Wun Zinn's Choice of the Week (53)


[ စနေ ရုံးပိတ် အလုပ်နားရက် ဝန်ဇင်းမှာ ဒီစာအုပ်ကို ဖတ် ]
…..

စာအုပ်အမည် - ကျွန်တော်နှင့် ထောင်နီးနားချင်းများ
စာရေးသူ - ဇာဂနာ

ဖတ်ညွှန်း 

ဇာတ်ခုံပေါ်မှာ လူရွှင်တော်လုပ်တာရော၊ ကင်မရာရှေ့က သရုပ်ဆောင်ဘဝမှာပါ သွက်လက်တဲ့ ဇာဂနာဟာ စာအရေးပိုင်းမှာလည်း သွက်လက်လှတာကို ဒီစာအုပ်မှာ မြင်တွေ့ရမှာပါ။ အမှာစာမှာ သူ့ကို ထောင်ထဲပို့ခဲ့တဲ့ နဝတအစိုးရနဲ့ နအဖအစိုးရတို့ကို အထူးကျေးဇူးတင်ကြောင်း ရေးသားထားပါတယ်။ ထောင်ထဲမှာ တွေ့ရ ကြုံရ ဆုံရတဲ့ ထောင်နီးနားချင်းတွေအကြောင်းကို မှတ်တမ်းသဖွယ် သူမြင်သမျှကို ဖောက်သည်ချထားတဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ 

ထောင်သက် ( ၁၁ ) နှစ်ကြာရှည်တဲ့ သူ့ရဲ့ ထောင်နီးနားချင်းတွေ အကြောင်းမို့ လူစုံ အလွှာစုံတွေရဲ့ အကြောင်းအရာအမျိုးမျိုးကို မြင်တွေ့ ဖတ်ရှုရမှာပါ။ အချိန်ကာလ အပိုင်းအခြားအားဖြင့် အဓိက ၁၉၈၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အဖြစ်အပျက် ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။ 

ရုပ်ရှင်လောကမှ ဇင်ဝိုင်း၊ အရိုင်း နှင့် နိုင်ငံရေးနှင့် စာပေအသိုင်းအဝိုင်းမှ ဦးဝင်းတင်၊ မောင်ဝံသ၊ မင်းကိုနိုင်၊ နေဘုန်းလတ်၊ ဇော်သက်ထွေး၊ လေဘာမြင့်စိုး၊ ကြက်ဖကြီး ( ခ ) သန်းထိုက်အောင်၊ ကျော်ဆန်း ( စားဖိုမှူးကြီး )၊ ကိုစိန်လှိုင် ( အဘကျန် )၊ ကိုအောင်ထွန်း ( ကိုချိတ်ကြီး / အပွားလေး )၊ မုန်းခက်၊ မြတ်စံ တို့အကြောင်းကို ဇာဂနာက ခပ်ရိုးရိုး ခပ်ရှင်းရှင်းအရေးဖြင့် သွက်သွက်လက်လက် ရေးထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပါပဲ။ 

သူ ရေးသာတင်ပြထားတဲ့ သူတွေဟာ ကဏ္ဍအသီးသီးမှာ ဒေါင်ဒေါင်မြည်တွေမို့ သူတို့ ဖြတ်သန်းရာ ခေတ်ပုံရိပ်တွေဟာ မြန်မာ့နိုင်ငံရေးသရုပ်ကို လှပ်ခနဲ ဖွင့်ပြသလို မြင်တွေ့ရမှာပါ။ အထူးသဖြင့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးနဲ့ အနုပညာရှင်တွေရဲ့ အကြောင်းကို ဖတ်ရတာ ကြက်သီးထစရာ ဖြစ်ပြီး ထောက်လှမ်းရေးရဲ့ လက်စောင်းထက်ပုံတွေကိုလည်း အော့နှလုံးနာစွာ ဖတ်ရမှာပါ။ ဇာဂနာဟာ ဟာသသရုပ်ဆောင်တစ်ဦး ဖြစ်တာမို့ အနှိပ်စက်ခံနေရတဲ့ အကြောင်းတွေကို ရေးရင်း ဟာသပါအောင် ထည့်ရေးသွားတာက ဖတ်နေရင်း မပြုံးဘဲ မနေနိုင်အောင်ပါပဲ။ 

‘ဂျင်ဝိုင်း မထိုင်တဲ့ ဇင်ဝိုင်း’ မှာဆို ဒီလို ဖတ်ရပါမယ်။ 

[ ထောက်လှမ်းရေး ( ၆ ) တပ်ထဲမှာ ကျွန်တော်တို့ကို ဖမ်းထားတုန်းက ဘားလမ်း သစ်မွှေးရှမ်းခေါက်ဆွဲဆိုင်က ကိုအမိန်ပါတယ်။ ကိုအမိန်က တရုတ်စကားလည်း မပီဘူး။ ဈေးရောင်းတာကလွဲလို့ ဘာမှ မသိတဲ့သူ၊ ခုလည်း ဘာမဆိုင် ညာမဆိုင် ကန့်လန့်ကန့်လန့် ပါလာသူ။ သူ့ကို စစ်ကြောနေတာလည်း နားထောင်ကြည့်ပါဦး။

စစ်မေးသူ - မင်းနာမည်
အမိန် - အမိန်
စစ်မေးသူ - ဗမာနာမည်ရှိလား
အမိန် - အမိန်
စစ်မေးသူ - မင်းဇင်ဝိုင်းသိလား
အမိန် - ဆရာကြီးရယ် ကျနော် ဂျင်ဝိုင်း တစ်ခါမှ မသွားဖူးပါဘူး။ ဆရာကြီးတို့ လူမှားဖမ်းတာ ထင်ပါတယ်။ 
စစ်မေးသူ - ဟေ့ကောင် ၊ ဇင်ဝိုင်း မင်းသားဇင်ဝိုင်း ပြောတာ
အမိန် - မင်းသားဆို ဝင်းဦးပဲ သိတယ်။ ဂျင်ဝိုင်း တစ်ခါမှ မကြာဖူးဘူး။ ]

သရုပ်ဆောင်ရာမှာလည်း ဟာသမြောက်သလောက် စာရေးတာမှာလည်း ဖတ်သူကို မပြုံးဘဲ မနေနိုင်အောင် ရေးတတ်သူပါ။ ပေါ့ပေါ့ပါးပါး အရေးအသားလေးတွေ ဆိုပေမဲ့ အကြောင်းအရာတွေကတော့ မပေါ့လှပါဘူး။ ၁၉၈၈ အရေးအခင်းကနေ အရေးအခင်းကာလနောက်ပိုင်း စစ်အစိုးရနဲ့ ဇာတ်လမ်းမျိုးစုံ၊ ဓာတ်ဆီဈေးတက်လို့ လမ်းလျှောက် ဆန္ဒပြကြတာတွေ၊ ရန်ကုန်ဘူတာကြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့တွေ ကြုံတွေ့ရတာတွေ၊ ဒေါ်စုရဲ့ သုံးရောင်ခြယ်ခေါ် အနီးကပ် သက်တော်စောင့်တွေက ပြောပြတဲ့ နိုင်ငံရေးဇာတ်လမ်းတွေ၊ ၁၉၈၈ ကနေ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကာလအထိတောင်ဆိုတော့ အကြောင်းအရာအပိုင်းဆိုင်ရာက စုံလင်လှပါတယ်။ ပြီးတော့ ဇာဂနာက ဆုံတွေ့ခဲ့သူတွေ အကြောင်းကို ခပ်ရိုးရိုးပဲ ပြန်ရေးပါတယ်။ ဘုန်းတော်ဘွဲ့တွေ သိပ်မချီးကျူးလှပါဘူး။

 မြန်မာ့နိုင်ငံရေးလောကမှာ ယုံကြည်ရာအတွက် သူ့နည်းသူ့ဟန်နဲ့ ဖြတ်သန်းခဲ့သူတွေ ( သို့မဟုတ် ) နိုင်ငံရေး မလုပ်စားသူတွေ ( သို့မဟုတ် ) ကိုယ်မှန်တယ်ထင်ရာကို ဇောက်ချလုပ်ခဲ့သူတွေ ( သို့မဟုတ် ) စိတ်ဓာတ်ခိုင်မာရဲရင့်သူတွေရဲ့ အကြောင်းကို ဇာဂနာက ကျွန်တော်နှင့် ထောင်နီးနားချင်းများဆိုပြီး ရေးထားတဲ့ ဒီစာအုပ်ဟာ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားတယ်၊ စာအုပ်အထူကြီးတွေ မဖတ်ချင်ဘူး၊ ဖတ်ရတာ ပေါ့ပေါ့ပါးပါးနဲ့ အရေးခပ်သွက်သွက်ရှိတဲ့ စာအုပ်တစ်အုပ်ကို ဖတ်ချင်တယ်ဆိုရင် ဒီစာအုပ်ဟာ စာဖတ်သူအတွက် စိတ်ကျေနပ်မှု အပြည့်အဝ ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါကြောင်း ပြောပါရစေ။

နိုင်ငံရေး သီအိုရီ ဒဿနတွေ မပါဘဲ ရေးထားတာဖြစ်လို့ စာအုပ်ကို အစအဆုံး တထိုင်တည်း ဖတ်ဖြစ်သွားစေမယ်လို့ ထပ်ကွန့်ပြီး ညွှန်းလိုက်ပါရစေခင်ဗျာ။ 

ဝန်ဇင်းပရိသတ်ကြီးလည်း ဖတ်ရှုမယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး မြန်မာငွေကျပ် *၆၀၀* တည်းဖြင့် ရယူဖတ်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်။ 

အခြား စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။
…………	
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦး” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……	
စာချစ်သူများကို အမြဲတမ်းချစ်ခင်နေမယ့် ဝန်ဇင်း



Related Posts