သင်သိရဲ့လား ( ၉ )


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …

မနက်ဖြန် အင်္ဂါနေ့၊ မေလ ၁ ရက်နေ့ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ ‘ကမ္ဘာ့အလုပ်သမားနေ့’ ( မေဒေးနေ့ ) ပဲဖြစ်ပါတယ်။ ဒီလို တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ အလုပ်သမားနေ့ကြီး ဘယ်ပုံဘယ်နည်း ပေါ်ပေါက်ခဲ့သလဲဆိုတာ ဝန်ဇင်းစာချစ်သူတွေ သိရှိဖတ်ရှုနိုင်အောင် သခင်လွင်ရေးတဲ့ “မြန်မာနိုင်ငံ အလုပ်သမားလှုပ်ရှားမှုသမိုင်း” ( ၁၉၆၈၊ မေလ ၁ ရက်၊ ပုဂံစာအုပ်တိုက်ထုတ် ) စာအုပ်မှ အောက်ပါအတိုင်း ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ 

“အလုပ်သမားနေ့ ( မေဒေးနေ့ ) ဖြစ်ပေါ်လာပုံသမိုင်း”

မေဒေးသမိုင်းရှေ့ပြေးကား ဤသို့တည်း။ ၁၉ ရာစုနှစ်ဦး အခါလောက်မှအစပြု၍ အမေရိကန်နိုင်ငံတွင် စက်မှုလုပ်ငန်းများ တစ်စတစ်စ ဖွံ့ဖြိုးတိုးတက်လာခဲ့ရာ လုပ်ငန်းပိုင်ရှင်တို့သည် အကြင်နာကင်းမဲ့စွာ အလုပ်သမားများ၏အချိန်ကို နေဝင်ထိသာမက အနည်းဆုံး နေ့စဉ်အလုပ်ချိန် ၁၄ နာရီမှ နာရီ ၂၀ ထိ ငှားရမ်းခိုင်းစေခဲ့ကြလေသည်။ ဤမျှ ရှည်လျားသော အလုပ်ချိန်အတွင်း ပင်ပန်းကြီးစွာ မနားမနေ လုပ်ကိုင်ကြရမှုကြောင့် ငယ်ရွယ်သူများနှင့် အမျိုးသမီးအလုပ်သမားများစွာတို့မှာ အလုပ်ခွင်၌ပင် နေ့စဉ်နှင့်အမျှ မူးမော်လဲပြိုခြင်း၊ ထိခိုက်ဒဏ်ရာ အနာတရရခြင်း၊ မကြာခဏ အသက်သေဆုံးခြင်း စသည့် အခြင်းအရာများ ကြုံတွေ့ခဲ့လေသည်။ ဤအခြေအနေတွင် မခံမခရပ်နိုင်သော အလုပ်သမားအချို့၏ စည်းရုံးလှုံ့ဆော်မှုကြောင့် စက်ရုံအလုပ်ရုံအလိုက် အလုပ်သမားအသင်းများကို ပုံစံအမျိုးမျိုးဖြင့် ဖွဲ့စည်းကြ၍ ယင်းတို့၏ အကျိုးအခွင့်များကို တတ်အားသမျှ ထိန်းသိမ်းကာကွယ်ကြရလေသည်။ ထိုခေတ်အခါက