Wun Zinn's Choice of the Week (16)


“လူ့သဘာဝကို အခြေခံသည့်စရိုက်လက္ခဏာများကို ပီပြင်ပေါ်လွင်အောင် ဖော်ပြလေ့ရှိသူ အမေရိကန်စာရေးဆရာကြီး အယ်လ်မာကယ်တန်၏ လက်ရာ - အနီနှင့်အနက်”

ဝန်ဇင်းစာချစ်သူတို့ရေ မင်္ဂလာပါခင်ဗျာ …

ခုလို တနင်္ဂနွေရုံးပိတ်ရက်လေးမှာ ဝန်ဇင်းစာချစ်သူတွေ အိမ်မှာ အေးအေးဆေးဆေး အနားယူရင်း ဖတ်ရှုနိုင်ဖို့ ဘာသာပြန်စာအုပ်ကောင်းတစ်အုပ်ကို ကျွန်တော်တို့ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍကနေ ရွေးချယ်ထားပါတယ်ခင်ဗျ။ အဲ့ဒီစာအုပ်ကတော့ အမေရိကန်စာရေးဆရာ အယ်လ်မာကယ်လ်တန် ( Elmer Kelton ) ရဲ့ “The Wolf and the Buffalo” ဆိုတဲ့ စာအုပ်ပါပဲ။ ဒီစာအုပ်ကို “အနီနှင့်အနက်” အဖြစ် မြန်မာပြန်ရေးသားတဲ့ စာရေးဆရာကတော့ စာချစ်သူတွေနဲ့ ရင်းနှီးပြီးသားဖြစ်သူ၊ ‘မျှော်တလင့်လင့်’၊ ‘တက်စ်’ စတဲ့ ကမ္ဘာ့ဂန္ထဝင်ဝတ္ထုရှည်ကြီးတွေကို ဘာသာပြန်ဆိုခဲ့တဲ့ စာရေးဆရာကြီး ဆရာမောင်ထွန်းသူပဲ ဖြစ်ပါတယ်။

မူရင်းစာအုပ်နာမည် The Wolf and the Buffalo ဟာ “ဝံပုလွေနှင့်ကျွဲ” အကြောင်းကို ဆရာက ခုလို ပြောပြထားပါတယ်။ [ အမှန်အားဖြင့် ‘ဝံပုလွေနှင့်ကျွဲ’ သည် လူဖြူတို့၏ ဖိနှိပ်ချုပ်ချယ်မှုကို ခံနေရသော လူမျိုးနှစ်မျိုးကို ကိုယ်စားပြုထားသည့် အမည်နာမများဖြစ်သည်။ အဖိနှိပ်ခံ လူမျိုးနှစ်မျိုးကို တင်စားပြီးပေးထားသော အမည်များဖြစ်သည်။ ‘ဝံပုလွေ’ သည် အမေရိကန်နိုင်ငံကြီး၏ မူလပိုင်ရှင်များဖြစ်ကြသော တိုင်းရင်းသား ရက်အင်ဒီးယန်းခေါ် လူရိုင်းများကို တင်စားခြင်းဖြစ်၍ ‘ကျွဲ’ မှာ အာဖရိကတိုက်မှ ကျွန်များအဖြစ် အသုံးပြုရန် လူဖြူများက ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြသော အာဖရိကတိုက်သား လူမည်းများကို တင်စားထားခြင်း ဖြစ်ပါသည်။ ] ဒီလို မူရင်းစာအုပ်အတိုင်း “ဝံပုလွေနှင့်ကျွဲ” ဟု အမည်တပ်လိုက်ပါက မြန်မာစာဖတ်ပရိသတ်အတွက် ရသမပေါ်လွင်တာမို့ “အနီနှင့်အနက်” လို့ အမည်ပေးခဲ့တယ်လို့လည်း ဆရာ့အမှာစာမှာ ဖတ်ရှုရပါတယ်။ 

မူရင်းစာရေးသူ အယ်လ်မာကယ်လ်တန်ဟာ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် အနောက်ပိုင်းဒေသမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်တယ်။ သူနေထိုင်စဉ်၊ ၁၈၇၅ ခုနှစ်တုန်းက အဲ့ဒီဒေသမှာ ပေါ်ပေါက်ခဲ့တဲ့ လူဖြူလူမည်း ပြဿနာ၊ ဗိုလ်မှူးကြီး ရော်နယ်စလစ်ဒဲရ်မက္ကင်ဇီက လူဖြူတွေကို ကြံ့ကြံ့ခံ ခုခံတိုက်ခိုင်နေရတဲ့ ရက်အင်ဒီးယန်းလူမျိုးစု ‘ကွန်မင်ချီ’ တွေကို ရှင်းလင်းသုတ်သင်မှုတွေကို ကြုံတွေ့ခဲ့ရတယ်။ ဒီ့အပြင် အဲ့ဒီဒေသမှာရှိတဲ့ စွန့်စားခန်းတွေနဲ့အတူ ‘အနောက်ပိုင်ဒေသ ကောင်းဘွိုင်’ တွေ၊ ထူးဆန်းတဲ့လောကီပညာရပ်တွေ ပိုင်ဆိုင်ထားတဲ့ ရက်အင်ဒီးယန်းလူမျိုးစု၊ ရေသစ်မြေသစ် လိုက်လံရှာဖွေပြီး စွန့်စားမှုတွေကို အရင်းပြုထားတဲ့လူတွေ၊ ကယ်လ်တန်ဟာ ဒီလို အဖြစ်အပျက်နဲ့ လူစွန့်စားတွေအကြောင်းကို ရေးသားလိုစိတ် အင်မတန်ပြင်းပြခဲ့တယ်လို့ သိရတယ်။ 

ဒီလိုနဲ့သူဟာ အဲ့ဒီအနောက်ပိုင်းဒေသ၊ ဝက်စတန်းန် ( Western ) အကြောင်း ဝတ္ထုတွေကို စတင်ရေးသားခဲ့တယ်။ [ ဝက်စတန်းန်ဝတ္ထုများဟု ဆိုရသော်လည်း သူ့ဝတ္ထုများသည် ပစ်လိုက်ခတ်လိုက်၊ သတ်လိုက်ဖြတ်လိုက်ဖြင့် ရုပ်ရှင်ဆန်သော အပေါစားဝတ္ထုများမဟုတ်ပေ။ လူ့သဘာဝကို အခြေခံသည့် စရိုက်လက္ခဏာများကို ပီပြင်ပေါ်လွင်အောင် ဖော်ပြသည့် ဝတ္ထုများသာ ဖြစ်လေသည်။ ] ( ဆရာမောင်ထွန်းသူ၏ အမှာစာမှ ) 
အခု စာချစ်သူတွေကို မိတ်ဆက်လိုက်တဲ့စာအုပ်ဟာလည်း ကယ်လ်တန်ရေးလေ့ရှိတဲ့ ဝက်က်စတန်းန်ဝတ္ထုပုံစံများနဲ့ မတူညီ၊ တမူကွဲထွက်တဲ့ သမိုင်းနောက်ခံ၊ စိတ်ဝင်စားဖို့ကောင်းလှတဲ့ စွန့်စားခန်းဝတ္ထုတစ်ပုဒ်အဖြစ် ဖတ်ရှုမြင်ခံစားရမှာပါ။ ဒီစာအုပ်ရေးဖို့ သူဟာ နှစ်နှစ်တိတိ သုနေသနပြုခဲ့ရတယ်။ အနောက်ဘက်ဒေသမှာရှိတဲ့ တောတွေတောင်တွေ၊ မြို့တွေရွာတွော အသီးသီးကို အချိန်နှစ်နှစ်ကျော်ကြာအောင် သွားရောက်လေ့လာပြီးမှ ဒီစာအုပ်ကို ရေးသားတယ်လို့ ဆိုပါတယ်။ အနောက်ဘက်ဒေသမှာ နေတုန်းက ဖြစ်ပွားခဲ့တဲ့ လူဖြူလူမည်း ပြဿနာတွေနဲ့ နှစ်နှစ်ကြာအောင်လေ့လာခဲ့တဲ့ ဒေသခံနယ်မြေ၊ လူမျိုးစုတွေအကြောင်းကို ဒီစာအုပ်ထဲမှာ ထုတ်ဖော်ထားတယ်။ 

[ ဤစာအုပ်ထဲမှ “မြင်းညိုရှင်” နှင့် သူ့ပတ်ဝန်းကျင်သည်လည်းကောင်း၊ စစ်သားတစ်ယောက်အဖြစ်ဖြင့် အနောက်ပိုင်းဒေသ စစ်မြေပြင်သို့ စစ်ထွက်လာခဲ့ရသော လူမည်း “ဂျီဒီယွန်” နှင့် သူ့ပတ်ဝန်းကျင်သည်လည်းကောင်း စိတ်ဝင်စားဖွယ် ဇာတ်ကောင်များ ဖြစ်လာခဲ့သည်။ ] လို့ ဆရာမောင်ထွန်းသူ ၄င်းရဲ့အမှာစာမှာ စာညွှန်းပေးထားခဲ့တယ်။ 

ထူးဆန်းတဲ့ လောကီပညာနဲ့ ဆေးဝါးအတတ်ပညာ၊ ရှေးကတည်းက တည်ရှိလာပုံရတဲ့ ဆန်းပြားသော ရိုးရာနတ်ကိုးကွယ်မှုနဲ့အတူ တိုက်ရည်ခိုက်ရည်လည်း ပြည့်ဝတဲ့ အနောက်ဘက်ဒေသက လူနီတွေလို့ ခေါ်လေ့ရှိကြတဲ့ ‘ကွန်မင်ချီ’ လူမျိုးစု …. ၊ ဒီလူမျိုးစုရဲ့ အထင်ကရ လူငယ်ဖြစ်သူ “မြင်းညိုရှင်” ….. ၊ လူဖြူတွေရဲ့ လမ်းကြုံရင်ကြုံသလို အနိုင်ကျင့် ခေါင်းပုံဖြတ်မှုကို ခံရတဲ့ လူမည်းတွေထဲ “ဂျီဒီယွန်” ဆိုတဲ့ လူငယ်လေး ….. ၊ သူတို့နှစ်ဦးနဲ့ သူတို့ ရင်ဆိုင်ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်က ဆရာမောင်ထွန်းသူ စာညွှန်ပေးထားသလိုပဲ စိတ်ဝင်စားဖွယ်ကောင်းလှတယ်ဆိုတာ စာချစ်သူတွေ ဖတ်ရှုကြည့်တဲ့အခါ တွေ့ရပါလိမ့်မယ်။ 

ရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ကောင်ဘွိုင် လူစွန့်စားတွေ၊ ထူးဆန်းတဲ့ အခြင်းအရာတွေနဲ့ ပြည့်နှက်နေတဲ့ လူနီတွေ၊ ကွန်မင်ချီ လူမျိုးစုနဲ့ သူတို့ဆီရောက်သွားတဲ့ လူမည်းကောင်လေး ဂျီဒီယွန်၊ ဒီကြားထဲပေါ်ပေါက်နေတဲ့ နှစ်ဖက်တိုက်ပွဲတွေအကြောင်းကို စိတ်ဝင်တစား ဖတ်ရှုချင်တယ်ဆိုရင်တော့ဖြင့် ………

အခုမိတ်ဆက်လိုက်တဲ့ “အနီနှင့်အနက်” ဘာသာပြန်စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ … ဖတ်ချင်တဲ့သူငယ်ချင်းတွေလည်း ရှိနေမှာမို့ မျှဝေဖို့ မမေ့နဲ့ဦးနော်။

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။ 
 
“ဒီပို့စ်လေးကို သဘောကျ နှစ်သက်တယ်ဆိုရင် Like နဲ့ Share လုပ်ပေးဖို့ မမေ့ပါနဲ့ဦးနော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် …. ။ 


Related Posts