလုပ်က စာတွေကို ဘယ်လိုကောင်းအောင် ရေးရမလဲ အကြံပေးရတာ။ ဆိုရရင် အမျိုးသမီးတစ်ယောက်နဲ့ ရင်းနှီးသွားပါလေရောပေါ့။ အလုပ်စည်းမျဉ်းအရ သူတို့တွေ့ဆုံခွင့်မရှိပေမယ့် ဆုံခဲ့ကြတယ်။ အမျိုးသမီးက အိမ်ထောင်သည်။ သူမဟာ နေ့လယ်စာအဖြစ် အမဲကင်ဟမ်ဘာဂါကို ကျွေးခဲ့တယ်။ သူတို့ ၂ ယောက်က အေးဆေးပဲ။ ဘာမှ မကျူးလွန်ခဲ့သလို ဘာမှလည်း ထပ်မဖြစ်ပါဘူး။ မူယာကာမိရဲ့ အရေးအသားတွေဟာ ဘာမှ မဟုတ်တာတွေကို ဆွဲဆောင်ပြီး ရေးသွားတာ သတိထားမိပါလိမ့်မယ်။ 

ဆဌမမြောက် အပုဒ် "ကချေသည် လူပုလေး" နဲ့ (၇) ပုဒ်မြောက် "ဆင်တစ်ကောင်လုံး ပျောက်ဆုံးခြင်း" နှစ်ပုဒ်က နာမည်နဲ့တင် အတော့်ကို ဆွဲဆောင်မှုရှိနေတယ် မဟုတ်လား။ အဲ့ဒီ နှစ်ပုဒ်ကိုတော့ ဝန်ဇင်းမှာပဲ အပြည့်အဝ အရသာခံစားပြီး ဖတ်လိုက်တော့ဗျ။ အမြည်းသိပ်များသွားရင်လည်း ဟုံသွားမယ် မဟုတ်လား။ 

ဂျပန်နိုင်ငံ ယိုမီယူယီရှင်ဘွန်း ဝေဖန်ရေးဌာနက တက်ဆူအို မက်ဆူဒါက ဂျပန်နိုင်ငံရဲ့ လှိုင်းထန်နေတဲ့ကာလကို ဒဿနဆန်ဆန် ပြန်လည်တွေးဆထားတဲ့ ဝတ္ထုတွေလို့ ချီးမွမ်းထားပါတယ်။ တိုင်ဝမ်က သတင်းစာတစ်စောင်ကလည်း နောင်တချိန်မှာ မူယာကာမိရဲ့ ပုံတွေကို ဂျပန်ငွေစက္ကူတွေမှာ ရိုက်နှိပ်လာလိမ့်မယ်လို့ ခန့်မှန်းထားတယ်။ ဆိုတော့ကာ သင် ဒီဝတ္ထုတို (၇) ပုဒ်တိတိကို စုစည်းထားတဲ့ ဆင်တစ်ကောင်လုံးပျောက်ဆုံးခြင်း စာအုပ်ကို မဖတ်ရသေးဘူးဆိုရင် အခုချက်ချင်း ဘာကိုမှ ဘာအကြောင်းအတွက်နဲ့ စောင့်မနေပဲ ဝန်ဇင်းမှာ ဖတ်ရှုလိုက်ပါတော့လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ 

[ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဒီစာအုပ်လေးကို ခုပဲ ဝန်ဇင်းကနေ ဝယ်ယူဖတ်ရှုနိုင်ပါပြီ။ ]
အခြားစာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်။
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။
…………	
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦး” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……	
စာဖတ်ပရိသတ်ကြီးအတွက် အမြဲတမ်းရှိနေမယ့် ဝန်ဇင်း ....





Related Posts