အလုပ်သမားအဖွဲ့အစည်းများသည် တရားဥပဒေအရ လွတ်လပ်စွာ ထူထောင်ခွင့် ရရှိကြသည်မဟုတ်ဘဲ အလုပ်ရှင်များကလည်းကောင်း၊ အစိုးရ စုံထောက်နှင့် ပုလိပ်များကလည်းကောင်း ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးအရေးယူခံရခြင်း၊ အလုပ်မှ မောင်းနှင်ထုတ်ခံရခြင်း စသည့် အန္တာရာယ်များကို ရင်ဆိုင်ကြရမြဲဖြစ်သည်။ အလုပ်သမား အဖွဲ့အစည်းများသည်လည်း ဖွဲ့လိုက်ပျက်လိုက်၊ ပျက်လိုက်ဖွဲ့လိုက်နှင့်ပင် ရှည်လျားသော နှစ်ကာလအတွင်း ရရှိကြသည့် အတွေ့အကြုံများမှ တိုးတက်စွန့်စား ကြိုးပမ်းခြင်းဖြင့် တဖြည်းဖြည်း အင်အားကြီးမား တောင့်တင်းလာခဲ့ကြလေသည်။ အလုပ်သမားများသည် အလုပ်ချိန် လျှော့ပေါ့ရေး၊ လုပ်ခတိုးမြှင့်ပေးရေး၊ လုပ်ငန်းခွင်အခြေအနေ ပြုပြင်ပေးရေး၊ လွတ်လပ်စွာ အလုပ်သမား သမဂ္ဂများ ထူထောင်ခွင့်ရရှိရေး စသော တောင်းဆိုချက်များသည် နိုင်ငံနှင့်အဝှမ်း ကျယ်ဝန်းပျံ့နှံ့လာသည့်အခါ ၁၈၀၆ ခုနှစ်တွင် ဖီလာဒယ်ဖီးယားမြို့ ကြိုးကျစ်စက်ရုံ အလုပ်သမားများသည်လည်းကောင်း၊ ၁၈၂၇ ခုနှစ်တွင် ထိုမြို့ရှိ အဆောက်အဦ အလုပ်သမားတို့သည်လည်းကောင်း၊ ၁၈၃၄ ခုနှစ်တွင် နယူးယောက်မြို့ ပေါင်မုန့်ဖုတ် အလုပ်သမားများသည်လည်းကောင်း အလုပ်ချိန် တစ်နေ့ ၁၀ နာရီ သတ်မှတ်ပေးရေး သပိတ်တိုက်ပွဲများ ဆင်နွှဲခဲ့ကြရာ ရိုက်နှက်ဖမ်းဆီးခြင်း အန္တရာယ်များစွာတို့ကို ရင်ဆိုင်ခဲ့ကြရပေသည်။ ဤသို့ဖြင့် ၁၈၃၇ ခုနှစ်တွင် အလုပ်ချိန် ၁၀ နာရီ တိုက်ပွဲများသည် တစ်မြို့မှတစ်မြို့သို့ ကူးစက်ကျယ်ပြန့်ခဲ့သဖြင့် ပြည်နယ်အစိုးရအချို့သည် မရေမရာ အလုပ်ချိန် ၁၀ နာရီသတ်မှတ်ရေး သာမန်အမိန့်ကြေညာချက်များ ထုတ်ပြန်၍ နှစ်သိမ့်ခဲ့လေသည်။ အကယ်အားဖြင့် မည်သို့မျှ အကောင်အထည်မပေါ်၊ အခွင့်အရေးလည်း မရရှိခဲ့ကြချေ။ 

အမေရိကန်နိုင်ငံ အလုပ်သမားအစည်းအရုံးလှုပ်ရှားမှု အခြေအနေသည် ၁၈၅၀ ခုနှစ်အခါတွင် သိသိသာသာ တိုးတက်အောင်မြင်လာသည့် အကြောင်းတို့တွင် အင်္ဂလန်နိုင်ငံ အလုပ်သမားများနှင့် ရင်းနှီးဆက်သွယ်မှုရှိသည့်အပြင် အပြန်အလှန် အထောက်အကူပြုကြခြင်းကြောင့် ဖြစ်လေသည်။ ထိုနှစ်တွင် “၈ နာရီအလုပ်လုပ်၊ ၈ နာရီပျော်၊ ၈ နာရီနား” ဟူသော ကြွေးကြော်သံဖြင့် အလုပ်ချိန် ၈ နာရီတောင်းဆိုချက်ကို တောင်းဆိုကာ ကြိုတင်ပြင်ဆင်ထားသော တိုက်ပွဲဖြင့် အစပျိုးခဲ့ကြလေသည်။ 

ထို့နောက် အလုပ်သမားသမဂ္ဂများစွာသည် အမေရိကန်နိုင်ငံ ပြည်တွင်းစစ်ပွဲဂယက်ကြီးကြောင့် ၁၈၆၁-၆၂ ခုနှစ်များအတွင်း၌ ပြိုကွဲပျက်စီး ကွယ်ပျောက်သွားခဲ့ကြသော်လည်း နိုင်ငံရေးအတိုင်းအတာအရ ဖွဲ့စည်းထားသော စက်ပုံသွင်းအလုပ်သမားသမဂ္ဂ၊ စက်ပြင်အလုပ်သမားသမဂ္ဂနှင့် ပန်းပဲအလုပ်သမားသမဂ္ဂကြီး ၃ ခုမှာ ဆက်လက်တည်တံ့ ခိုင်မာနေသည်ဖြစ်၍ ၄င်းသမဂ္ဂများ၏ ပူးပေါင်းခေါင်းဆောင်မှုဖြင့် ၁၈၆၆ ခုနှစ်တွင် ဗယ်တီမိုမြို့၌ အလုပ်သမားသမဂ္ဂခွဲပေါင်း ၃၀ ကျော် တက်ရောက်သည့် အစည်းအဝေးကြီးမှ ‘နိုင်ငံလုံးဆိုင်ရာ အမျိုးသမားအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ကြီး’ ( N.L.U – National Labour Union ) တစ်ခုကို အောင်မြင်စွာ ထူထောင်နိုင်ခဲ့ကြလေသည်။ ၄င်းအဖွဲ့ချုပ်၏ ထင်ရှားသောခေါင်းဆောင်မှာ စက်ပုံသွင်း အလုပ်သမားတစ်ဦးဖြစ်သော ဝီလီယံ အိပ် ဆီးလဗစ် ( Sylvis, Willian H ) ဆိုသူဖြစ်သည်။ အဆိုပါ နိုင်ငံလုံးဆိုင်ရာ အမျိုးသား အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ကြီး၏ ခေါင်းဆောင်မှုဖြင့် နိုင်ငံနှင့်အဝှမ်း အလုပ်ချိန် ၈ နာရီတိုက်ပွဲ ကော်မတီများကို ဒေသအနှံ့အပြားတွင် ဖွဲ့စည်းအောင်မြင်နေစဉ် အမေရိကန်လွှတ်တော်နှင့် အချို့သော ပြည်နယ်အစိုးရတို့သည် ၁၈၆၈ ခုနှစ်တွင် ပြည်သူ့အလုပ်ဌာနများတွင် အလုပ်ချိန် ၈ နာရီ သတ်မှတ်ရေး အမည်ခံဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းထုတ်ပြန်လိုက်သော်လည်း အရင်းရှင် ပုဂ္ဂလိကလုပ်ငန်းများတွင် လုံးဝ အာဏာသက်ရောက် ထိခိုက်ခြင်းမရှိခဲ့ပေ။

အလုပ်သမားများ၏ စည်းရုံးလှုပ်ရှားမှုအင်အား တိုးတက်ကြီးမားလာသည်နှင့်အမျှ အရင်းရှင်အစိုးရပီပီ အရင်းရှင်ကြီးများနှင့် ပူးပေါင်းလက်တွဲကာ အလုပ်သမားတို့၏ အချိန်၊ လုပ်ခ၊ လုပ်ခွင်အခြေအနေ တိုးတက်ပြုပြင်ပေးရေးနှင့် လွတ်လပ်စွာစည်းရုံးခွင့်များကို လုံးဝလျစ်လျူရှုရုံသာမက အလုပ်သမားဆန္ဒပြပွဲများနှင့် သပိတ်တိုက်ပွဲများကို လက်နက်ကိုင်စစ်တပ်၊ ပုလိပ်အဖွဲ့များနှင့် အပြင်းအထန် နှိမ်နင်းခြင်း၊ ခေါင်းဆောင်များကို ဖမ်းဆီးညှင်းပန်းခြင်း၊ ထောင်ဒဏ်ငွေဒဏ်ရိုက်၍ ပြည်နှင်ဒဏ်ခတ်ခြင်း၊ သပိတ်မှောက် အလုပ်သမားများအား အလုပ်မှ ထုတ်ပစ်ခြင်း၊ အလုပ်ရုံစက်ရုံများ ပိတ်ထားခြင်းဖြင့် အလုပ်သမားတို့အား အလုပ်လက်မဲ့ဖြစ်စေခြင်း ၊ အလုပ်သမား လူမိုက်ကြေးစားများကို ငှားရမ်း၍ ဖျက်ဆီးခြင်း၊ ပျော့ညံ့သော အလုပ်သမားခေါင်းဆောင်များအား အခွင့်အရေးဗန်းပြ လာဘ်ပေးခြင်း စသော နည်းမျိုးစုံဖြင့် အလုပ်သမားထု ညီညွတ်ရေးကို ဖြိုခွင်းဖျက်ဆီးကြလေသည်။ 

၁၈၇၅ ခုနှစ်တွင် ပင်ဆီဗီးနီးယားပြည်နယ် သတ္တုတွင်းအလုပ်သမား ခေါင်းဆောင်များအား မော်လီမက်ဂွိုင်းယားမှုခင်း ( The Molly Maguires Case ) တွင် သေဒဏ်အပြစ်ပေးခြင်း၊ ၁၈၇၇ ခုနှစ်တွင် ထောင်ပေါင်းများစွာသော မီးရထားလမ်းထုတ်လုပ်ရေး သံမဏိစက်ရုံအလုပ်သမားတို့အား လက်နက်ကိုင်စစ်တပ်များနှင့် နှိမ်နင်းခြင်းများသည် ထင်ရှားသော သက်သေသာဓကများ ဖြစ်လေသည်။ 

အစိုးရနှင့် အရင်းရှင်တို့ဘက်မှ ထိုသို့ အဓမ္မမှုများ ပြုကြလေလေ အလုပ်သမားထုကြီး၏ သွေးစည်းညီညွတ်ရေးအင်အားမှာ တိုးတက်ခိုင်မာစွာ ကျယ်ပြန့်လာလေလေ ဖြစ်သည်။ ၁၈၈၁ ခုနှစ်မှ ၁၈၈၄ ခုနှစ်ထိ ၄ နှစ်ကာလအတွင်း ပျှမ်းမျှခြင်း နှစ်စဉ် သပိတ်တိုက်ပွဲပေါင်း ၅၀၀ ခန့်တွင် အလုပ်သမားပေါင်း ၁၊ ၁၈၈၆ ခုနှစ် သပိတ်တိုက်ပွဲပေါင်း ၁,၅၇၂ ခန့်တွင် အလုပ်သမားပေါင်း ၆၀၀,၀၀၀ ကျော် ပါဝင်ခြင်းသည်လည်းကောင်း အလုပ်သမားတို့၏အင်အားကို ဖိနှိပ်ခြင်းဖြင့် မရနိုင်သည်ကို အထင်အရှား ဖော်ပြလိုက်ခြင်း ဖြစ်လေသည်။ 

