Wun Zinn's Choice of the Week (56)


[ ဆန်းဒေးရုံးပိတ်ရက် ဘာဖတ်မှာလဲ ? ……….. ]

စာအုပ်အမည် - ဇာစ်မြစ်
ဘာသာပြန်စာရေးဆရာ - မောင်ထွန်းသူ 
ဖတ်ညွှန်း ။	။

လူမှာ အမျိုး၊ ကြက်မှာ အရိုးတဲ့။ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတစ်ဦးဟာ ဘယ်နေရာ ဘယ်ဒေသမှာ နေသည်ဖြစ်စေ၊ ဘယ်လူမျိုးက ဆင်းသက်သည်ဖြစ်စေ အကုန်လုံးဟာ သူတန်ဖိုးနဲ့သူ၊ သူ့ဂုဏ်သိက္ခာနဲ့သူ ရပ်တည်နေသူတွေ ဖြစ်ကြပါတယ်။ အသားဖြူသူ၊ ညိုသူ၊ ဝါသူ၊ နက်သူ ... အမျိုးမျိုး မတူကွဲပြားကြပေမယ့် လူသားဆိုတဲ့ တန်ဖိုးတစ်ခုစီကို ပိုင်ဆိုင်ကြသူတွေချည်းပါပဲ။ လူသားတစ်ဦးဟာ မိမိ လက်ရှိနေထိုင်ရာ ပစ္စုပ္ပန်ကာလမှာ အကောင်းဆုံး နေထိုင်ကျင့်ကြံမယ်ဆို မိမိရဲ့ နောင်လာနောင်သားတွေထိ နာမည်ကောင်းဟာ တွင်ကျန်ရစ်မှာပါ။ ကျနော်ဟာ သူခိုးကြီး ဘယ်သူရဲ့ သား၊ ကျမဟာ အလစ်သုတ် ခါးပိုက်နှိုက်ရဲ့ သမီးလို့ ဘယ်သူကမှ မကြွေးကြော်ချင်ပါဘူး။ ကိုယ်ပြုသောကံဟာ ကိုယ့်ဆီတန်ပြန်လာမှာ မလွဲပါဘူး။ ကိုယ်ရဲ့ မျိုးဆက်ဟာ ကိုယ်ပြုခဲ့တဲ့ အကြောင်းအရာတွေကို ကောင်းမွေ၊ ဆိုးမွေ ခံရမှာပါ။ 

အမေရိကန်က လူမည်းစာရေးဆရာ တစ်ဦးဟာ သူ့ရဲ့ ဆွေ(၇)ဆက်၊ မျိုး(၇)ဆက် အကြောင်းကို စာအုပ် ရေးဖွဲ့ခဲ့ပါတယ်။ သူရေးဖွဲ့ထားသူ သူ့ရဲ့ မိဘ၊ ဘိုး၊ ဘေး စသူတွေဟာ လူပီသအောင် နေထိုင်ခဲ့သူတွေမို့ သူ့ရဲ့ စာအုပ်ဟာ ဖတ်ကောင်းပါတယ်။ ၁၉၇၃ ခုနှစ်မှာ Roots ဝတ္ထုကို အမေရိကန်နိုင်ငံတွင် ထုတ်ဝေခဲ့ရာမှာ အုပ်ရေ သန်းချီရောင်းရပြီး ကမ္ဘာအရပ်ရပ်မှာ ဘာသာပေါင်း ၃၀ ကျော်အထိ ပြန်ဆိုထုတ်ဝေခဲ့တယ်။ အရောင်းရဆုံး နံပတ် (၁)  စာရင်းဝင် စာအုပ်အဖြစ် အလွန်အောင်မြင်ခဲ့တယ်။ ဒီစာအုပ်ကြီးဟာ ဘာအကြောင်းတွေများလဲ ....

ဆိုရလျှင် အဲလက်စ်ဟေလီရေးတဲ့ ဇာစ်မြစ်စာအုပ်ကြီးဟာ အာဖရိကတိုက်သား ဇာတ်ကောင်တွေ အကြောင်းက စထားတယ်။ 'ကွမ်တာကင်တီ'ဆိုတဲ့ ဂမ်ဘီယာနိုင်ငံသားကြီးတစ်ဦးဟာ မွေးဖွားလာချိန်က စပြီး သူတို့ရပ် သူတို့ရွာမှာ ငယ်စဉ်ဘဝ ငယ်ဓလေ့၊ အရွယ်ရောက်လာစဉ်ဘဝ အဲ့ဒီဓလေ့တွေနဲ့ ပျော်ရွှင်စွာ နေထိုင်ခဲ့ကြတာပေါ့။ ဒါပေမယ့်လည်း လက်နက်အားကိုးပြီး လူအချင်းချင်း နယ်ချဲ့ကြ၊ အားကြီးသူက အားနည်းသူကို ကျွန်ပြုကြ စတာတွေ အာဖရိကတိုက်ဆီ ရောက်လာတဲ့ အချိန်မှာ အေးချမ်းတဲ့ အာဖရိကန်တို့ရဲ့ ငြိမ်သက်တဲ့ ဘဝတွေဟာ မုန်တိုင်းကျခဲ့ရပါတယ်။ လူဖြူတွေဟာ ကွမ်တာကို ဖမ်းဆီခေါ်ဆောင်လာပြီး သင်္ဘောနဲ့ တင်လာတာမှာ တိရစ္ဆာန်လို ဖမ်းဆီးတင်လာခဲ့လို့ ဒုက္ခမျိုးစုံ ကြုံခဲ့ရပါတယ်။ သင်္ဘောပေါ်မှာ အချိန်တွေ အကြာကြီး ဒုက္ခတွေ ခံစားပြီး ကုန်းမြေပေါ်ရောက်တော့လည်း ကွမ်တာဟာ ကျွန်အဖြစ် ရောင်းစားခံရပြန်ရော။ အဲ့ဒီကစလို့ ကွမ်တာရဲ့ မျိုးဆက်တလျှောက် (၅) ဆက်တိုင်တိုင် ကျွန်ဖြစ်ခဲ့ရပြီး (၆) ဆက်မြောက်မှာ ကျွန်ဘဝက လွတ်မြောက်ခဲ့တယ်။ အဲလက်စ်ဟေလီဟာ ကွမ်တာရဲ့ မျိုးဆက်တောက်လျှောက်ကို ရေးသားရာမှာ စာဖတ်သူတွေ ဒေါသထွက်မိအောင်၊ မျက်ရည်ကျမိအောင် ရေးသားနိုင်သလို ဘာသာပြန်သူ မောင်ထွန်သူးရဲ့ ဘာသာပြန်ကလည်း ပင်ကိုယ်ရေး ဖတ်နေရသလို စာချောမွေ့တာကို မချီးမွမ်းဘဲ မနေနိုင်ပါဘူး။ 

မျိုးဆက် (၆) ဆက်မြောက်မှာ ကျွန်အဖြစ်က လွတ်မြောက်ခဲ့ပြီး အဲလက်စ်ဟေလီ လက်ထပ်ရောက်လာတဲ့အခါမှာ စာရေးဆရာဟာ ဒီစာအုပ်ကို လွယ်လွယ် ရေးသားခဲ့တာတော့ မဟုတ်ပါဘူး။ စာအုပ်ဖြစ်လာဖို့ အတွက် သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ အံ့မခန်းပါပဲ။ အဲလက်စ်ဟေလီရဲ့ ကြိုးစားအားထုတ်မှုတွေကို တစ်စေ့တစ်စောင်း လေ့လာကြည့်ကြမယ်ဆိုရင် .... 

"အင်နာပိုလစ္စမှာ ရှိနေတဲ့ မေရီလင်းဂေဇက် မိုက်ကရိုဖလင်း မှတ်တမ်းတွေထဲက ၁၇၆၇ အောက်တိုဘာ (၁) ရက်နေ့ထုတ် ဂေဇက်တီးယားမှာ ကြော်ငြာတစ်ခု တွေ့ရတယ်။ လော့ဒ်လီဂိုးနီးယား သင်္ဘောဟာ စိတ်တိုင်းကျရွေးချယ် ဝယ်ယူနိုင်မယ့် ကျွန်တွေကို သယ်ဆောင်လာပြီး ဂမ်ဘီယာမှ ရောက်လာလိမ့်မယ်လို့ ရေးထားတဲ့ ကြော်ငြာပါ။ ကြော်ငြာမှာ ကျွန်တွေကို ဗုဒ္ဓဟူးနေ့မှာ လေလံတင်ပြီး ရောင်းမယ်လို့လည်း အတိအကျဖော်ပြထားတယ်။ အဲ့ဒိအချက်ကို တွေ့ရှိလာချိန်မှာ ကျွန်တော်ဟာ ကမ္ဘာ့တိုက်ကြီး (၃) တိုက်က စာကြည့်တိုက်တွေ၊ မော်ကွန်းတိုက်တွေနဲ့ မှတ်တမ်းဌာနတွေ (၅၀) ကျော်လောက် ရောက်ခဲ့ပြီးပါပြီိ။ အချိန်နာရီပေါင်းများစွာ အကုန်ခံပြီး လေ့လာခြင်း၊ မှတ်သားခြင်းစတဲ့ အလုပ်တွေကိုလည်း လုပ်ခဲ့ပြီးပါပြီ။ ၁၈ ရာစု၊ ၁၉ ရာစု အတွင်းက တည်ရှိခဲ့တဲ့ ဂမ်ဘီယာက ကျွေးရွာတွေရဲ့ ပက်သက်တဲ့ စာရွက်စာတမ်းတွေ ဖတ်ရှု လေ့လာတာကိုက တစ်နှစ်တိတိကြာခဲ့ပါတယ်။ 

လော့ဒ်လီဂိုးနီယားသင်္ဘော ကူးဖြတ်လာတဲ့ ရေပြင်ပေါ် ဘယ်လိုခံစားပြီး ဖြတ်ကူးရလဲ သိချင်တဲ့ ဆန္ဒကြောင့် အာဖရိကကို လေယာဉ်နဲ့သွား၊ အပြန်မှာ ကုန်တင်သင်္ဘောတစ်စီးနဲ့ အမေရိကန် လိုက်လာခဲ့ပါတယ်။ 

ဒီစာအုပ်ဖြစ်လာဖို့ ဆယ်နှစ်ကျော် ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။ ကျွန်တော် ဘာကြောင့် ဒီစာအုပ်အမည်ကို ဇာစ်မြစ်လို့ ပေးခဲ့လဲ။ ဒီစာအုပ်ဟာ ကျွန်တော့် မိသားစုတစ်စုရဲ့ မျိုးဆက်ကို ဖော်ပြရေးသားတာ မဟုတ်ပါဘူး။ အာဖရိကမျိုးနွယ်က ဆင်းသက်လာခဲ့ကြတဲ့ အမေရိကန်လူမည်း သန်းပေါင်းများစွာရဲ့ သမိုင်းကို ရည်ညွှန်းပြောပြနေတဲ့ စာအုပ်ပါ ...."

အဲလက်စ်ဟေလီရဲ့ ကြိုးပမ်းမှုနဲ့ ရေးထားတဲ့ စာအုပ်ကောင်းကြီးတစ်အုပ်ကို မောင်ထွန်းသူက အရမ်းချောမွေ့တဲ့ ဘာသာပြန်နဲ့ ပြန်ဆိုထားပါတယ်။ ဖတ်ပြီးသူတိုင်းက နှစ်သက်ကြတဲ့ စာအုပ်ကောင်းတစ်အုပ်လို့ ညွှန်းလိုက်ပါတယ်။

ခမ်းနားကြီးကျယ်တဲ့ အားထုတ်မှုနဲ့ ထွက်ပေါ်လာတဲ့ ဒီစာအုပ်ကို ဝန်ဇင်းစာဂျပိုးတွေလည်း ဖတ်ရှုထားသင့်ပါတယ်။ အမေရိကန်လူမည်း သန်းပေါင်းများစွာရဲ့ သမိုင်းကို ဖော်ညွှန်းနေတဲ့ ဒီစာအုပ်ဟာ စာချစ်သူတို့ လက်ထဲမှာပါ။ ဖတ်ရှုမယ်ဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ခုပဲ ဝယ်ယူဖတ်ရှုလိုက်ပါတော့လို့ လက်တို့လိုက်ပါရစေ။ 

အခြားစာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

“ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဦးနော်” “ဖတ်ချင်တဲ့ စာအုပ်တွေရှိရင်လည်း comment box ထဲမှာ ရေးသားခဲ့နိုင်ပါတယ် ခင်ဗျာ” 
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

-	အောင်မြင်သူတိုင်း စာဖတ်ကြသည်။ 
-	သင်လည်း အောင်မြင်သူဖြစ်ဖို့ ဝန်ဇင်းမှာ စာဖတ်ပါ။ 




Related Posts