သင်သိရဲ့လား ( ၂၀ )


“သင် တစ်ခါမှမကြားဖူးသေးတဲ့ ကမ္ဘာ့အကြီးမားဆုံး လျှို့ဝှက်ချက်များ”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 
	
ဒီတစ်ပတ်အတွက် ကျွန်တော်တို့ Wun Zinn Digest ရဲ့ ဗဟုသုတရဖွယ်ကဏ္ဍဖြစ်တဲ့ “သင်သိရဲ့လား” ( Did you Know ) အစီအစဉ်မှ တင်ဆက်ပေးသွားမယ့် အကြောင်းအရာကတော့ ဝန်ဇင်းပရိသတ်ကြီးလဲ စိတ်ဝင်စားမှာဖြစ်တဲ့ ကမ္ဘာ့အကြီးမားဆုံး လျှို့ဝှက်ချက်များပဲ ဖြစ်ပါတယ်ခင်ဗျ။ ဘယ်သူမဆို တစ်စုံတစ်ရာကို ဖုံးကွယ်ဖို့၊ လျှို့ဝှက်ဖို့ ကြိုးစားပြီဆိုရင် အဲ့ဒီအရာဟာ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ ဘူးပေါ်သလို ပေါ်တော့တာပါပဲ၊ တစ်ခါတရံမှာ မကြာချက်ချင်းဆိုသလိုပဲ ပေါ်တတ်ပါတယ်။ ဒါပေမဲ့ အကြောင်းအရာတစ်ခုက လူသိနည်းပြီး ပိုပြီးလျှို့ဝှက်လေလေ၊ အဲ့ဒီအရာဟာ အခြားထက် ပိုပြီး တန်ဖိုးကြီးလေလေပါပဲ။ ဥပမာ - ကိုကာကိုလာပေါ့၊ ကမ္ဘာကျော် ကိုကာကိုလာ ( Coca Cola ) အချိုရည်မှာ ဘာတွေပါတယ်ဆိုတာ ထုတ်မပြောဘူး၊ တကယ်လို့ လျှို့ဝှက်ချက်ဖော်လိုက်ရင် ကိုကာကိုလာဟာ ကမ္ဘာ့နံပါတ်တစ် ဘယ်ဖြစ်တော့မလဲ။ ဒါပေမဲ့ အချိန်တစ်ခုကြာတဲ့အခါမှာတော့ လျှို့ဝှက်ချက်တွေဟာ ဒဏ္ဍာရီ သေချာချင့်ချိန် တွေးဆခြင်းမပြုနိုင်တော့ပါဘူး။ အဲ့ဒီအတွက် သိထားသင့်တဲ့ ကမ္ဘာ့အကြီးဆုံးလျှို့ဝှက်ချက်တွေကို စာချစ်သူများ လေ့လာနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။ 

၁။ အမေရိကန်၏ နျူကလီယားလျှို့ဝှက်ချက် - အမေရိကန်ပြည်ထောင်စုမှာ နျူကလီးယားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေဟာ နိုင်ငံတော်ရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်ပြီး သမ္မတတောင်မှ ကြည့်ချင်တိုင်း ယူကြည့်ခွင့်မရှိပါဘူး။ အမေရိကန်နိုင်ငံမှာ နျူကလီးယားစက်ရုံတွေရဲ့ တည်နေရာဘယ်မှာရှိတယ်၊ နျူကလီယားလက်နက် အမျိုးအစားနဲ့ ပိုင်ဆိုင်မှုဘယ်လောက်ရှိတယ်ဆိုတာကို ပြည်သူတွေ မသိရှိကြပါဘူး။ လူနည်းစုသာသိတဲ့ ဒီလျှို့ဝှက်ချက်တွေကို အခြား တစ်စုံတစ်ယောက်က တစ်နည်းနည်းနဲ့ တရားမဝင် သိရှိသွားပြီဆိုတာနဲ့ အဲ့ဒီလူရဲ့ ဘဝဟာဆုံးပြီလို့ သတ်မှတ်ရတော့မှာပဲ ဖြစ်ပါတယ်။ 

၂။ အမေရိကန်နိုင်ငံရဲ့ ရေနံသိုက်တည်နေရာ - အမေရိကန်နဲ့ ပတ်သက်တဲ့ နောက်တစ်ချက်ကတော့ သူတို့နိုင်ငံမှာရှိတဲ့ ကမ်းလွန်ပင်လယ်ပြင်ထဲက ရေနံတူးဖော်ရေးလုပ်ငန်း တည်ရှိရာနေရာတွေဟာ နိုင်ငံရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တစ်ခု ဖြစ်ပြန်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကောလာဟလတွေ ထွက်ပေါ်ခဲ့ဖူးတယ်၊ အဲ့ဒါကတော့ ခင်ဗျားရဲ့ မြေနေရာတစ်ဝိုက်မှာ ရေနံထွက်တယ်ဆိုပြီး အစိုးရကို အကြောင်းကြားလိုက်ပါ၊ သက်ဆိုင်ရာက ချက်ချင်းပဲ အဲ့ဒီနေရာကို ဝယ်ယူလိုက်ပြီး၊ ခင်ဗျားကတော့ ရေနံထွက်တဲ့နေရာကို ဘယ်သူ့ကိုမှ မပြောပြဖို့ ကျိန်တွယ်ရပါလိမ့်မယ်တဲ့။ 

