စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းမနဲ့အချစ်အကြောင်း ....


မိန်းမနဲ့အချစ်

အချစ်ဆိုတဲ့ စကားလုံးကို နားလည်ကြရာမှာ မိန်းမနဲ့ယောက်ျား မတူကြဘူး။ ဒါဟာ မိန်းမနဲ့ ယောက်ျားကြားမှာ တစ်ဦးနဲ့တစ်ဦး နားမလည်မှုကို ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပါ။ ကဗျာဆရာ ဘိုင်ရွန်က “ယောက်ျားအချစ်၊ ဖွင့်လှစ်ပြဆို၊ အပိုမရ၊ သူ့ဘဝ၏၊ တစ်စတစ်ပိုင်း၊ ဆစ်အပိုင်းတည့်။ မိန်းမအချစ်၊ သူ့အဖြစ်ကား၊ ဘဝလုံးစုံ၊ အားလုံးခြုံ၍” လို့ ဆိုဖူးပါတယ်။ သဘောကတော့ ယောက်ျားရဲ့အချစ်ဟာ သူ့ဘဝရဲ့ အစိတ်အပိုင်းမျှသာတဲ့။ မိန်းမရဲ့ အချစ်ကတော့ သူ့ဘဝတစ်ခုလုံးပဲတဲ့။ 

ဒါနဲ့ပတ်သက်လို့ ဂျာမန်ဒဿနဆရာ နစ်ရှေးကလည်း အလားတူသဘောမျိုး ပြောခဲ့ဖူးပါတယ်။ “အချစ်ဆိုသော စကားလုံးတစ်လုံးသည် မိန်းမနှင့် ယောက်ျားတို့အဖို့ အနက်အဓိပ္ပာယ်တစ်မျိုးစီ ဆောင်လျက်ရှိ၏။ မိန်းမက နားလည်သော အချစ်၏ အဓိပ္ပာယ်သည် ရှင်း၏။ မိန်းမအဖို့ အချစ်ဆိုသော အရာသည် ဦးထိပ်ထားခြင်း ဖြစ်ရုံမျှမက ကိုယ်ခန္ဓာကိုရော ဝိညာဉ်ကိုပါ ဘာကိုမျှ ဂရုမထား၊ ခြွင်းချက်မရှိ၊ ယုံမှတ် ပုံအပ်ထားခြင်း ဖြစ်။ သို့ဖြင့် မိန်းမ၏ ခြွင်းချက်မထားသော အချစ်သည် မိန်းမ၏ ကိုးကွယ်ယုံကြည်မှု ဖြစ်လာခဲ့၏။ ကိုးကွယ်ယုံကြည်မှုဆို၍ မိန်းမတွင် ထိုတစ်ခုသာ ရှိ၏။ ယောက်ျားတစ်ယောက်အဖို့မူ မိန်းမတစ်ယောက်ကို ချစ်ပြီဆိုသည်နှင့် သူလိုချင်သောအရာမှာ မိန်းမ၏အချစ် ဖြစ်၏။ ယောက်ျားတို့အဖို့မူ မိန်းမထံမှ အချစ်ကို တောင်းဆိုသော်လည်း ထိုအချစ်မျိုးကိုမူ မိန်းမအား မပေးလိုပေ၊ မိန်းမချစ်သော အချစ်စိတ်နောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားသော ယောက်ျားများ ရှိခဲ့သည်ဆိုလျှင် ထိုသူသည် ယောက်ျားမဟုတ်တော့ဟုပင် ဆိုရချေတော့မည်။”

ယောက်ျားတွေရဲ့ ဘဝတစ်ချိန်ချိန်မှာ အရူးအမူးချစ်ခဲ့တာတွေ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ နှစ်နှစ်ကာကာချစ်တဲ့ အချစ်ကြီးသူရယ်လို့တော့ ယောက်ျားတွေထဲမှာ တော်တော်ရှားမယ် ထင်ပါတယ်။ အလွန် အရူးအမူးဖြစ်နေတဲ့ အချိန်မှာတောင် သူတို့ဟာ လုံးလုံးလျားလျား အလျှော့ပေးချစ်တာမျိုး မရှိပါဘူး။ သူတို့ဟာ ချစ်သူတစ်ယောက်ရှေ့မှာ ဒူးထောက်ချင်ထောက်မယ်၊ ကိုယ့်ချစ်သူကို ပိုင်ဆိုင်စိတ်တွေ ပြင်းထန်ကောင်း ပြင်းထန်မယ်။ ဒါပေမဲ့ သူတို့စိတ်ထဲမှာတော့ သူတို့ကိုယ်သူတို့ ဘုရင်တွေလို့ ထင်နေကြဆဲပါ။ သူတို့ ချစ်လှချေရဲ့ဆိုတဲ့ ချစ်သူဟာ အခြားသော အဖိုးတန် အရာတွေထဲက တစ်ခုသာ ဖြစ်နေပါတယ်။ သူတို့ဟာ ချစ်သူတွေကို သူတို့ဘဝထဲကို ပေါင်းစည်းပေမယ့် မိန်းမတစ်ယောက်အတွက်၊ ချစ်သူတစ်ယောက်အတွက် ဘဝကိုတော့ အပျက်မခံကြပါဘူး။ မိန်းမသားကတော့ ဒီလိုမဟုတ်ဘူးလေ။ မိန်းမချစ်လာပြီဆိုရင် အရှင်သခင်အတွက် အရာရာကို စွန့်လွှတ်ပစ်တော့တာပဲ။ ချစ်မိတဲ့ မိန်းမနိယာမတရားတဲ့။ မိန်းမဟာ သခင်မရှိရင် မတည်ရှိနိုင်ဘူးတဲ့။ သခင်မရှိရင် သူဟာ ပြန့်ကျဲနေတဲ့ ပန်းကုံးတစ်ကုံးနဲ့ တူတယ်တဲ့။ 

အမှန်ကတော့ ဒါဟာ သဘာဝတရားနဲ့ ဘာမှမဆိုင်ဘူးလို့ ထင်ပါတယ်။ အချစ်နဲ့ ပတ်သက်လို့ မိန်းမနဲ့ယောက်ျား အမြင်တစ်မျိုးစီ ကွဲပြားခြားနားနေကြတာဟာ မိန်းမနဲ့ယောက်ျား အခြေအနေချင်း မတူကွဲပြားခြားနားကြလို့ပဲ ထင်ပါတယ်။ 

