Wun Zinn's Choice of the Week (42)


Super Sunday!!!

ကဲ  … ဒီနေ့ကတော့ တစ်ပတ်ရဲ့ အကောင်းဆုံးနေ့လို့ ပြောရမလားပဲ၊ အများပြည်သူ အလုပ်ပိတ်ရက် ရုံးပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့ကို ရောက်လို့လာပြီပေါ့ဗျာ။ ဒီတော့ခင်ဗျ၊ စာချစ်သူတို့ရော ဘာအစီအစဉ်ရှိလဲ၊ မစီမစဉ်ရသေးရင်တော့ ခုမိတ်ဆက်မယ့် စာအုပ်ကို ဖတ်ဖို့ စီစဉ်လိုက်ပါတော့လို့ ဆိုချင်ပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍကနေ စာအုပ်ကောင်းတစ်အုပ်ကို ရွေးချယ်ထားတယ်ခင်ဗျ။ စာအုပ်နာမည်ကတော့ - “အရက်သမား အမှားတစ်ခါ”

ရေးသူက နိုင်ငံကျော် စွယ်စုံရ အနုပညာရှင်၊ စာရေးဆရာ - သုမောင်


အရက်သမား အမှားတစ်ခါ ... လူထုဦးလှက အရက်သမား အမှားတစ်ထောင်တဲ့၊ သုမောင်ကတော့ ရှင်းတယ်။ အမှားတွေကို ရေတွက်မနေဘူး။ တစ်ခါသောက် တစ်ခါမှားတယ်တဲ့။ ဘုရားစင်မှ လွဲ၍ နေရာတိုင်းမှာ အရက်ပုလင်းရှိပါသည်။ မိုးလင်းလင်းချင်း သောက်ဖို့ ရေခဲသေတ္တာထဲမှာ တစ်ပုလင်း၊ ပြီးတော့ အမြည်းစားရင်း သောက်ဖို့ ကြောင်အိမ်ထဲမှာ တစ်ပုလင်း၊ မျက်နှာသစ် ရေချိုးရင်းသောက်ရန် ရေချိုးခန်းထဲမှာ တစ်ပုလင်း၊ အိမ်သာထဲမှာ တစ်ပုလင်း၊ အဝတ်အစားလဲရင်း သောက်ရန် ဗီရိုထဲမှာ တစ်ပုလင်း၊ အဝတ်အစားထည့်သည့် ခြင်းထဲတွင်ပင်တစ်ပုလင်း၊ ည အိပ်ယာဝင်သောက်ရန် ခုတင်အောက်မှာ တစ်ပုလင်း၊ အပြင်ထွက်ရင်း သောက်ရန် မော်တော်ကားထဲမှာ တစ်ပုလင်း၊ ဒါတောင် လမ်းတွင် တွေ့သမျှဆိုင်တွေ စွတ်ကယ် စွတ်ကယ် ဝင်သောက်သေးသည် ဆိုတဲ့ သုမောင်က သူ့ရဲ့ အရက်သမားဘဝ အတွေ့အကြုံတွေကို အရှင်းဆုံး ဒိုးဒိုးဒေါက်ဒေါက် ရေးပြထားတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်


အသက် ၁၆ နှစ်မှာ ဆရာသမားနဲ့အတူ အာလူးပြုတ်ရည် ( ဘီယာကို သုမောင်တို့ ဆရာတပည့် အခေါ်အဝေါ် ) ကို စသောက်ခဲ့သူ၊ နိုင်ငံကျော်စွယ်စုံအနုပညာရှင် သုမောင်ရဲ့ အရက်နဲ့ပက်သက်ပြီး ကြုံတွေ့ခဲ့ရတဲ့ ဇာတ်လမ်းတွေအကြောင်း၊ သုမောင်ကိုယ်တိုင် သုမောင်ဟန်အတိုင်း အရှိကို အရှိအတိုင်း ဘွင်းဘွင်းရှင်းရှင်း ဖောက်သည်ချထားတဲ့ ဇာတ်လမ်းလေးတွေ ဖြစ်ပါတယ်။  ( သုမောင်အကြောင်းဆိုပေမယ့် သုမောင်နဲ့ထိစပ် ပက်သက် ဆက်နွယ်တဲ့သူတွေ သောက်ကြတဲ့အကြောင်းတွေလည်း ပါပါတယ်။ )


တစ်ခါသောက် တစ်ခါမှားတယ်ဆိုတဲ့ သုမောင် ဘယ်နေရာတွေမှာသောက်လည်းဆို နေရာတကာ သောက်တယ်။ ( မြန်မာပြည်တင်မက နိုင်ငံခြားရောက်လည်း မြန်မာပြည်မှာလို  နေ့ရောညရော ကစ်တာပဲ ) ဘယ်အချိန်သောက်လည်းဆို ဘယ်အချိန်မဆို သောက်တယ်၊ ဘယ်သူတွေနဲ့သောက်လည်းဆို လူတကာနဲ့လည်း သောက်တယ်၊ တစ်ယောက်တည်းလည်း သောက်တယ်။ တစ်ခုပဲ၊ သုမောင်တစ်ယောက် ရှောင်ရတာ တစ်ခုပါပဲ။ အဲ့ဒါက အရက်ဆန့်ကျင်ရေးသမားကြီးဖြစ်တဲ့ သူ့အဖေ ဦးသာဓုပါပဲ။ အရက်သမားသုမောင်နဲ့ အရက်ကို ကိုယ်တိုင်လုံးဝ မသောက်ရုံမျှမက သူများ သောက်တာကိုပါ မနှစ်သက်တဲ့ ဦးသာဓုကြားက ပြုံးစရာ ဇာတ်လမ်းလေးတွေနဲ့ ဒီစာအုပ်ကို စ ဖတ်ရမှာပါ။ ( အဖေမကြိုက်တဲ့ အရက်ကို ခိုးသောက်ပြီး အရက်နံ့မထွက်အောင်လုပ်ပေမယ့် အဖေကသိပြီး ပြဿနာတက်တာမျိုးတွေ၊ အရက်သမားသုမောင်နဲ့ ဆေးလိပ်ကို တောက်လျှောက်သောက်တဲ့ Chain Smoker ကြီး သာဓုတို့ရဲ့ အိမ်တွင်း စာတန်းတိုက်ပွဲတွေ ... ဖတ်ရတာ ရယ်ရသလို မှတ်သားစရာများလည်း ပါပါရဲ့)


အရက်သမား အမှားတစ်ခါ ဆိုတဲ့ ဒီစာအုပ်ကို သုမောင်ရေးတယ်ဆိုတော့ သုမောင်ရဲ့ အိမ်မှာ အရက်ကို ဘယ်ပုံဘယ်နည်း သောက်တယ်ဆိုတာ စာအုပ်တစ်နေရာမှာ ဒီလိုရေးထားတာ ဖတ်ရပါလိမ့်ပါမယ်။


"ကျွန်တော်သည် ၂၄ နာရီသောက်သူ ဖြစ်သည်။ ကျွန်တော် သောက်ကောင်းစဉ်ကာလက သောက်နှုန်း၊ သောက်သော အရက်အမျိုးအစား၊သောက်ပုံသောက်နည်းသည် လက်လန်လောက်သည်။ ကျွန်တော့်အိမ်တွင် ဘုရားစင်မှ လွဲ၍ နေရာတိုင်းမှာ အရက်ပုလင်းရှိပါသည်။ မိုးလင်းလင်းချင်း သောက်ဖို့ ရေခဲသေတ္တာထဲမှာ တစ်ပုလင်း၊ ပြီးတော့ အမြည်းစားရင်း သောက်ဖို့ ကြောင်အိမ်ထဲမှာ တစ်ပုလင်း၊ မျက်နှာသစ် ရေချိုးရင်းသောက်ရန် ရေချိုးခန်းထဲမှာ တစ်ပုလင်း၊ အိမ်သာထဲမှာ တစ်ပုလင်း၊ အဝတ်အစားလဲရင်း သောက်ရန် ဗီရိုထဲမှာ တစ်ပုလင်း၊ အဝတ်အစားထည့်သည့် ခြင်းထဲတွင်ပင် တစ်ပုလင်း၊ ည အိပ်ယာဝင်သောက်ရန် ခုတင်အောက်မှာ တစ်ပုလင်း၊ အပြင်ထွက်ရင်း သောက်ရန် မော်တော်ကားထဲမှာ တစ်ပုလင်း၊ ဒါတောင် လမ်းတွင် တွေ့သမျှဆိုင်တွေ စွတ်ကယ် စွတ်ကယ် ဝင်သောက်သေးသည်။" 


ခေတ်စကားနဲ့ 'စကေးမသေးဘူးဆိုတာ ဒါမျိုး' လို့ပဲ ပြောရမလား၊ 'သောက်ချက်က 9+' လို့ပဲ ပြောရမလား။



ဒီစာအုပ်လေးထဲမှာ သုမောင်နဲ့အတူ ရုပ်ရှင်နယ်ပယ်မှ အနုပညာရှင်များဖြစ်ကြတဲ့ စိန်မြင့်၊ ဝင်းဦး၊ ညွန့်ဝင်း၊ ဇော်ဝမ်း၊ ထွန်းထွန်းဝင်း၊ ခင်သန်းနု၊  ကြည်သာ ( ပွဲကြိုက်ခင် ) ၊ လွှမ်းမိုး၊ ဂျက်မြသောင်း၊ ဆွေဇင်ထိုက်၊ ကော်နီ တို့အပြင် စာရေးဆရာလောကမှ မောင်သိန်းဆိုင်၊ ဂီတစာဆိုမောင်ကြေးမုံ၊ အထောက်တော်လှအောင်၊ မောင်ဝဏ္ဏ၊ သိန်းသန်းထွန်း၊ အောင်ပြည့်၊ အီကြာကွေး၊ ဆွေမင်း ( ဓနုဖြူ ) တို့က သုမောင်နဲ့ အတူစာအုပ်လေးထဲမှာ သရုပ်ဆောင်ထားတာကို စာဖတ်သူတို့ မြင်တွေ့ရမှာပါ။


သုမောင် အရက်သောက်ရင်း ဖြတ်ခဲ့ ပျက်ခဲ့တာတွေကို အများစုရေးထားပေမယ့် အရက်ဖြတ်တဲ့အကြောင်းကို ရေးထားတဲ့ တစ်ပုဒ်တည်းသော အခန်း 'ပထမအကြိမ် အရက်ဖြတ်ခန်း' က ဖတ်ရင်း ကြက်သီး ထ လောက်စရာပါ။ သုမောင် ဆေးရုံမှာ အရက်ဖြတ်ဖို့ တက်ရင်း ရက်ကြာလာ၊ အရက်ကြောင် ကြောင်ပြီး သူ့သီချင်းတွေကို သူတစ်ယောက်တည်းကြားလိုကြား၊ အဲ့ထက်ပိုဆိုးလာတော့ ပြတင်းပေါက်ကနေ သူရဲတွေက သုမောင်သီချင်းတွေ လာဆိုပြလို ဆိုပြ၊ နောက်ဆုံး သူရဲတွေ မှင်စာတွေက သူ့အိပ်ယာပေါ် တက်လိုတက်တာတွေကို သုမောင်ရေးပြထားတာတွေဟာ ဖတ်မယ့်သူတွေရဲ့ စိတ်ကို ခပ်ကြမ်းကြမ်းကိုင်လှုပ်သွားမှာပါ။


