Wun Zinn's Choice of the Week (60)


ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာကြီး ချားလ်စ်ဒစ်ကင်းရဲ့ ဂန္ထဝင်ဝတ္ထုကြီး - မျှော်တလင့်လင့်
…..
စာအုပ်အမည် - မျှော်တလင့်လင့်
ဘာသာပြန်စာရေးဆရာ - မောင်ထွန်းသူ
မူရင်းစာရေးဆရာ - Charles Dickens
မူရင်းစာအုပ် - Great Expectation

စာအုပ်ဖတ်ညွှန်း - 

အင်္ဂလိပ်စာပေသမိုင်းတွင် အထင်အရှားဆုံး စာရေးဆရာကြီးတစ်ဦးအဖြစ် သတ်မှတ်ခံရသူ ချားလ်ဒစ်ကင်း၏ နာမည်ကျော် မျှော်တလင့်လင့်ဝတ္ထုကြီးကို ယခင် လွန်ခဲ့သည့် နှစ်များစွာက ဆရာကြီး ရွှေဥဒေါင်းမှ အကျဉ်းပြန်ဆိုခဲ့ဖူး၏။ ယခု မောင်ထွန်းသူ ပြန်ဆိုသည့်မူမှာ အပြည့်အစုံ ဘာသာပြန်ထားခြင်း ဖြစ်ပေသည်။ စာရေးဆရာကြီး ဂျော့ဘားနတ်ရှောမှလည်း မျှော်တလင့်လင့်ဝတ္ထုကြီးနှင့် ပတ်သက်ပြီး “ဤစာအုပ်တစ်အုပ်ထဲတွင်ပင် ရသစံလျက်ရှိကာ ရိုးဖြောင့်ခြင်းကို တွေ့မြင်ရသည်” ဟု အမွှန်းတင်ခဲ့လေသည်။ အခြားသော စာပေပညာရှင်များကလည်း ထူးခြားသည့် လက်ရာကောင်းတစ်ပုဒ်အဖြစ် ဝေဖန်သုံးသပ်ကြ၏။

မျှော်တလင့်လင့်ကို ဖတ်ရှုရာတွင် အဓိကဇာတ်ဆောင် ‘ပစ်ပ်’ အား အခြေပြု၍ ၄င်းနှင့် ပတ်သက် ဆက်စပ်သည့် ဇာတ်ကောင်များပါဝင်သော ဇာတ်လမ်းကို ဖတ်ရှုရမည် ဖြစ်သည်။ ပုံမှန်အားဖြင့်မူ အစ်မ ( ၂ ) ယောက်ကို အားကိုးပြု၍ နေရှာသော ပစ်ပ်၏ ဇာတ်လမ်းကို ဖတ်နေရသည် ဖြစ်သော်လည်း ဂရုတစိုက် ဖတ်သည့်အခါတွင်မူကား အခြားသော ဇာတ်ကောင်များသည်လည်း စိတ်ဝင်စားစရာဖြစ်သည်ကို မြင်လာကြပေမည်။ အားလုံးပင် ချစ်စရာကောင်း၍ အားလုံးပင် မုန်းစရာကောင်းသည်။ အားလုံးရယ်စရာကောင်း၍ အားလုံးစိတ်ပျက်စရာကောင်းနေသည်။ 

ချားလ်စ်ဒစ်ကင်းသည် ရှေ့နေရုံးတစ်ရုံး၌ အသက် ( ၁၅ ) နှစ်အရွယ်က အလုပ်လုပ်ခဲ့ဖူး၏။ ထိုစဉ်ကတည်းက ရုံးသို့ လာရောက်သူများအား သေချာလေ့လာပြီး မှတ်စုထဲ၌ ရေးမှတ်ထားတတ်သည်။ ထိုအကျင့်စရိုက်မျိုး ရှိခဲ့သည့် ချားလ်စ်ဒစ်ကင်းသည် စာရေးဆရာ ဖြစ်လာသောအခါ လူ့စရိုက်ကို ပီပြင်အောင် ရေးဖွဲ့နိုင်ခဲ့သည်။ 

မျှော်တလင့်လင့်သည် တကယ်တမ်းအားဖြင့်မူ ထူးကဲသော နိမိတ်ပုံပြ ဝတ္ထုတစ်အုပ်ဖြစ်သည်။ ဆင်းရဲခြင်း၊ ထောင်သင်္ဘောများနှင့် ခြေကျင်းခတ်ခံထားရသော အကျဉ်းသားများ၊ တမူထူးသော ဇာတ်ကောင် မစ္စဗေဗီရှန်၊ လှပသော်လည်း မြုံစိစိနိုင်သည့် အက်စတယ်လာ၊ မပါးနပ်ဘဲ ခပ်တုံးတုံး ပန်းပဲသမားဂျိုးတို့သည် အရောက်တောက်ပစွာ လင်းလက်နေသော ဝတ္ထုထဲမှ ဇာတ်ကောင်များဖြစ်ကြသည်။ ဝတ္ထုဆိုလိုရင်း အာဘော်အဖြစ် ချမ်းသာခြင်းနှင့် ဆင်းရဲခြင်း၊ ချစ်ခြင်းမေတ္တာနှင့် ငြင်းပယ်ခံရမှုတို့အပြင် နောက်ဆုံးမှာ အောင်ပွံခံရခြင်းဆိုသည့် အချက်တွေကို ဖတ်ရှုမိရမည် ဖြစ်၏။ 

ချားလ်စ်ဒစ်ကင်းသည် ဝတ္ထုများကို ရေးရာ၌ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနှင့် ဖတ်ကောင်းရုံသက်သက်မျှ ရေးခြင်းမဟုတ်ဘဲ သူ့ခေတ်သူ သူ့နိုင်ငံ၌ ဝေဖန်စရာ၊ ပြုပြင်စရာ၊ လူမှုအနိဋ္ဌာရုံများကိုပါ ထည့်သွင်းရေးသူဖြစ်သည်။ ငယ်စဉ်ကတည်းက ဆင်းရဲစွာ နေခဲ့ရပြီး ကြွေးပတ်လည်ဝိုင်းနေသော မိသားစုကို ရရာအလုပ်များ ရှာကြံလုပ်၍ ထောက်ပံ့ကျွေးမွေးခဲ့သူတစ်ဦး ဖြစ်၏။ ထို့ကြောင့်လည်း သူ့ဝတ္ထုများ၌ လက်လုပ်လက်စား ဆင်းရဲသားများနှင့် အဖိနှိပ်ခံလူတန်းစားတို့ကို ကိုယ်ချင်းစာ ကရုဏာထားသည့် သဘောတရားများ ထည့်သွင်းရေးသားသည်ကို တွေ့ရလေမည်။ 

ဆရာကြီး ရွှေဥဒေါင်းမှလည်း “ဤမျှော်တလင့်လင့်ဝတ္ထုမှာ ကမ္ဘာကျော်စာရေးဆရာကြီး ချားလ်စ်ဒစ်ကင်း၏ ဝတ္ထုများအနက် အကောင်းဆုံးအုပ် ဖြစ်သည့်အပြင် လူငယ်ကြိုက် စွန့်စားခြင်းဆိုင်ရာ အဖြစ်အပျက်များသာမက လူ့သဘာဝကို နှိုက်နှိုက်ချွတ်ချွတ် ကုပ်ကုပ်ကပ်ကပ် လတ်လတ်ဆတ်ဆတ် ရွှင်ရွှင်လန်းလန်း ဖော်ပြရာတွင် ပြိုင်ဘက်မရှိသလောက် မှတ်ယူကြရသော ဆရာကြီးတစ်ဦး၏ လက်ရာမျိုးဖြစ်သည်” ဟု ချီးကျူးဂုဏ်ပြုထားလေ၏။ 

အချုပ်အားဖြင့် ဆိုရရင် ကမ္ဘာ့ဂန္ထဝင်စာပေတန်းဝင် မျှော်တလင့်လင့်ဝတ္ထုကြီးမှာ စာပေကို ချစ်မြတ်နိုးသူတိုင်း ဖတ်ရှုထားသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း ညွှန်းဆို တိုက်တွန်းလိုက်ရပါတော့သည်။ 

။	။ ဝန်ဇင်းစာချစ်သူတို့လည်း ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ဒီပို့်စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်။ 

Related Posts