အမေရိကန်ပြည် ချီကာဂိုမြို့သည် လက်ဝဲဂိုဏ်းအလုပ်သမားသမဂ္ဂများ၏ ဗဟိုဌာနတစ်ခုဖြစ်ပေရာ ၁၈၈၄ ခုနှစ်တွင် ထိုမြို့၌ကျင်းပသည့် အမေရိကန်အလုပ်သမားအဖွဲ့ချုပ်ကြီး ( A.F.L – American Federation of Labour ) ၏ စတုတ္ထအကြိမ်မြောက် ညီလာခံကြီးမှလာမည့် ၁၈၈၆ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် အလုပ်ချိန် ၈ နာရီတိုက်ပွဲ ဆင်နွှဲကြရန် ဆုံးဖြတ်ကြပြီးနောက် ပြင်ဆင်ချိန် ၂ နှစ်ခန့် အချိန်ယူကာ တိုက်ပွဲကော်မတီများ ဖွဲ့စည်းကြရာတွင် ဆိုရှယ်လစ် လေဘာတီပါတီနှင့် အခြား တိုးတက်သောအလုပ်သမားများ အစုအဖွဲ့များလည်း ပါဝင်ပူးပေါင်းလာကြလေသည်။ ၁၈၈၆ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ချီကာဂိုမြို့ကို ဗဟိုပြု၍ နယူးယောက်၊ ဗယ်တီမို၊ ဝါရှင်တန်၊ ပီဂူရီ၊ စင်စင်တီ၊ စိန့်လူးဝစ်၊ ပစ်ဗတ်နှင့် ဒက်ထရိုက်မြို့ကြီးများတွင် အလုပ်ချိန် ၈ နာရီ သတ်မှတ်ပေးရေး ဆန္ဒပြပွဲများ တညီတညွတ်တည်း ကျင်းပနိုင်ခဲ့ကြသည်။ အဆိုပါ အလုပ်သမား ဆန္ဒပြပွဲများအား နှိမ်နင်းချေမှုန်းပစ်ရန် ကြိုတင်မောင်းတင်ထားသော အစိုးရနှင့် အရင်းရှင်ကြီးများသည် ချီကာဂိုမြို့၌ မေလ ၃ ရက်နေ့တွင် အလုပ်သမားများက အေးချမ်းစွာ စည်းကမ်းတကျ ဆန္ဒပြလှည့်လည်သောအခါ ရက်စက်စွာ လက်နက်များနှင့် ပစ်ခတ်နှိမ်နင်းမှုကြောင့် အလုပ်သမား ၆ ယောက် အသက်သေဆုံး၍ အလုပ်သမား ရာပေါင်းများစွာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြသည်။ အစိုးရနှင့် အရင်းရှင်ကြီးတို့၏ ယင်းအပြုအမူကို ဆတ်ဆတ်ခါ နာကြသော အလုပ်သမား ထောင်ပေါင်းများစွာတို့သည် မေလ ၄ ရက်နေ့၌ ဟေးမတ်ကက်ကွင်းပြင်တွင် စုဝေး၍ အေးချမ်းစွာ လူထုစည်းဝေးကြီး ကျင်းပနေစဉ် ဒုတိယအကြိမ် ထပ်မံ၍ လက်နက်ကိုင်စစ်တပ်နှင့် ပုလိပ်အဖွဲ့များက ပစ်ခတ်နှိမ်နင်းပြန်ရာ အလုပ်သမား ၄ ယောက်နှင့် ပုလိပ် ၇ ယောက် သေဆုံးပြန်လေသည်။ အဆိုပါ ကိစ္စများနှင့် စပ်လျဉ်း၍ အလုပ်သမားခေါင်းဆောင်များဖြစ်ကြသည့် ( ၁ ) ပါဆင်၊ ( ၂ ) စပိုင်၊ ( ၃ ) ဖစ်ချာနှင့် ( ၄ ) အိန်ဂျယ်တို့ ၄ ဦးအား ဆူပူမှုဖန်တီးသည်ဟု လုပ်ကြံစွပ်စွဲချက်ဖြင့် သေဒဏ်အပြစ်ပေး၍ ကျန် တက်ကြွသော လက်ဝဲ အလုပ်သမားဂိုဏ်းခေါင်းဆောင်များအား အစိုးရက ထောင်ဒဏ်၊ ငွေဒဏ်၊ ပြည်နှင်ဒဏ်စသော အပြစ်ဒဏ်များ ပေးအပ်ခဲ့လေသည်။ 

အထက်ပါ အလုပ်သမားတို့၏ သွေးမြေကျ တိုက်ပွဲများကို အကြောင်းပြု၍ ၁၈၈၈ ခုနှစ်၊ စိန့်လူးဝစ်မြို့တွင် ကျင်းပသည့် အမေရိကန်အလုပ်သမားအဖွဲ့ချုပ်ကြီး ညီလာခံတွင် ထပ်မံ၍ အလုပ်ချိန် ၈ နာရီ တိုက်ပွဲကို စနစ်တကျ ပြင်ဆင်မှုများဖြင့် ဆက်လက်တိုက်ပွဲဝင်ရန်နှင့် ၁၈၉၀ ခုနှစ်မှ အစပြု၍ မေလ ၁ ရက်နေ့ကို အလုပ်သမားတိုက်ပွဲနေ့ ( မေဒေး ) အဖြစ် သတ်မှတ်ကျင်းပရန် ဆုံးဖြတ်ပြဋ္ဌာန်းလိုက်ကြလေသည်။ 
…………………
“ဒီပို့စ်လေးကို သဘောကျနှစ်သက်တယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် …. 

Related Posts