သင်သိရဲ့လား ( ၂၂ )


"ကိုယ့်ကိုယ်ကို သတ်သေချင်စိတ် ဖြစ်ခဲ့ဖူးရင် ဒါကို ဖတ်ပါ ... "

နှစ်တစ်နှစ်တိုင်းမှာ ကမ္ဘာပေါ်မှာရှိတဲ့ လူပေါင်း ရှစ်သိန်းခန့်က မိမိကိုယ် မိမိ အဆုံးစီရင်ခြင်း ( Suicide ) ဖြင့် သေဆုံးကြရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO ) ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ ဒီနှုန်းဟာ suicide ကြောင့် စက္ကန့် ( ၄၀ ) တိုင်း လူတစ်ဦး သေဆုံးနေတယ်လို့ အကြမ်းဖျင်း ဆိုရမှာပါ။ မိမိကိုယ်ကို အဆုံးစီရင်ခြင်းဟာ ကမ္ဘာပေါ်မှာ လူသေဆုံးမှု ဒုတိယအများဆုံး ဖြစ်စဉ်တစ်ရပ် ဖြစ်တဲ့အပြင် သေဆုံးသူ အများစုကလည်း အသက် ၁၅ နှစ်ကနေ ၂၄ နှစ်အတွင်း လူငယ်တွေမှာ ဖြစ်ပွားတာကို တွေ့ရှိရပါတယ်။ တကယ်ကို စိတ်မကောင်းစရာပါပဲ ….. ။ 

ဒီနှစ်၊ ၂၀၁၈ ခုနှစ်အတွက် suicide ပြုလုပ်မှုနှုန်းကို စာရင်းပြုစုထားတဲ့  နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လူ တစ်သိန်းမှာ ၄ ဒသမ ၃ ယောက်နှုန်းဟာ မိမိကိုယ်ကို အဆုံးစီရင်ကြတယ်လို့ ဆိုပါတယ်။ Ranking ၁၇၇ ရှိတဲ့အနက် အဆင့် ၁၄၉ မှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ 

အချက်အလက်တွေ အရ - 

၁။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် suicide ပြုလုပ်မှုနှုန်း ( ၄ ) ဆ ပိုပြီး များပြားပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေကတော့ အမျိုးသားတွေထက် အဆုံးစီရင်ခြင်းနဲ့ ပတ်သက်ပြီး ပိုမို တွေးတောမိလေ့ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့ဟာ အမျိုးသားတွေထက် suicide လုပ်ဖို့ ရည်ရွယ်မှုနှုန်းက ( ၃ ) ဆလောက် ပိုပါတယ်။ ပြီးတော့ စိတ်ဓာတ်ကျမှု၊ စိတ်ကျရောဂါ ဖြစ်မှုဟာ အမျိုးသားတွေထက် နှစ်ဆ များပြားပါတယ်။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာတော့ အမျိုးသား သေဆုံးမှုက ပိုမို မြင့်မားနေတာ သတိထားစရာပါ။ 

၂။ အသက် ၄၅ နှစ်အထက် အမျိုးသားဦးရေ တစ်သိန်းမှာ အယောက် သုံးဆယ်နှုန်းဖြင့် suicide လုပ်ကြပြီး ဒါဟာ suicide ပြုလုပ်မှုနှုန်းကို တရိပ်ရိပ် မြင့်တက်လာစေပါတယ်။ 

၃။ အမျိုးသမီးတွေမှာတော့ တစ်သိန်းမှာ ကိုးဦးနှုန်းဖြစ်ပြီး အမြင့်ဆုံး ဖြစ်လေ့ရှိတာကတော့ အသက် ၄၅ နှစ်မှ ၅၄ နှစ်ကြားပဲ ဖြစ်ပါတယ်။ 

၎။ နှစ်စဉ်နှစ်တိုင်း အမေရိကန်မှာရှိတဲ့ လူပေါင်း သုံးသောင်းခန့်ဟာ suicide လုပ်ပြီး သေဆုံးကြပါတယ်။ 

၅။ လူတစ်ယောက် suicide လုပ်ရင် အနည်းဆုံး အခြားသူ ( ၆ ) ဦးရဲ့ စိတ်ထဲကို ဗိုင်းရပ်စ်လို ကူးစက်သွားတတ်ပါတယ်။ 

၆။ Suicide လုပ်မှုကြောင့် လူသေဆုံးမှုဟာ HIV / AIDS ကြောင့် သေဆုံးမှုထက် နှစ်ဆ ပိုမို များပြားပါတယ်။ 

၇။ ပျှမ်းမျှအားဖြင့်တော့ ၁၆ ဒသမ ၂ မိနစ်တိုင်းမှာ လူတစ်ဦးနှုန်းက suicide လုပ်ပြီး သေဆုံးနေကြပါတယ်။ 

ဒါဆို …. ဘာကြောင့် မိမိကိုယ်ကို အဆုံးစီရင်မှုနှုန်းဟာ ကမ္ဘာအနှံ့ အများအပြား ဖြစ်ပွားပေါ်ပေါက်နေရတာလဲ။ အခုလို ရုပ်ဝတ္ထုပစ္စည်း တိုးတက်မြင့်မားလာတဲ့ ရာစုနှစ်တွေမှာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားနဲ့ ဆင်ခြင်တုံတရားတွေဟာ ရုပ်ဝတ္ထု တိုးတက်မြင့်မားသလောက် မြင့်မားလာခြင်း မရှိဘူးလို့ လူမှုစိတ်ပညာရှင်တွေက ဆိုကြပါတယ်။ မိမိရဲ့ အသက်ရှင် ဖြစ်တည်မှုကို စားဝတ်နေရေးအတွက် အဓိက ရုန်းကန်နေရတဲ့ လူသားတွေ၊ လုပ်ငန်းခွင် စိတ်ဖိစီးမှုနဲ့အတူ လူမှုကွန်ရက်များ ပေါ်ပေါက်လာခြင်းကြောင့် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်ပြီး တစ်ကိုယ်တည်း အထီးကျန်ကာ စိတ်ဓာတ်ကျမှု စတဲ့ အရာတွေဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး လူ့အဖြစ်ကို စွန့်လွှတ်ဖို့ အားပေးအားမြှောက် ပြုလာတဲ့ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။ 

