သင်သိရဲ့လား ( ၂၃ )


'စာလုံးရေ သန်းနဲ့ချီပြီး ပါဝင်တဲ့ ကမ္ဘာ့အရှည်ဆုံး ဝတ္ထုကြီးများ'

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါဗျို့ …

ဒီနေ့အတွက် Wun Zinn Digest ရဲ့ ဗဟုသုတရဖွယ်ရာ ‘သင်သိရဲ့လား’ ( Did you Know ) ကဏ္ဍမှ တင်ဆက် ဖော်ပြပေးသွားမှာကတော့ တကယ့်တကယ် စာဂျပိုးတွေမှ သိမှာဖြစ်တဲ့ ရှားရှားပါးပါး အကြောင်းအရာလေးပဲ ဖြစ်ပါတယ်ဗျ။ စာဖတ်သူတို့လည်း သတိထားမိပါလိမ့်မယ်။ ကျွန်တော်တို့ အနီးအနား ပတ်ဝန်းကျင်မှာ ရှိတဲ့ စာအုပ်အများစုက စာလုံး အရေအတွက်အားဖြင့် လေးငါးသောင်း ဝန်းကျင်ထိ ရှိတတ်ကြပါတယ်။ အများအားဖြင့်ကတော့ စာမျက်နှာ နှစ်ရာသုံးရာဆိုရင် စာလုံးရေ သုံးသောင်းဝန်းကျင်လောက်ပေါ့။ ကမ္ဘာ့ဂန္ထဝင်ဝတ္ထုရှည်ကြီး ဖြစ်တဲ့ စစ်နှင့်ငြိမ်းချမ်းရေး ( War and Peace ) ကို စာရေးဆရာကြီး ဆရာမြသန်းတင့်က မြန်မာဘာသာသို့ ပြန်ဆိုရေးသားခဲ့ရာမှာတော့ စာမျက်နှာပေါင်း ( ၁,၆၀၀ ) ကျော် ရှိတယ်။ စာလုံးရေကတော့ လေးသိန်းကျော်ထိအောင် များပြားလှပါတယ်။ ထူထူထဲထဲ ဝတ္ထုရှည်ကြီး ဖြစ်တဲ့အပြင် စာလုံး အရေအတွက် အတော်ကို များပြားတဲ့ စာအုပ်ဖြစ်တယ်လို့ ဆိုရမှာပါပဲ။

ဒါပေမဲ့ … စာလုံးရေ သောင်းဂဏန်းရှိတဲ့ ဝတ္ထုတွေ၊ စာအုပ်တွေကသာ များပြားပြီး စာလုံးရေ သိန်းဂဏန်းထိ ရှိတဲ့ စာအုပ်တွေကတော့ များများစားစား မရှိလှပါဘူး။ တကယ်လို့သာ စာအုပ်တစ်အုပ်က စာလုံးရေပေါင်း သန်းနဲ့ချီပြီး ပါဝင်နေပြီ ဆိုရင်တော့ ဒါဟာ ထူးခြားတဲ့ စာရင်းထဲ ဝင်သွားပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး ထူးထူးခြားခြား စာလုံးရေ သန်းနဲ့ချီပြီး ပါဝင်တဲ့ ကမ္ဘာ့အရှည်ဆုံး ဝတ္ထုကြီးများကို ဝန်ဇင်းစာချစ်သူများအတွက် ဗဟုသုတ ရဖို့ ခုလို ဖော်ပြလိုက်ရပါတယ်ခင်ဗျာ။ 

၁။ The Blah Story by Nigel Tomm – သူက အတွဲပေါင်း ( ၂၃ ) တွဲထိ ရှိပါတယ်။ စာလုံးရေပေါင်း သုံးသန်းကျော် ( 3, 277, 227 ) ရှိပြီး နောက်ဆုံးစာမျက်နှာ နံပါတ်ကတော့ ( 7,321 ) ပဲ ဖြစ်ပါတယ်။ စာမျက်နှာပေါင်း ခုနစ်ထောင်ကျော် ပါဝင်တာပေါ့။ ဒါဟာ ကမ္ဘာ့စွယ်စုံကျမ်း စာရင်းဝင်ဖြစ်တဲ့ ကမ္ဘာ့အရှည်ဆုံး စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ 

