Wun Zinn's Choice of the Week (40)


ဖတ်ကြည့်လိုက်တာနဲ့ ‘ကြွေ’ ဆင်းသွားမယ့် ‘ကြွေ’ ရုပ်ရှင်ကားကြီးရဲ့ မူရင်းဝတ္ထု - ပြောတိုင်းယုံတဲ့ ပုတ်သင်ညို

ရုပ်ရှင်ချစ်ပရိတ်၊ စာချစ်ပရိသတ်ကြီးတို့ရေ 

မင်္ဂလာပါဗျို့လို့ အားရပါးရ နှုတ်ခွန်းဆက်လိုက်ပါရစေ။

ရုပ်ရှင်ပိုစတာ စထွက်ကတည်းက နာမည်ကြီးနေတဲ့ ( အဟဲ ) ‘အိချောပို’ နဲ့ ‘လွှမ်းပိုင်’ တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ “ကြွေ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒီနေ့မှစ ရုံတင်ပြသနေပြီဗျ။ ဒါနဲ့ … ဒီရုပ်ရှင်ရဲ့ မူရင်းဝတ္ထုက စာရေးဆရာ ဆရာမင်းလူရဲ့ လက်ရာတစ်ပုဒ်နော်။ ဝတ္ထုကို ဝန်ဇင်းစာချစ်ပရိသတ်ကြီး ဖတ်ပြီးပြီလားမသိဘူး … မဖတ်ရသေးရင် ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုဖို့လည်း မမေ့ပါနဲ့ဦးဗျ။ 

ဒီတစ်ပတ်အတွက် ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍမှ ရွေးချယ်ထားတဲ့ ဝတ္ထုရဲ့နာမည်ကတော့ - “ပြောတိုင်းယုံတဲ့ ပုတ်သင်ညို” တဲ့၊ ဆရာမင်းလူရဲ့ ချစ်စရာကောင်းတဲ့ ဝတ္ထုလက်ရာတွေထဲက တက္ကသိုလ်နောက်ခံ လူငယ်အချစ်ဟာသ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဟာသဇာတ်မြူးလည်း ပါတယ်၊ အတည်အခန့် အချစ်ဇာတ်လမ်းလည်း ပါတယ်။ တစ်ခုတော့ သတိပေးပါရစေ၊ စာဖတ်နေရင်း ရန်ခုန်သံတွေ ကြွေဆင်းသွားမှာစိုးလို့ နှလုံးသားကိုတော့ သံမှိုနဲ့စွဲမလား၊ တွယ်ချိတ်နဲ့ တွယ်ထားမလား၊ တစ်ခုခုတော့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ 

“ခင်ရင်တင်က ဒီနေ့ ဘယ်သူနဲ့တွဲမယ်ဆိုတာ ကြိုတင်ပြောမထားတတ်ဘူး၊ ဘယ်သူ့ကိုမှလည်း အချိန်းအချက်လုပ်မထားဘူး၊ သူ အတန်းထဲက ထွက်လာတဲ့အခါ မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်မယ်၊ ပြီးတော့ သူ မျက်စိကျတဲ့လူတစ်ယောက်ရှေ့မှာ သွားရပ်ပြီး ဆာလိုက်တာ၊ တစ်ခုခုစားရင်ကောင်းမယ်လို့ ပြောလိမ့်မယ်၊ အဲ့ဒါဆိုရင် ဒီနေ့အဖို့ အဲဒီကောင်ဟာ မဟာကံထူးရှင်ပဲ” ( ကျော်နန္ဒ ) 

ရန်ကုန်တက္ကသိုလ်နောက်ခံဖြစ်တဲ့ ဆရာ့ရဲ့ဝတ္ထုဟာ ရိုးရိုးရှင်းရှင်းပဲ။ ဒါပေမဲ့ ဖတ်ကြည့်လိုက်တဲ့အခါ ဇာတ်လမ်းလေးက အရမ်း ချစ်ဖို့ကောင်းနေတယ်။  အဓိက လူငယ်ဇာတ်လိုက်က ‘နေမင်းမောင်’ ဆိုတဲ့၊ တက္ကသိုလ် ကာယအလှမယ်ရွေးပွဲ မှတ်တမ်းဗီဒီယိုကတစ်ဆင့် ‘ခင်ရင်တင်’ ကို မြင်ဖူးပြီး မကြင်ခင်ကတည်းက ရူးချင်နေသူ၊ ခင်ရင်တင်ရဲ့ အလှကို စာဖွဲ့ပြလိုက်တာများ … စာဖတ်သူက RS တစ်ယောက်ဆိုရင် လက်ရှိအတွဲနဲ့ ပြတ်ပြီး၊ ခင်ရင်တင်လို မိန်းကလေးမျိုးကို တက္ကသိုလ်မှာ ရှာပုံတော်ဖွင့်လောက်ပါရဲ့ ….. ။

ခင်ရင်တင်က ဆွဲဆောင်မှုရှိတယ်၊ လှတယ်။ သူ့ရဲ့ လှပ ဆွဲဆောင်မှုရှိပုံက မြင်းတစ်ပြေးအလှ ကွမ်းယာတစ်ညက်အလှ မဟုတ်ဘူး။ တစ်နေကုန်ထိုင်ကြည့်နေလည်း အချိန်ရဲ့တိုက်စားမှုအောက်မှာ လျော့မသွားတဲ့အလှ။ ခုနစ်ရက် ရေမချိုးဘဲနေရင်တောင် လှပါတယ်လို့ ခေါင်းညိတ်မိမယ့် ပုံစံမျိုး။ သူနဲ့ တစ်ခါလောက်စကားပြောမိရင် နောက်ထပ် မပြောဘဲ မနေနိုင်အောင် ဖြစ်သွားစေမယ့် ညှို့ဓာတ်ပိုင်ရှင်တစ်ယောက်။ ဒါပေမဲ့ သူဟာ ယောက်ျားလေးတွေကို ကစားစရာလို သဘောထားတယ်။ မာနကို အပွန်းအပဲ့မခံဘူး၊ ဘယ်ကိစ္စပဲဖြစ်ဖြစ် ကိုယ်ကပဲ အနိုင်ရလိုသူ ….. ။ 

“ငါကတော့ အရှုံးမခံနိုင်ဘူး၊ ဒါကြောင့် ဘယ်သူ့အချစ်ကိုမှ လက်မခံသေးဘဲ နေခဲ့တာပေါ့၊ ပြီးတော့ ဘယ်သူ့ကိုမှ ကြာရှည်မတွဲဘူး၊ သိပ်ရင်းနှီးလာရင် အခွင့်အရေးကို လိုချင်လာတယ်မဟုတ်လား၊ ဒီတော့ အခုအချိန်ထိ ငါ့အသားကိုတောင် အထိမခံဘဲနေခဲ့တာ နင်တို့အသိပဲလေ” ( ခင်ရင်တင် ) 

အပြင်မှာ မမြင်ဖူးခင်ကတည်းက စွဲလမ်းနေပါတယ်ဆိုတဲ့ နေမင်းမောင်ရဲ့ ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် သက်ရှိထင်ရှားကြီး ကိုယ်ထင်ပြ ရောက်ရှိလာတဲ့ ခင်ရင်တင်၊ ကြက်ကလေး ငှက်ကလေးအဖမ်းခံရသလို နှလုံးသားတစ်ခုလုံး သူမဆီပါသွားတဲ့ နေမင်းမောင်ဟာ တကယ်တော့ သူမကို အရမ်းချစ်ပြီး “ပြောတိုင်းယုံတဲ့ ပုတ်သင်ညို” တစ်ကောင်အဖြစ် ဗီဇာမလိုဘဲ အရှင်လတ်လတ် ဘဝပြောင်းသွားတယ်။ 

“လုပ်ချင်တာလုပ်တယ်ဆိုတာမှာလည်း အနိုင်ယူတဲ့ ကိစ္စနဲ့ချည်းပဲ ဆိုင်တာမဟုတ်ပါဘူးကွာ၊ ကိုယ် အလျှော့ပေးချင်တဲ့ လူအပေါ် ဘယ်သူတွေက ဘာကြီးပြောနေနေ အရှုံးပေး လိုက်လျောနေတယ်ဆိုတာကိုရော ခေါင်းမာတယ်လို့ ခေါ်နိုင်တာပဲ မဟုတ်လား” ( နေမင်းမောင် ) 

ဆရာ့ရဲ့ဝတ္ထုတွေမှာ အမြဲတမ်း သမားရိုးကျဇာတ်လမ်းတွေနဲ့ ကွဲသွားတတ်တာ တစ်ခုက မထင်မှတ်ထားတဲ့ ဇာတ်လမ်းမျိုးကို စာဖတ်သူ မထင်မှတ်ချိန်မှာ လှုပ်လှုပ်ရှားရှား ဖြစ်စေလိုက်တာပါပဲ။ ခုဝတ္ထုထဲမှာလည်း လူငယ်ဇာတ်လမ်းဆိုလို့ နေမင်းမောင်နဲ့ ခင်ရင်တင်၊ ဘေးက အပေါင်းအသင်းတွေချည်း ပါမယ်မထင်နဲ့၊ ဇာတ်လမ်းရဲ့ အစမှာကတည်းက နေမင်းမောင်ရဲ့ ( မတည့်အတူနေ ) အဖေနဲ့ အမေတို့ကြားက ကြောင်နဲ့ကြွက်ဇာတ်လမ်းကိုလည်း ကြားညှပ်ပြီး ခင်းခင်းသွားတယ်။ ဘာလို့ ဒီလူကြီးတွေရဲ့ ဇာတ်လမ်းက ပါနေတာလည်းဆိုတာကို စာရေးသူက ဇာတ်သိမ်းမတိုင်ခင်မှာ ဖွင့်ချသွားတယ်။ သြော် … ဒီလိုကိုးလို့ ဆိုရမလို။

ခင်ရင်တင် ဟာ အခြားယောက်ျားလေးတွေကို ကစားသလိုမျိုး၊ နေမင်းမောင်ကို အကွက်ရွှေ့သွားမှာလား။ နေမင်းမောင်ရဲ့ အချစ်ဟာ သူမရဲ့ မာနနဲ့ မထီလေးစားလုပ်တတ်တဲ့ အမူအကျင့်တွေအောက်မှာ ပျောက်ကွယ်သွားမှာလား … ဆိုတာကတော့ ရုပ်ရှင်လည်းကြည့်၊ စာအုပ်လည်းဖတ်။ ရုပ်ရှင်ကပေးတဲ့ ရသကိုလည်း ခံစားကြည့်ဖို့ တိုက်တွန်းချင်သလို ဝတ္ထုကပေးတဲ့ ရသကိုလည်း ဖတ်ရှုခံစားကြည့်ဖို့ မမေ့ပါနဲ့လို့ ဒုတိယမ္ပိ တိုက်တွန်း ညွှန်းဆိုလိုက်ပါရစေဗျာ။

ကဲကဲ … Spoil ဖြစ်မှာစိုးလို့ ဆက်ပြီးလေမပေါတော့ပါဘူး။ ဆရာမင်းလူရဲ့ စာချစ်ပရိသတ်တွေအနေနဲ့ “ကြွေ” ရုပ်ရှင်ကားကြီးရဲ့ မူရင်းဝတ္ထုဖြစ်တဲ့ “ပြောတိုင်းယုံတဲ့ ပုတ်သင်ညို” ကို ဖတ်ရှုဖို့၊ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၁,၀၀၀* တည်းဖြင့် မိုဘိုင်းဖုန်းထဲမှတစ်ဆင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားဗျာ။ 
…………
ဆရာမင်းလူရဲ့ ဝတ္ထုတွေအပြင် အခြား သုတ၊ ရသ စာအုပ်မျိုးစုံ၊ ဘာသာပြန် ဂန္ထဝင်ဝတ္ထုကြီးများကိုလည်း ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။




Related Posts