၃။ ဆေးစစ်မှတ်တမ်း - အမေရိကန်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်က ကျန်သေးတယ်ဗျ။ အဲ့ဒါကတော့ ဆေးစစ်ချက်မှတ်တမ်းပါပဲ။ အမေရိကန်ပြည်ထောင်စုရဲ့ ဥပဒေတွေအရ ဘယ်လူနာမဆို၊ သူတို့ရဲ့ ဆေးစစ်ချက်မှတ်တမ်းတွေကို လျှို့ဝှက်ချက်အဖြစ် သိမ်းဆည်းထားရပါတယ်။ ပြောကြတာကတော့ ဆရာဝန်တစ်ယောက်ဟာ ကိုယ့်ရဲ့အသက်အန္တရာယ်ကို ထိပါးလာမယ်ဆိုရင်တောင် ကိုယ့်လူနာရဲ့ ဆေးစစ်ချက်မှတ်တမ်းကို ပေါက်မကြားစေရဘူးတဲ့။ ဒီဥပဒေဟာ လူနာရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းကို တိုက်ခိုက်ခြင်းမပြုနိုင်အောင် အစိုးရက ရေးဆွဲထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။ 

၎။ လက်သုတ်ပဝါခေါက်နည်း - ကမ္ဘာ့အကြီးဆုံးလျှို့ဝှက်ချက်စာရင်းထဲက ဒီကိစ္စလေးကတော့ တော်တော် ထူးထူးဆန်းဆန်းပါပဲ။ Haspburg Napkin လို့ခေါ်တဲ့ ဒီလက်သုတ်ပဝါခေါက်နည်းဟာ သြစတြေးလျနိုင်ငံမှာတော့ အစိုးရရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ပဲ ဖြစ်ပါတယ်။ တော်ဝင်ညစာစားပွဲတွေမှာသာ သီးသန့်အသုံးပြုတဲ့ လက်သုတ်ပဝါခေါက်နည်းကို လူနည်းစုသာ သိရှိခွင့်ရပြီး၊ ခေါက်နည်းကိုတော့ ပြင်ပကို ပေါက်ကြားခြင်းမရှိအောင် ထိန်းသိမ်းကြပါတယ်။ ခေါက်ပြီးသားပုံစံကို ကြည့်ပြီး ကိုယ်ကလိုက်လုပ်တဲ့အခါ နည်းစနစ်အမှန်မဟုတ်ဘူးဆိုရင် ဘယ်လိုပဲခေါက်ခေါက် မှန်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ 

၅။ KFC ကြက်သားကြော်နည်း - KFC ကြက်ကြော် စာဖူးကြတယ်မလားခင်ဗျ၊ ဘယ်လိုကြော်ထားလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ KFC ကြက်ကြော် ကြော်တဲ့ နည်းစနစ်အမှန်ကို သင်ဘယ်တော့မှ သိရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ KFC ကုမ္ပဏီ စတည်ထောင်ကတည်းက သူတို့ရဲ့ ကိုယ်ပိုင် ကြက်ကြော်တဲ့နည်းစနစ်ဟာ လျှို့ဝှက်ချက်တစ်ခုအဖြစ် ရှိနေတာပါ။ 

၆။ Aera 51 – နီဗားဒါးသဲကန္တာရထဲမှာရှိတဲ့ Area 51 ဆိုတဲ့ နေရာဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ နေရာတွေအနက် သိပ်ကို စည်းကမ်းတင်းကျပ်ထားတဲ့ အမေရိကန်ရဲ့ ထိပ်တန်းလျှို့ဝှက်နေရာတစ်ခုပဲ ဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ ဘာရှိတယ်၊ ဘာလုပ်တယ်ဆိုတာကို ဘယ်နိုင်ငံမှ မသိရှိအောင် အမေရိကန်အစိုးရက နှစ်ပေါင်း ( ၆၀ ) ကျော်ကြာ လျှို့ဝှက်ထားခဲ့ပါတယ်။ ဒါဟာ ၂၀၁၃ ခုနှစ်၊ သြဂုတ်လမတိုင်ခင်ပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေရာကို CIA က ဖော်ထုတ်လိုက်လို့ပါပဲ။ တကယ်တော့ Area 51 ဆိုတဲ့နေရာဟာ အမေရိကန်လေတပ်စခန်းတစ်ခုပဲဖြစ်ပြီး ၁၉၉၅ ခုနှစ်ကတည်းက တည်ဆောက်ဖန်တီးခဲ့တာပါ။ ‘Aquatone’ လို့ အမည်သတ်မှတ်ထားတဲ့ လျှို့ဝှက်စီမံကိန်းကြီးကို  ရေးဆွဲခဲ့တာဖြစ်ပြီး ရုရှားရဲ့ နျူကလီးယားစွမ်းအင်နဲ့ ပတ်သက်ပြီး လျှို့ဝှက်စုံစမ်းထောက်လှမ်းဖို့ပဲ ဖြစ်ပါတယ်။

၇။ အဒေါ့ဖ်ဟစ်တလာ - ဂျာမဏီမှာ နာဇီပါတီရဲ့ အာဏာရှင်ကြီး အဒေါ့ဖ်ဟစ်တလာ၊ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့မှာ ဟစ်တလာက မြေအောက်ဗုံးခိုကျင်းထဲမှာ သူ့ကိုယ်သူ သတ်သေသွားတယ်လို့ သမိုင်းကဆိုတယ်၊ အဲ့ဒါအမှန်ရော ဟုတ်ရဲ့လား ? ဆိုဗီယက်တွေက ကမ္ဘာကို ညာထားတဲ့ ထွင်လုံးတစ်ခုလား ? လျှို့ဝှက်ချက်အဆင့်ကနေ လျှော့ချလိုက်တဲ့ FBI ဖိုင်တွဲတွေရဲ့ ဖော်ပြချက်တွေအရတော့ ဟစ်တလာဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန်ထိ အသက်ရှင်နေခဲ့တာဖြစ်ပြီး အင်ဒီးတောင်တန်းတွေတဝိုက်မှာ ဇာတ်မြှုပ်နေထိုင်ခဲ့တယ်လို့ ယူဆရတယ်လို့ ဆိုပါတယ်။ ဟစ်တလာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်ဆိုတာ လုံးဝမဟုတ်ဘူးလို့ FBI က အခိုင်အမာ ပြောဆိုထားပါတယ်။ 

၈။ HIV / AIDS - ၁၉၈၀ ပြည့်နှစ်ဝန်းကျင်ကာလတွေမှာ HIV ပိုးရဲ့ မူလအရင်းအမြစ်နဲ့ ပတ်သက်ပြီး ငြင်းခုံဆွေးနွေးပွဲတွေ အမြောက်အမြား ပေါ်ပေါက်ခဲ့ဖူးပါတယ်။ သီအိုရီအများအပြားဟာလည်း ပေါ်ထွက်ခဲ့ပါတယ်။ ပညာရှင်အများစု ပြောကြတာကတော့ HIV / AIDS ရဲ့ မူလအရင်းအမြစ်က အာဖရိကတိုက်မှဖြစ်တယ်တဲ့။ ဒါတကယ် အမှန်ဟုတ်ရဲ့လား ? အချို့ကတော့ HIV ဗိုင်းရပ်စ်ဟာ သိပ္ပံပညာရှင်တွေရဲ့ ဓာတ်ခွဲခန်းထဲက ထွက်ပေါ်လာတယ်လို့ ယုံကြည်ကြတယ်၊ HIV ပိုးကို လူကပဲ ဖန်တီးလိုက်တယ်ဆိုပါတော့။ ဒါတင်မကသေးပါဘူး။ လျှို့ဝှက်ပူးပေါင်းထားတဲ့ ပညာရှင်အချို့ကလည်း HIV / AIDS အတွက် ကုထုံးကို တွေ့ရှိပြီးဖြစ်တယ်လို့ဆိုတယ်။ ဒါပေမဲ့ ကမ္ဘာကို မချပြသေးဘူးဆိုတော့ … ဘာကြောင့်လဲပေါ့၊ သူတို့ ဘာကို စိုးရွံ့နေတာလဲ ? HIV ပိုးကို လက်နက်တစ်ခုအဖြစ် အသုံးချမလို့လား ? ဒီလျှို့ဝှက်ကုထုံး ကမ္ဘာကိုချပြဖို့ကတော့ အချိန်ကိုပဲ စောင့်ကြည့်ရမလိုဖြစ်နေပါတယ်။ 

 
Ref; wonderslist.com
………….
ဝန်ဇင်းသတင်းစကား ။       ။ စိတ်ဝင်စားဖွယ်ကောင်းပြီး သိသင့်သိထိုက်တဲ့ ဗဟုသုတများကို Wun Zinn Digest ရဲ့ ‘သင်သိရဲ့လား’ ( Did you Know ) ကဏ္ဍမှ အပတ်စဉ် တနင်္လာနေ့ ညနေ ( ၃ ) နာရီအချိန်တိုင်း ပုံမှန် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ 
…………
“ဝန်ဇင်းစာချစ်သူတို့လည်း ဒီပို့စ်လေးကို ဖတ်ရှုပြီး စိတ်ဝင်စားလို့ သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ သိလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေ”  

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts