Wun Zinn's Choice of the Week (48)


“အားလုံးဟာ သူ့သဘောသူ ဆောင်တာပဲ။ ဖြစ်စရာရှိတာဟာ ဖြစ်ကိုဖြစ်ရမှာပဲ” ( အယ်လန်ကားလ်ဆန် )

စာအုပ်အမည် - သက်တော်ရာကျော် ရှည်စေသောဝ်
ဘာသာပြန်စာရေးဆရာ - သင့်လူ
ဝန်ဇင်းတွင် ဝယ်ယူဖတ်ရှုနိုင်မည့် ဈေးနှုန်း - မြန်မာငွေ *၈၀၀* ကျပ်  

ဆွီဒင်စာရေးဆရာ၊ ဂျာနယ်လစ်ကြီး ဂျိုနတ်စ်ဂျိုဟန်ဆန် ရေးတဲ့ The Hundred Year Old Man Who Climbed Out Of The Window And Disappeared ကို နာမည်ကြီး ဘာသာပြန်စာရေးဆရာ သင့်လူက ‘သက်တော်ရာကျော်ရှည်စေသောဝ်’ ဆိုတဲ့ အမည်နဲ့ ဘာသာပြန်ထားပါတယ်။

အရင်ဆုံး ပြောချင်တာက ဘာသာပြန်တဲ့ အပိုင်းကိုပါ။ ဖတ်ရတာ တော်တော်လေးကို ချောမွေ့နေတော့တာပဲ။ ဘယ်လိုချောမွေ့လဲဆိုတာ တိတိကျကျပြောရရင် မူရင်းအာဘော်ကို မိအောင်ပြန်နိုင်တယ်။ မူရင်းအာဘော်မိတယ် ဆိုပေမယ့် အဘိဓာန်ကနေ တိုက်ရိုက်စကားလုံးဖလှယ်ပြီး ပြန်တာမျိုးထက် မြန်မာစကားပုံလေးတွေ၊ ဆိုရိုးစကားလေးတွေကို ဝေါဟာရကြွယ်ကြွယ်နဲ့ ပြန်ထားတာမို့ ဖတ်ရတာ လုံးဝထောက်မနေဘဲ ချောမွေ့ပြေပြစ်နေပြီး မူရင်းအာဘော်ကိုလည်း မိနေရာပေါ့။

Jonas Jonasson ရဲ့ ဇာတ်လမ်းအခင်းအကျင်း၊ ဇာတ်ကောင်တွေ မွေးဖွားပြီး ဇာတ်ကောင်စရိုက် တည်ဆောက်မှုတွေဟာ အံ့မခန်း လက်စွမ်းပဲလို့ မှတ်ချက်ပြုမိတယ်။ ဇာတ်လမ်းကတော့ ဖတ်ပြီးသွားမှာစိုးလို့ ဖြည်းဖြည်းချင်း အရသာကိုယူပြီး တစိမ့်စိမ့်ဖတ်ရတဲ့ စာအုပ်တစ်အုပ်လို့ ညွှန်းရင် ဟုတ်ပါ့မလား မောင်ကာဋ္ဌုရယ်လို့ သင်တို့ မေးခွန်းထုတ်မှာပေါ့။ ဇာတ်လမ်းအကျဉ်းကို နည်းနည်းမြည်းကြည့်ပြီးမှ ကျွန်တော်ပြောတာ ဟုတ်မဟုတ် ဆုံးဖြတ်ကြပေါ့နော်။
	
ဇာတ်လမ်းက - အသက်တစ်ရာကျော် အဖိုးကြီးတစ်ယောက်။ ဖိုးဖိုးအယ်လန်ပေါ့။ အဲ့ဒီအဖိုးကြီးရဲ့ ဘယ်လိုမှ ဖြစ်နိုင်စရာမရှိတဲ့ ဘဝဇာတ်လမ်းကို တဝါးဝါးတဟားဟား ရယ်မောရင်း ( မဖြစ်နိုင်မှန်း သိရဲ့နဲ့ကိုနော် ) ဘာဆက်ဖြစ်မလဲ … ဘာဆက်ဖြစ်မလဲ … သိချင်စိတ် တဖွားဖွားဖြစ်အောင် ရေးသွားခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ အကျဉ်းချုပ်ပြောရမယ်ဆို အယ်လန်ဆိုတဲ့ အသက်ရာပြည့်အဖိုးကြီး၊ သူ့ရဲ့ အသက်ရာပြည့် မွေးနေ့ပွဲလုပ်မယ့် မနက်ခင်းမှာ ဘိုးဘွားရိပ်သာကနေ လစ်ထွက်၊ အဝေးပြေးဂိတ်ကို သွားရာကနေ ပြန်လမ်းမရှိဂိုဏ်းဝင်တစ်ဦးရဲ့ ငွေအပြည့်ထည့်ထားတဲ့ ခရီးဆောင်အိတ်ကြီးကို ( ငွေက ခရီးဆောင်အိတ်ကြီးတစ်လုံး အပြည့်ဆိုတော့ကာ ဘယ်လောက်တောင် များလိုက်မလဲဗျာ ) နောက်ပြောင်သလို ယူသွားပြီး အဝေးပြေးကားပေါ် တက်စီးရာက ဖြစ်လာတဲ့ ဇာတ်လမ်းပဲ။

