သင်သိရဲ့လား ( ၇ )


ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ စိတ်ဝင်စားဖွယ်အချက်တွေကို သင်သိရဲ့လား

ဒီနေ့မှာ ဝန်ဇင်းရဲ့ “သင်သိရဲ့လား” အစီအစဉ်ကနေ တင်ဆက် ဖော်ပြပေးသွားမှာကတော့ ကျွန်တော်တို့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖွယ်အချက်တွေ အကြောင်းပဲ ဖြစ်ပါတယ်ခင်ဗျ။ ကဲ … ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေမှာ ဘယ်လိုစိတ်ဝင်စားစရာ အချက်တွေ ရှိနေလဲဆိုတာ လေ့လာလိုက်ကြရအောင်လားခင်ဗျာ … ။ 

၁။ ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ နေ့ထက် ညမှာ ပိုပြီးအလုပ်လုပ်ပါသတဲ့။ ဒီလိုဖြစ်ရခြင်းအကြောင်းကို သိပ္ပံပညာရှင်တွေအနေနဲ့ အခုထိ ရေရေရာရာ ရှင်းလင်းပြောဆိုနိုင်ခြင်း မရှိသေးပါဘူးတဲ့ဗျာ။

၂။ IQ မြင့်လေ အိပ်မက် ပိုမက်လေတဲ့ဗျ။

၃။ လက်သည်းတွေဟာ ခြေသည်းတွေထက် လေးဆနီးပါး ပိုပြီးအရှည်မြန်ကြပါသတဲ့။

၎။ အစာအိမ်ထဲက အက်ဆစ်ဓာတ်ဟာ ဇင့် ( Zinc ) ကို အရည်ပျော်စေနိုင်တယ်။ ဒီအက်ဆစ်ဓာတ်က အစာအိမ်ကိုတော့ မဖျက်ဆီးပစ်ပါဘူးတဲ့။ ဘာလို့လဲဆိုတော့ အစာအိမ်နံရံတွေဟာ သူ့ဘာသူ အဆက်မပြတ် အသစ်ပြန်လည် ဖြစ်ပေါ်နိုင်စွမ်း ရှိနေလို့ပါတဲ့ခင်ဗျ။

၅။ အမျိုးသမီးတွေရဲ့ နှလုံးခုန်နှုန်းဟာ အမျိုးသားတွေထက် ပိုခုန်သတဲ့ဗျ။

၆။ ပြီးတော့ အမျိုးသားတွေထက် အမျိုးသမီးတွေရဲ့ မျက်တောင်ခတ်နှုန်းဟာ နှစ်ဆပိုပါတယ်တဲ့ဗျာ။

၇။ အမျိုးသားတွေကတော့ အမျိုးသမီးတွေထက် ပိုပြီး ကြို့ထိုးလေ့ ရှိကြပါတယ်။

၈။ ခန္ဓာကိုယ်မှာ အကြီးဆုံးဆဲလ် ( Cell ) ကတော့ အမျိုးသမီးမှာဆိုရင် မျိုးဥ ဖြစ်ပြီး အမျိုးသားမှာဆိုရင်တော့ သုတ်ပိုး ဖြစ်ပါသတဲ့။

၉။ မွေးရာကနေ သေတဲ့အထိ ထွက်ခဲ့တဲ့ တံတွေးတွေရဲ့ ပမာဏဟာ ရေကူးကန် (၂) ကန်စာလောက် ရှိတယ်တဲ့ဗျ။

၁၀။ ဗိုက်ကားနေအောင် အများကြီး စားသောက်လိုက်ပြီးနောက်မှာတော့ ကျွန်ုပ်တို့ရဲ့ အကြားစွမ်းရည်ဟာ ပုံမှန်ထက် အနည်းငယ် လျော့နည်းသွားပါသတဲ့။

၁၁။ လူတိုင်းမှာ မတူညီတဲ့ ကိုယ်ရနံ့၊ လက်ဗွေရာနဲ့ လျှာဗွေရာကိုယ်စီ ရှိကြပါတယ်တဲ့။

၁၂။ ကျွန်တော်တို့ရဲ့အရပ်ဟာ ညနေပိုင်းထက် မနက်ပိုင်းမှာ (၁) စင်တီမီတာ ပိုရှည်ပါသတဲ့။

၁၃။ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ကြွက်သားတွေအနက် လျှာရဲ့ကြွက်သားဟာ အသန်မာဆုံးဖြစ်ပါတယ်။

၁၄။ လက်ဖဝါးနဲ့ ခြေဖဝါးတွေမှာရှိတဲ့ အရိုးအရေအတွက်ဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အရိုးစုစုပေါင်းထက် တစ်ဝက်လောက်ရှိနေပါသတဲ့။ 

၁၅။ ခန္ဓာကိုယ်အရေပြားရဲ့ တစ်လက်မပတ်လည်တိုင်းမှာ ဘတ်တီးရီးယားပိုးမွှားပေါင်း ၃၂ သန်းကျော်ဟာ အိမ်ဖွဲ့နေထိုင်ကြပါသတဲ့။ ဒါပေမယ့် သူတို့အများစုကတော့ အန္တရာယ်မရှိတဲ့အပြင် အချို့ဆို အကူအညီတောင် ဖြစ်သေးတယ်တဲ့ခင်ဗျ။ 

၁၆။ မိနစ်တိုင်းမှာ ဆဲလ်ပေါင်း သန်း (၃၀၀) သေဆုံးနေကြပြီး အရွယ်ရောက်ပြီးလူတစ်ယောက်မှာတော့ ဆဲလ်ပေါင်း (၃၀၀) ဘီလီယံဟာ နေ့စဉ် အသစ်ဖြစ်ပေါ်နေပါသတဲ့။

၁၇။ ကိုယ်အိပ်တဲ့အခန်းက အေးလေလေ၊ အိပ်မက်ဆိုးမက်နိုင်ခြေ ပိုများလေလေပါတဲ့။
 
၁၈။ လူသားဟာ စိတ်ခံစားမှုကြောင့် မျက်ရည်ကျနိုင်တဲ့ တစ်ခုတည်းသော မျိုးစိတ်ပါတဲ့။

၁၉။ ကလေးတိုင်းဟာ မွေးခါစမှာတုန်းက အရောင်တွေကို မမြင်ရပါဘူး။ သူတို့ဟာ အဖြူနဲ့အမည်းကိုပဲ မြင်ခဲ့ကြတာပါတဲ့။

၂၀။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ သွေးမရောက်တဲ့နေရာ ရှိပါတယ်။ အဲ့ဒါကတော့ မျက်ကြည်လွှာပါပဲတဲ့။ မျက်ကြည်လွှာက အောက်စီဂျင်ကို လေထဲကနေ တိုက်ရိုက်ယူပါသတဲ့။ 

၂၁။ ကိုယ့်ကိုယ်ကို လည်ပင်းညှစ်သတ်ဖို့ဆိုတာ ဘယ်သူမှ မဖြစ်နိုင်ပါဘူးတဲ့။

Ref: www.ba-bamail.com

Related Posts