The Undefeated Mind ဆိုတဲ့ စာအုပ်ကို ရေးသားပြုစုခဲ့တဲ့၊ အရှေ့တိုင်း ဒဿနိက အတွေးအခေါ်များနှင့်အတူ ဗုဒ္ဓအယူဝါဒကို နက်နက်နဲနဲ လေ့လာခဲ့သူ ဆရာဝန်တစ်ဦးဖြစ်သူ Alex Lickerman က မိမိကိုယ်ကို အဆုံးစီရင်စေတဲ့ အခြေခံ အကြောင်းအရင်း ( ၅ ) ချက်ကို ခုလို သုံးသပ်ထားပါတယ်။ 

၁။ စိတ်ဖိစီးမှု အပြင်းအထန် ခံစားရခြင်း။

၂။ စိတ်ဝေဒနာ ခံစားရမှု။

၃။ စိတ်လိုက်မာန်ပါ လုပ်တတ်မှု။

၎။ ကူညီရာမဲ့သည့် အခြေအနေတွင် ရောက်ရှိနေခြင်း။

၅။ ‘နေမလား၊ သေမလား’ စတဲ့ လူ့ဖြစ်တည်မှုကို မိမိကိုယ်တိုင် စီရင်ဖန်တီးနိုင်ခွင့် ရှိတယ်ဆိုတဲ့ အတွေးအခေါ်က မိမိကို အပြည့်အဝ လွှမ်းမိုးသွားခြင်း။

အများဆုံး တွေ့ရှိရတာကတော့ စိတ်ဖိစီးမှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကောင်းဆုံးနည်းလမ်းက 

-	လူမှုကွန်ရက်ပေါ်မှာပဲ အချိန်တွေကို ကုန်ဆုံးပြီး ကိုယ့်ရဲ့ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်းကြားက နွေးထွေးမှုတွေ ပျောက်ဆုံး ခြောက်ကပ်သွားတဲ့ အဖြစ်မျိုးကို မရောက်ရှိစေပါနဲ့။ 


-	မိမိရဲ့ နေ့စဉ် လှုပ်ရှားနေထိုင်မှု ဘဝထဲမှာ ပျော်ရွှင်ရယ်မောစရာများကို ရှာဖွေသင့်ပါတယ်၊ မတွေ့ရင် မိမိဘာသာ ဖန်တီးပြီး ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကိုပါ ပျော်ရွှင်မှုတွေ ကူးစက်သွားအောင် လုပ်သင့်ပါတယ်။ 


-	စိတ်ချမ်းသာမှုကို အလေးထားပါ၊ ဦးစားပေးပါ။ ဒီနေရာမှာတော့ မိမိရဲ့ အတ္တကို ရှေ့တန်းတင်သင့်ရင် တင်ရပါလိမ့်မယ်။ ဒါပေမဲ့ အတ္တကို ရှေ့တန်းတင်တဲ့အခါမှာတော့ ကိုယ့်ကြောင့် သူတစ်ပါးကို မထိခိုက်စေသင့်ပါဘူး။ 


-	စာဖတ်ပါ။ စာဖတ်ခြင်းဟာ ကိုယ့်ဘဝအတွက် အသိအမြင် အတွေးအခေါ်နဲ့ စိတ်အာဟာရကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပြီး အရာရာကို ရင်ဆိုင်နိုင်တဲ့ စိတ်ခွန်အားမျိုးကို စာဖတ်ခြင်းကနေ ရယူနိုင်ပါတယ်။ 


-	ဘာသာတရားရှိရင် အလေးထားပါ၊ ဘာသာရေးလုပ်ပါ၊ တရားထိုင်ပါ။ 

ဒါတွေဟာ suicide လုပ်ခြင်းကို မဖြစ်ပွားအောင် ထိန်းချုပ် ကွပ်ကဲနိုင်တဲ့ နည်းလမ်းတွေပါပဲ။ မိမိရဲ့ စိတ်ကို မိမိ မပိုင်ပါဘူး။ တစ်ချိန်ချိန်မှာ အထက်မှာ ပြောခဲ့သလိုပဲ မိမိကိုယ်ကို အဆုံးစီရင်စေတဲ့ အခြေခံ အကြောင်းအရင်း ( ၅ ) ချက်ထဲက တစ်ချက်ချက်နဲ့သာ ကြုံတွေ့ခဲ့မယ်ဆိုရင် အဲ့ဒီအချိန်မှာ ရှိနေမယ့် စိတ်အခြေအနေကို အသိတရား သတိရားနဲ့ ဆင်ခြင်ပြီး ထိန်းချုပ်နိုင်ဖို့ဆို ကိုယ့်ဘက်က အဆင်သင့် ဖြစ်နေဖို့ လိုပါတယ်။ 


Ref; psychologytoday.com / dosomething.org / save.org


Related Posts