ဒီစာအုပ်နဲ့ပက်သက်လို့ စာရေးဆရာသုမောင်က " တစ်ခါသောက် တစ်ခါမှားတတ်သော ကျွန်တော်၏ အရက်သမားဘဝ ကမောက်ကမဖြစ်ရပ်များကို စာဖတ်သူများ အပျင်းပြေလျှင် တော်ပြီဆိုတာလောက်ပင်ဖြစ်သည်။ စာစုများမှာ အရက်ပေးမဟုတ်ပါ။ အရက်ဆန့်ကျင်ရေး မဟုတ်ပါ။ အရက်သုတေသန စာတမ်းလည်းမဟုတ်ပါ။ အရက် သောက်ချင်လာအောင် လှုံ့ဆော်သော စာလည်းမဟုတ်ပါ။ စာဖတ်သူများက တော်တော်ဆိုးတဲ့ သုမောင်ပဲဟု သရော်ပြောလည်း ခံပါမည်။ ပြုံးရုံမက အရက်၏ဆိုးကျိုးကို ရှုမြင်ပြီး တွေးကြမည်ဆိုလျှင်တော့ ဝမ်းသာရပါမည်"ဆိုတဲ့ အရက်သမား အမှားတစ်ခါ စာအုပ်ဟာ အရက်သောက်တတ်သူရော အရက်မသောက်တတ်သူရော ဖတ်သူတိုင်း စိတ်ကို ကျေနပ်မှုတစ်ခုခုရစေမှာ သေချာပါတယ်လို့ ကျနော်က အာမခံနိုင်ပါတယ်။ ဖတ်ကြည့်ဖို့တော့ လိုလိမ့်မယ်နော်။ သေသေချာချာဖတ်ပြီး အရက်နဲ့ ပက်သက်တဲ့ စိတ်ကျေနပ်မှု တစ်ခုခုကို ရမည်မှာမလွဲပါလို့ ညွှန်းဆိုလိုက်ပါရစေ .... ။ 

ကဲ … ဝန်ဇင်းစာချစ်သူတို့လည်း ဆရာမင်းလူရဲ့ ပရိသတ်တွေဖြစ်တယ်၊ မထင်မှတ်ထားတဲ့ ဇာတ်သိမ်းခန်းမျိုးနဲ့ ဝတ္ထုကိုမှ ဖတ်ရှုချင်တယ်ဆိုရင်တော့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို လက်လွှတ်မခံဘဲ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၇၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။

…….
ဆရာသုမောင်ရဲ့ စာအုပ်တွေအပြင် အခြား သုတ၊ ရသ၊ ဘာသာပြန်၊ သမိုင်း၊ ကဗျာ … စာအုပ်ကောင်းတွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်တွေကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။

အခန်းဆက်ဝတ္ထုရှည်၊ အခန်းဆက်ဆောင်းပါး၊ ရုပ်ပြကာတွန်း၊ အသံထွက်ဇာတ်လမ်း၊ အသံထွက်ရုပ်ပြဇာတ်လမ်း၊ အင်္ဂလိပ်စာလေ့လာစရာ၊ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်ဟာသတွေ၊ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တွေနဲ့ ဦးနှောက်စားစရာ ရှားလော့ဟုမ်းပဟေဠိတွေ အပါအဝင် ဗဟုသုတရဖွယ် အကြောင်းအရာမျိုးစုံကို နေ့စဉ် *အခမဲ့* ဝင်ရောက်ဖတ်ရှုနိုင်မယ့် Wun Zinn Digest ပါဝင်တဲ့ Wun Zinn app နောက်ဆုံး ဗားရှင်းလေးကို http://bit.ly/wz_play လင့်ခ်ကိုနှိပ်၊ အခမဲ့ Download ပြုလုပ်ပြီး စာအုပ်ကောင်းတွေနဲ့အတူ ကဏ္ဍမျိုးစုံကို လေ့လာနိုင် ပြီလို့ သတင်းစကားပါးလိုက်ပါရစေ။

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ ဆရာသုမောင်ရဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 





Related Posts