ယောက်ျားဆိုတဲ့ သတ္တဝါဟာ အစဉ်အလာအရ အမှီအခိုကင်းတယ်၊ လွတ်လပ်တယ်။ ဒီအထဲမှာ ယောက်ျားတံခွန်ကို လွှင့်ထူနိုင်ပြီး လူရည်ချွန်က၊ မိုးစွန်တမွတ်၊ ကြယ်ကိုဆွတ်လည်း၊ မလွတ်စတမ်း၊ ရမြဲတမ်းဆိုတဲ့ စာဆိုတွေ ရှိခဲ့တယ်။ ဒါကြောင့် ယောက်ျားဟာ ကမ္ဘာလောကကြီးကို လွှမ်းမိုးဖို့ ကြိုးစားတယ်။ ယောက်ျားဟာ မျှော်မှန်းချက် ကြီးမားတယ်။ အဲဒီ မျှော်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတယ်။ မိန်းမသားကျတော့ အားနည်းသူ ဖြစ်ခဲ့ရလေတော့ ဒီမျှော်မှန်းချက်တွေကို အကောင်အထည်ပေါ်အောင် ကြိုးစားခြင်း မပြုနိုင်ပေဘူးပေါ့။ မိန်းမသားဟာ ငယ်စဉ်ကတည်းက မိဘမောင်ဖားတွေနဲ့ ပိတ်လှောင်နေခဲ့တယ်။ ငယ်စဉ်ကတည်းက ယောက်ျားထက် တစ်ပန်းရှုံးခဲ့တယ်။ ယောက်ျားဆိုတာ မြတ်တဲ့သတ္တဝါဆိုတဲ့ အစဉ်အလာအောက်မှာ ကြီးပြင်းလူလားမြောက်ခဲ့ရတယ်။ ဒါပေမဲ့ သူတို့စိတ်ထဲမှာတော့ သူဟာလည်း ယောက်ျားတွေလိုပဲ မိန်းမတံခွန်ကို ထူချင်တယ်။ သူတို့လိုပဲ စွမ်းစွမ်းတမံ လုပ်ပြချင်တယ်။ ဒီတော့ သူ ဘာလုပ်သလဲ၊ သူအထင်ကြီးတဲ့ သူ့အရှင်သခင်လို့ ယူဆတဲ့ ယောက်ျားသားဆီမှာ သူ့ခန္ဓာကိုယ်၊ သူ့ဝိညာဉ်၊ သူ့ဘဝကို ပုံအပ်လိုက်တာပါပဲ။ သူ့မှာ ဒီနည်းတစ်နည်းပဲ ရှိတော့တာကိုး။ မိန်းမဟာ ဘဝပေးကြောင့် အမြဲတမ်း မှီခိုနေရသူ၊ အားနည်းသူ ဖြစ်ခဲ့ရတော့ မိဘတို့၊ လင်ယောက်ျားတို့၊ အုပ်ထိန်းသူတို့ စတဲ့ ပဒေသရာဇ်မင်းတွေရဲ့ အမိန့်ကို နာခံရတာထက် နတ်တစ်ပါး ချစ်သူတစ်ယောက်ကိုပဲ အလုပ်အကျွေးပြုချင်တယ်။ ဒီအလုပ်အကျွေးပြုဖို့ ရွေးခဲ့တယ်။ 

ဒီလို ကျွန်ခံဖို့ ရွေးချယ်ခွင့်ရှိတာကိုပဲ မိန်းမသားရဲ့ လွတ်လပ်ခွင့်လို့ ထင်နေရှာတယ်။ ဒီနည်းအားဖြင့် မိန်းမသားဟာ အရေးမကြီးတဲ့ သတ္တဝါအဖြစ်က သူ့ကိုယ်သူ ရုန်းထွက်ဖို့ ကြိုးစားပြတယ်။ သူဟာ သူ့ခန္ဓာကိုယ်၊ သူ့ခံစားချက်၊ သူ့အပြုအမူတွေကို လှူဒါန်းပူဇော်ပြီး ယောက်ျားတို့ သူ့ရဲ့ တန်ခိုးရှင်၊ သူ့ရဲ့ အထွတ်အမြတ်အဖြစ် ရာဇပလ္လင်ပေါ်မှာတင် ကိုးကွယ်တော့တာပဲ။ ဒီနည်းအားဖြင့် အချစ်ဟာ မိန်းမတစ်ယောက်အဖို့ ကိုးကွယ်ရာ ဖြစ်လာခဲ့တယ်။ ဘာသာတရားတစ်ခု ဖြစ်လာခဲ့တယ်။ 

မြသန်းတင့်

။	။ ဒီအကြောင်းအရာလေးကို ဆရာမြသန်းတင့် မြန်မာပြန်ဆိုတဲ့ ‘မိန်းမတို့အကြောင်း’ စာအုပ်မှ ကောက်နုတ်ထားတာပဲ ဖြစ်ပါတယ်။ စာချစ်သူတို့လည်း ဖတ်ချင်တယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး အလွယ်တကူ ဖတ်ရှုနိုင်ပါပြီနော်။ ကြိုက်တယ်ဆို Like & Share နဲ့ အားပေးခဲ့ကြပါဦးခင်ဗျ။

Related Posts