တကယ်တော့ အယ်လန်ဆိုတာ ခပ်ချာချာ အဖိုးကြီးမှ မဟုတ်တာ။ ကျောင်းစာ သုံးနှစ်သာ သင်ခဲ့ရပေမယ့် ဒိုင်းနမိုက်၊ ဗုံး ပြုလုပ်နည်းကျွမ်းကျင်သူ ဖြစ်ခဲ့လေတော့ အကွေ့အကောက်များလွန်းလှတဲ့ သူ့ဘဝတလျှောက်မှာ စပိန်အာဏာရှင်ဖရန်ကို၊ အမေရိကန်သမ္မတကြီး ထရူးမန်း၊ ဆိုဗီယက်အဓိပတိ စတာလင်၊ တရုတ်နိုင်ငံရဲ့ ဥက္ကဋ္ဌကြီး မော်၊ မြောက်ကိုရီးယား ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ကင်အီဆွန်း၊ ကင်ဂျုံအီး အစရှိသူတို့နဲ့ ပတ်သက်ခဲ့သူကြီး တစ်ယောက်ပေါ့။ ငယ်ဘဝမှာ ဇာတ်လမ်းမှာက နိုင်ငံစုံရောက်၊ စကားပြန်လည်းလုပ်၊ သူလျှိုဖြစ်လိုဖြစ်၊ နောက်ဆုံး အနုမြူဗုံးဆိုတာတောင် သူ့အတွက် ဖန်တီးနိုင်တယ်ဆိုတဲ့ အခြေအနေ ရှိသူတစ်ဦး။

အထက်ဖော်ပြပါ နိုင်ငံခေါင်းဆောင်ကြီးတွေနဲ့ သူ့ဘဝတာမှာ လှလှပပလေးတွေ့ဆုံခဲ့တဲ့ အတိတ်ဘဝဇာတ်လမ်းရယ်၊ အသက်ရာပြည့်မွေးနေ့မှာမှ ဘိုးဘွားရိပ်သာက လစ်ထွက်၊ ငွေအိတ်ကြီးဘုံးပြေးပြီး ရောက်ရာပေါက်ရာ လျှောက်သွား၊ မိတ်ဆွေအသစ်တွေရ၊ သူ့နောက်ကို လိုက်လာတဲ့ ဓားပြတွေက သေလိုသေ၊ အယ်လန်က ပိုက်ဆံတွေနဲ့ ရှေ့ကပြေး၊ သူ့နောက်ကို ပြန်လမ်းမရှိတွေကလိုက်၊ သူတို့ကို ရဲက ထပ်လိုက်၊ အဲ့ဒီ ပစ္စပ္ပုန်မှာဖြစ်နေတဲ့ တကယ့် ဗရုတ်သုတ်ခ ဇာတ်လမ်းရယ်ကို အလှည့်ကျ ရေးထားတာ။

ဆိုရရင် Jonas Jonasson ဟာ သူ့ဝတ္ထုမှာ အသက်ရာပြည့် အဖိုးကြီးတစ်ယောက် ငွေအိတ်ကြီးနဲ့ ဘာဖြစ်တယ်ဆိုတာ တလှည့်ရေး၊ အဖိုးကြီးရဲ့ ငယ်ဘဝ ဇာတ်လမ်းအထွေထွေကို တလှည့်ရေးနဲ့ ရေးလာလိုက်တာ ဖတ်ရင်းဖတ်ရင်း စာအုပ်ကြီးဖတ်လို့ ပြီးသွားမှာကို စိုးရိမ်လာတဲ့ အဆင့်ရောက်အောင် ကောင်းတဲ့စာအုပ်တစ်အုပ် ဖြစ်လာတာပဲ။ ( အရမ်းကောင်းတဲ့ မုန့်ကို နည်းနည်းလေးပဲ စားရမယ်ဆို မကုန်အောင် မြုံပြီး စားတာမျိုးကို ကြုံဖူးမှာပေါ့ … အဲ့သဘောအတိုင်းပဲဗျ ) 

ကဲ .. ကျနော် ညွှန်းစရာရှိတာကတော့ ဒီလောက်ပါပဲ။ ဖတ်ချင်မှ ဖတ်ပါ။ သေချာတစ်ခုက စွန်းကောင်းတဲ့ စာအုပ်ဆိုတာပဲ။ ဖတ်ပြီးသွားတဲ့အခါမှာ အဆင့်မြင့် ဘာသာပြန်စာအုပ်တစ်အုပ် ဖတ်ပြီးသွားတဲ့ ကျေနပ်မှုမျိုး ရရှိမှာ မလွဲပါဘူးဗျာ။ So, ….. What are you waiting for?

တကယ်လို့ ဖတ်မယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါနော်။
 
အခြားစာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။



Related Posts