၂။ Marienbad My Love by Mark Leach – ဒီစာအုပ်ကတော့ အင်္ဂလိပ်ဝတ္ထုတွေထဲမှာ ကမ္ဘာ့အရှည်ဆုံး ဝတ္ထုကြီးလို့ ဆိုရမယ် ထင်ပါတယ်။ စာလုံးရေပေါင်း ၂.၅ သန်း ဝန်းကျင် ပါဝင်ပါတယ်။ တကယ်လို့ စာဖတ်သူအနေနဲ့ အချိန်ရမယ်ဆိုရင်တော့ အဲ့ဒီစာအုပ်ကို marienbadmylove.com မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်ခင်ဗျ။ 

၃။ Artamène by Madeleine de Scudéry - ဒီစာအုပ်ကို ပထမဆုံး ပုံနှိပ်ထုတ်ဝေတုန်းက ( ၁၀ ) တွဲခွဲပြီး ရိုက်နှိပ်ခဲ့တာပါ။ အကုန်လုံးကို စုပေါင်းလိုက်မယ် ဆိုရင်တော့ စာလုံးရေပေါင်းက ၂.၁ သန်းလောက် ရှိပြီး စာလုံးရေသန်းနဲ့ချီပြီး ပါဝင်တဲ့ စာအုပ်စာရင်းဝင် တစ်အုပ်ပဲ ဖြစ်ပါတယ်။ စာဖတ်သူက ပြင်သစ်စာ ကျွမ်းကျင်သူ ဆိုရင်တော့ artemene.org မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။ 

၎။ A la recherche du temps perdu by Marcel Proust - အင်္ဂလိပ် ဘာသာပြန်စာအုပ် နာမည်ကတော့ ‘Remembrance of Things Past’ ဒါမှမဟုတ် ‘In Search of Lost Time’ လို့ အဓိပ္ပါယ်ရပါတယ်။ စာလုံးရေကတော့ ၁.၅ သန်းကျော် ရှိပါတယ်။ 

၅။ Mission Earth by L. Ron Hubbard - ဒီစာအုပ်ထဲမှာတော့ စာလုံးရေ ၁.၂ သန်း ပါဝင်ပါတယ်။

၆။ Gordana by Marija Juric Zagorka – Zagorka လို့ခေါ်တဲ့ မာရီယာဂျူးရစ် ဆိုသူကတော့ ခရိုအေးရှားနိုင်ငံရဲ့ နာမည်ကျော် ပထမဆုံး အမျိုးသမီး စာရေးဆရာမပဲ ဖြစ်ပါတယ်။ စာလုံး အရေအတွက် တွက်ချက်ထားတာ မရှိပါဘူး။ ဒါပေမဲ့ စာမျက်နှာကတော့ ငါးထောင်ကျော် ( 5,200 ) ရှိတယ်လို့ ဆိုပါတယ်။ ဒီစာအုပ်ကတော့ စာလုံးရေ သန်းနဲ့ချီတဲ့ ဝတ္ထုစာရင်းထဲမှာတော့ ခုလို အဆင့် ( ၆ ) နေရာမှာ ရပ်တည်နေပါတယ်။ 

၇။ Sironia, Texas by Madison Cooper - ဒီစာအုပ်မှာတော့ စာလုံးရေပေါင်းက အကြမ်းဖျင်းအားဖြင့် ဆိုရရင် ၁.၁ သန်းလောက် ရှိနေပါတယ်။ စာမျက်နှာကတော့ ( 1,731 ) ရှိပြီး တက္ကဆက်ပြည်နယ်မှာ ရှိတဲ့ မြို့လေးတစ်မြို့အကြောင်း ရေးထားတာပဲ ဖြစ်ပါတယ်။ 

Ref; mentalfloss.com

ဝန်ဇင်းသတင်းစကား ။       ။ စိတ်ဝင်စားဖွယ်ကောင်းပြီး သိသင့်သိထိုက်တဲ့ ဗဟုသုတများကို Wun Zinn Digest ရဲ့ ‘သင်သိရဲ့လား’ ( Did you Know ) ကဏ္ဍမှ အပတ်စဉ် တနင်္လာနေ့ ညနေ ( ၃ ) နာရီအချိန်တိုင်း ပုံမှန် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ 
…………
“ဝန်ဇင်းစာချစ်သူတို့လည်း ဒီပို့စ်လေးကို ဖတ်ရှုပြီး စိတ်ဝင်စားလို့ သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ သိလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေ”  

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts